မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရွယ်တူတွေရဲ့သြဇာကို ဘယ်လိုရင်ဆိုင်ဖြေ ရှင်းရမလဲ

ရွယ်တူတွေရဲ့သြဇာကို ဘယ်လိုရင်ဆိုင်ဖြေ ရှင်းရမလဲ

အခန်း ၉

ရွယ်တူတွေရဲ့​သြဇာ​ကို ဘယ်လို​ရင်ဆိုင်​ဖြေရှင်း​ရမလဲ

ကယ်​ရင်​သည် ၁၄ နှစ်အရွယ်​ကတည်းက မူးယစ်​ဆေးဝါး​လွန်လွန်​မင်း​မင်း​သုံးစွဲ​ပြီး အမြဲ​လိင်ဆက်ဆံ​နေပြီ​ဖြစ်သည်။ ဂျင်း​သည် ၁၇ နှစ်အရွယ်မှာ​ပင် ချိုး​ကပ်​အရက်သမား​ဖြစ်​ပြီး သီလ​ပျက်​ဘဝတွင်​ကျင်လည်​နေပြီ​ဖြစ်သည်။ သူတို့​နှစ်ဦးစလုံး​က မိမိတို့​ကျင်လည်​သော​ဘဝမျိုး၊ မိမိတို့​လုပ်​လျက်​ရှိသော​အလုပ်​မျိုးကို မနှစ်သက်​ကြောင်း​ဝန်ခံ​ကြသည်။ သို့ဖြစ်​လျှင်​အဘယ်ကြောင့်​ထိုသို့ပြုလျက်​နေကြ​သနည်း။ ရွယ်တူ​တို့၏​သြဇာကြောင့်​ပင်!

“ကျွန်တော့်​အနားမှာ​ရှိတဲ့​လူတိုင်း ဒါတွေကို​လုပ်​နေ​တော့​ကျွန်တော့်​အပေါ် တော်​တော်​ကြီး​သြဇာ​သက်ရောက်​ခဲ့တယ်” ဟူ၍​ကယ်​ရင်​က​ရှင်းပြ​၏။ ဂျင်း​က​လည်း​ထောက်ခံ​၏၊ “ကိုယ်​က​သူတို့နဲ့​မတူ၊ တ​မူ​ထူးခြား​ပြီး​နေရင် သူတို့နဲ့​မိတ်ပျက်​သွားမှာ​စိုးလို့​ပါ။”

လူငယ်များ​အဘယ်ကြောင့် သက်တူရွယ်တူ​နောက်ကို​လိုက်ရ​ကြောင်း

အချို့လူငယ်များ​ကြီးပြင်း​လာ​သည်​နှင့်​အမျှ၊ မိဘ​သြဇာ​လျော့နည်း​လာပြီး နာမည်​ကျော်​လူကြိုက်များ​ဖြစ်​လို​သော​ဆန္ဒ၊ ရွယ်တူ​များ​၏ ကြိုဆို​လက်ခံမှုကို ရ​လို​သော​ဆန္ဒ​ပြင်းပြ​လာ​သည်။ အချို့လူငယ်များ​မူ၊ မိမိတို့ကို​ချစ်ခင်​လိုလား​ပြီး မိမိတို့​အပေါ် “နားလည်မှု​ရှိ​တတ်” သော​လူတစ်ယောက်​ယောက်​ကို​ရင်ဖွင့်​လို​၍​ဖြစ်သည်။ အိမ်​တွင်​ထိုသို့​သော​ပြောဆို​ဆက်သွယ်မှု မရှိသော​အခါ—များသောအားဖြင့်​လည်း​မရှိ​တတ်ကြ—လူငယ်တို့​သည်​ရွယ်တူ​အသိုင်းအဝိုင်း​များ​တွင်​ရှာဖွေ​တော့​သည်။ ကိုယ့်​ကိုယ်ကို​စိတ်ချမှု​မရှိခြင်း၊ လုံခြုံ​စိတ်​ကင်းမဲ့​ခြင်း​ကြောင့်​လည်း အချို့လူငယ်များ ရွယ်တူ​တို့၏​ဩဇာ​အောက် ပြားပြားဝပ်​ကြ​ရခြင်း​ဖြစ်သည်။

ရွယ်တူ​သြဇာ​မှန်သမျှ​မကောင်း​ဟု ကား​မဆို​နိုင်။ နယပုံပြင်​တစ်ချက်​က​ဆို​သည်– “သံ​ကို​သံ​ဖြင့်​ထက်​စေ​သကဲ့သို့၊ လူသည်​အဆွေ​ခင်ပွန်း​၏​မျက်နှာကို ထက်​စေ​တတ်၏။” (သု. ၂၇:၁၇) တုံး​သော​ဓား​တစ်လက်​ကို အခြား​ဓား​ဖြင့်​ထက်​စေနိုင်​သကဲ့သို့ မိမိ၏​အဖော်အဖက်​လူငယ်များသည် ရင့်ကျက်​၍​မွန်မြတ်​သည့်​သဘောထား​ရှိလျှင် သူတို့နှင့်​ပေါင်းသင်း​ခြင်း​ဖြင့် မိမိ၏​ပင်​ကိုယ်​စရိုက်​ကို ‘ထက်’ စေနိုင်​သည်။ မိမိ​အား သာ၍​ကောင်းသော​သူ​တစ်ယောက် ဖြစ်စေ​နိုင်​သည်။

သို့သော်​ဝမ်းနည်းစရာ​ကား၊ လူငယ်တို့​သည် စိတ်​နှင့်​ဝိညာဉ်​ရေး​ဘက်​ရင့်ကျက်​လေ့​မရှိ။ လူငယ်​တော်​တော်​များများ​၌ မ​လျော်​ကန်၊ မယုံ​စား​ထိုက်၊ အဆင်​အ​ခြင်​ကင်းမဲ့​သော​အမြင်​နှင့်​အတွေးအခေါ်​များ​ရှိကြသည်။ ထို့​ကြောင့်​လူငယ်​တစ်ဦး မဆင်မခြင်​ဘဲ​ရွယ်တူ​များ​ဩဇာ​အောက်​သို့​ရောက်​မိ​လျှင် မျက်​ကန်း​ချင်း​လမ်းပြ​သည်​နှင့် သိပ်​မ​ခြား​လှ​တော့​ချေ။ (မဿဲ ၁၅:၁၄ နှိုင်းယှဉ်။) ရလဒ်​ကား​ကြောက်​ဖွယ်​လိ​လိ​ပင်။

ရွယ်တူ​များ​သင့်​အားမိုက်မိုက်​ကန်း​ကန်း​မ​လုပ်​ခိုင်း​သည်​တိုင်သူတို့၏​သြဇာ​သည်​ဖိစီး​နိုင်​သည်။“တခြား​လူငယ်တွေကိုယ့်ကို​လက်​သင့်​မခံ​မှာ​ကိုအင်မတန်​စိုးရိမ်​မိတယ်။ကျွန်မ​အသက်၁၈နှစ်​ရှိတဲ့​အချိန်​မှာသူငယ်ချင်းတွေကိုယ့်ကို​မကြိုက်​မှာ​ကိုကြောက်လန့်​ခဲ့တယ်။ဘယ်သူမှကိုယ်​နဲ့တ​ပျော်​တ​ပါး​မကစား​မှာ​စိုး​တယ်။အထီးကျန်​ဖြစ်​မှာ​ကို​လန့်​ခဲ့တယ်”ဟု​ဒက်​ဘီ​ဆို​သည်။သို့ဖြစ်၍​ဒယ်​ဘီ​သည်ရွယ်တူ​များ​မိမိ​အား​လက်ခံ​ကြ​စေရန်အားထုတ်​ခဲ့​ရှာ​သည်။

ငါဟာ​သြဇာ​အ​လွှမ်း​ခံ​နေရ​သလား

သင်လည်း​အပေါင်းအသင်း​ဆံ့​ဖို့​အရေး၊ တစ်မျိုး​တစ်​ဖုံ​သော​နည်းဖြင့်​ဝတ်စား၊ ပြောဆို၊ ပြုမူ​လာပြီ​လော။ ဆ​ယ့်​ခု​နစ်​နှစ်အရွယ်​စူ​စီ​က “ကိုယ်​မ​လုပ်ချင်တာကို​လုပ်ဖို့ တခြား​ကလေး​က​ကိုယ့်ကို အတင်းအကျပ်​မ​ခိုင်း​နိုင်​ပါ​ဘူး” ဟု​ဆိုပါ​သည်။ မှန်သည်။ သို့သော် ရွယ်တူ​တို့၏​သြဇာ​သည် သိမြင်ဖို့​အလွန်​ခက်လှ​သဖြင့်၊ ကိုယ့်​အပေါ်​မည်မျှ​သြဇာလွှမ်း​နေမှန်း​ပင် မသိနိုင်​ဘဲ​ရှိ​တတ်​သည်။ တမန်တော်​ပေတရု​ကို သာဓက​အဖြစ်​ကြည့်​ကြပါစို့။ ပေတရု​သည် ခိုင်မာ​သော​ယုံကြည်ချက်​နှင့်​သတ္တိ​ရှိပြီး ခရစ်ယာန်​ဘာသာ​၏ တိုင်​မကြီး​တစ်တိုင်​လည်း​ဖြစ်​ပေ​သည်။ ဘုရားသခင်​က၊ ခပ်သိမ်း​သော​နိုင်ငံ၊ ခပ်သိမ်း​သော​လူမျိုးများ မိမိ၏​မျက်နှာသာတော်​ကို ခံစား​နိုင်​ကြောင်း ပေတရု​အား​ဖော်ပြ​ခဲ့​သည်။ သို့​နှင့် ပေတရု​သည် ပထမဦးဆုံး​သော ယုံကြည်သူ​တစ်ပါး​အမျိုးသား​အား ခရစ်ယာန်​တစ်ဦး​ဖြစ်လာ​ရန် ကူညီ​ခဲ့​ပေ​သည်။—တမန်တော် ၁၀:၂၈

သို့​နှင့်​အချိန်​များ​ကုန်လွန်​ခဲ့​ရာ ပေတရု​သည်​အန္တိအုတ်မြို့​သို့​ရောက်​ခဲ့​၏။ ထို​မြို့တွင်​ခရစ်ယာန်​ဖြစ်လာ​သော န-ဂျူး​များစွာ​ရှိသည်။ ပေတရု​သည် ထို​တစ်ပါး​အမျိုးသား​ခရစ်ယာန်​များနှင့် လွတ်လပ်​စွာ​ပေါင်းသင်း​၏။ တစ်နေ့​သော် န-ဂျူး​များ​ကို​အထင်သေး​ဆဲ​ဖြစ်သည့် ဂျူး​ခရစ်ယာန်​များ ယေရုရှလင်​မြို့မှ​အန္တိအုတ်​သို့ ရောက်ရှိ​လာ​ကြသည်။ ထို​အခါ၊ ပေတရု​သည် မိမိ၏​လူမျိုး​ချင်း​ရှေ့တွင်​မည်သို့​ပြုမူ​သနည်း။

ပေတရု​သည် တစ်ပါး​အမျိုးသား​ခရစ်ယာန်​များနှင့် မစား​သောက်​တော့​ဘဲ သူတို့ကို​ရှောင်ဖယ်​ကာ သီးခြားနေ​လေ​သည်။ အဘယ်ကြောင့်​နည်း။ မျိုး​ချင်း​တို့​စိတ်ဆိုး​သွား​ကြ​မည်​ကို ကြောက်​၍​ဖြစ်သည်။ ‘သူတို့​ဒီမှာ​ရှိ​ခိုက်၊ ငါ​နဲ​နဲ​အလျှော့ပေး​လိုက်မယ်၊ သူတို့​သွားပြီး​နောက်၊ ငါ​တစ်ပါး​အမျိုးသားတွေ​နဲ့​ပြန်​ပြီး စားသောက်​မယ်​လေ။ ဒီ​ကိစ္စ​သေး​သေး​ဖွဲဖွဲ​ကလေး​အတွက်​နဲ့ ငါ​သူတို့နဲ့ ဘာကြောင့်​ခင်မင်​ရင်းနှီးမှု အပျက်​ခံရ​မှာ​လဲ’ ဟူ၍​သူ​တွေး​ကောင်း​တွေး​မည်။ သို့​နှင့်​ပေတရု​သည် အရေခြုံ​ဟန်ဆောင်​သည်—မိမိ​အမှန်တကယ်​ယုံကြည်ခြင်း​မရှိသော​အရာ​ကို လုပ်ကိုင်​ခြင်း​ဖြင့်​မိမိ၏​မူများ​ကို ငြင်းပယ်​ခဲ့​သည်။ (ဂလာတိ ၂:၁၁-၁၄) သို့ဖြစ်၍​မည်သူမျှ၊ ရွယ်တူ​တို့၏​သြဇာ​ပြီး​သူ​မဟုတ်​ချေ။

ငါ​ဘယ်လို​တုံ့ပြန်​ပါ့​မလဲ

‘တခြား​လူတွေ​ဘာပဲ​ထင်​ထင် ငါ​မ​မှု​ဘူး’ ဆိုပြီး​ပြော​ဖို့​လွယ်​သလော​က် ရွယ်တူ​တို့၏​သြဇာ​နှင့်​ပက်​ပင်း​ရင်ဆိုင်​ရသည့်​အခါ၊ ထို​သန္နိဌာန်​စိတ်​ကို​ခိုင်မြဲ​စေဖို့ ပြု​ရန်​လွယ်​သည်မဟုတ်။ သာဓက​ဆို​ရ​သော်၊ အောက်​ဖော်ပြ​ပါ​အခြေအနေ​မျိုး​နှင့်​ရင်ဆိုင်​ရ​လျှင် သင်​အဘယ်​သို့ပြု​မည်​နည်း။

သင့်​ကျောင်းနေ​ဖက်​က အခြား​လူငယ်များ​ရှေ့​သင့်​အား စီးကရက်​တစ်လိပ်​ကမ်း​လာ​သည်​ဆိုပါစို့။ ဆေးလိပ်​သောက်​လျှင်​မှား​မည်​ဖြစ်​ကြောင်း သင်​နားလည်​၏။ သို့သော်​အခြား​လူငယ်များ သင်​ဘယ်လို​လုပ်​မည်​ကို စောင့်ကြည့်​နေကြ​မည်​ဖြစ်သည်...

ကျောင်းသူ​များ​က မိမိတို့သည်​ရည်းစား​ယောက်ျားက​လေး​များနှင့် သံဝါသပြု​ကြောင်းကို​ပြော​နေကြ၏။ ကျောင်းသူ​တစ်ဦး​က​သင့်​ဘက်​လှည့်၍ ‘နင်​အပျို​စစ်​လုပ်​နေတုန်းပဲ​လား’ ဟု​မေး​လာ​သည်​ဆိုပါစို့။

သင်သည်​အခြား​မိန်းကလေး​များ​လို​ဝတ်​ချင်​၏။ သို့သော်​သင့်​မေမေ​က တို​လွန်း​တယ်​ဟု​ဆို​သည်။ သင့်​အား​မေမေ​ဝတ်​စေ​လို​သော​ပုံစံ​မှာ ခြောက်​နှစ်​သမီး​ပုံစံ။ သင့်​အတန်း​သူတို့က​သင့်ကို​စ​ကြ​၏။ မိန်းကလေး​တစ်ယောက်က​သင့်​အား “ကိုယ့်​ဖာသာ​ကိုယ်​မုန့်ဖိုး​လေး​စု​ပြီး ကြည့်​ကောင်း​ရှုပျော်​တဲ့​အဝတ်အစား​လေး ဝယ်​ဝတ်​မှ​ပေါ့​အမိ​ရာ။ နင့်​အမေကို​အသိ ပေးဖို့​မလိုပါဘူး။ ကျောင်း​မှာ​ဝတ်​တဲ့​အဝတ်အစား​တွေ​ကို ဘီ​ရို​ထဲ​သော့ခတ်​ထား​လိုက်ရင် ပြီး​တာ​ပဲ​ဥစ္စာ” ဆိုပြီး​ပြော​မည်။

လွယ်လွယ်​နှင့်​ရင်ဆိုင်​နိုင်​သည့် အခြေအနေ​များ​ဟု​ဆို​မည်​လော။ သင့်​ရွယ်တူ​များ​၏​အဆိုကို သင်​မငြင်းဆန်​ဝံ့​လျှင်၊ သင့်ကိုယ်ကို၊ သင့်​စံ​ထား​နှင့်​သင့်​မိဘများ​ကိုလည်း​ငြင်းပယ်​ရ​ချေ​မည်။ ရွယ်တူ​များ​၏​သြဇာ​ကို​ခံရပ်​နိုင်​ရန် လိုအပ်သော​စွမ်းအား​ကို မည်သို့​မွေးမြူ​နိုင်​မည်​နည်း။

“စဉ်းစား​ဉာဏ်စွမ်း”

ဆယ့်ငါး​နှစ်အရွယ်​ရော်ဘင်​သည် ဆေးလိပ်​သောက်​စ​ပြု​လာ​သည်။ ကိုယ်တိုင်​ကြိုက်​သောကြောင့်​မဟုတ်၊ လူတိုင်း​ဆေးလိပ်​သောက်​သောကြောင့်​ဖြစ်သည်။ သူ​ဤသို့​ဇာတ်ကြောင်း​ပြန်​၏– “နောက်ပိုင်း​ကျွန်မ​စဉ်းစား​မိတယ်။ ‘ငါ့​အကြိုက်​မဟုတ်ဘဲ​နဲ့ ငါ​ဘာကြောင့်​လုပ်​နေရ​သလဲ’ ဆိုပြီး။ ဒါနဲ့​နောက်​မ​သောက်​တော့​ဘူး။” ကိုယ့်​အတွက်​ကိုယ်​စဉ်းစားခြင်း​အားဖြင့် ရွယ်တူ​သြဇာ​ကို​ခံရပ်​နိုင်​ခဲ့​သည်!

သို့ဖြစ်၍​သမ္မာကျမ်းစာ​ကလူ​ငယ်​များ​အား “အသိသုတ​နှင့်​စဉ်းစား​ဉာဏ်စွမ်း” မွေးမြူ​ကြ​ရန်​တိုက်တွန်း​သည်​မှာ လျောက်ပတ်​လှ​ပေ​သည်။ (သု. ၁:၁-၅က​ဘ) စဉ်းစား​ဉာဏ်စွမ်း​ရှိသောသူ​သည် အတွေ့အကြုံ​နု​သော ရွယ်တူ​တို့၏​ညွှန်ကြားမှု​ကို ခံယူ​ရန်​မလို​ချေ။ တစ်ချိန်တည်း​တွင်၊ ကိုယ့်​ကိုယ်ကို​အ​ယုံ​ကြီး​ပြီး အခြား​လူတို့၏​အကြံဉာဏ်​ကို ငြင်းပယ်​မည်​လည်း​မဟုတ်။ (သု. ၁၄:၁၆) သူသည် “ပညာရှိ​ဖြစ်​လို​သော​ငှာ၊ ဆုံးမ​သော​စကား​ကို​နားထောင်​၍ နည်း​ဥပဒေသကို​ခံယူ” ပေ​သည်။—သု. ၁၉:၂၀

သို့သော်​ကိုယ့်​စဉ်းစား​စွမ်းရည်​ကို အသုံးချ​သည့်​အတွက်​ကြောင့် အမုန်း​ခံရ၊ သရော်​ရှုတ်ချ​ခံရ​လျှင်​မအံ့သြ​ပါ​နှင့်။ နယပုံပြင် ၁၄:၁၇ (က​ဘ) က “စဉ်းစား​ဉာဏ်စွမ်း​ရှိသူ​သည် အမုန်းခံ​ရသည်” ဟု​ဆိုပါ​သည်။ သို့သော်​တကယ်တမ်း​ပြော​ရ​လျှင်၊ မည်သူသည်​ခွန်အား​ဗလ​နှင့် ပြည့်စုံသော​သူ​ဖြစ်​သနည်း။ စိတ်​ကြိုး​ဆွဲ​သလို​က​သော​သူ​လော။ သို့​မဟုတ် မ​လျောက်ပတ်​သော​တပ်မက်မှု​များ​ကို ငြင်းပယ်​နိုင်​သူ​လော။ (သု. ၁၆:၃၂ နှိုင်းယှဉ်။) သင့်ကို​ကဲ့ရဲ့​သော​သူတို့၏​ဘဝ​သည် အဘယ်​အရပ်သို့ဦးတည်​နေသနည်း။ သင်လည်း​ထို့​နည်းတူ ဘဝ​ဇာတ်သိမ်း​လို​သလော။ ထိုသို့​သော​သူများ​သည် သင့်ကို​မနာလို​သည့်​ပြင် သင့်ကို​ကဲ့ရဲ့​ခြင်း​အားဖြင့် မိမိတို့၏​မလုံမလဲ​သည့်​အဖြစ်မျိုး​ကို ပြသ​နေခြင်း​သာ​မဖြစ်​တန်​ရာ​လော။

ကျော့ကွင်း​ကို​ရှောင်ခြင်း

နယပုံပြင် ၂၉:၂၅ က “လူကို​ကြောက်ရွံ့ခြင်း​သဘော​သည် ကျော့ကွင်း​ကို​ထောင်​တတ်၏” ဟု​ဆို​၏။ သမ္မာကျမ်းစာ​ခေတ်​၌ ကျော့ကွင်း​သည် ထောင်​ထားသော​အစာကို လာကိုက်​သော​အမဲကောင်​ကို လျှပ်​တ​ပြ​က်​အတွင်း​အမိ​ဖမ်း​နိုင်​သည်။ ယနေ့၊ ရွယ်တူ​တို့၏​အချစ်​တော် ဖြစ်ချင်​သည့်​ဆန္ဒ​သည်လည်း အလားတူ​ပင်​ငါးမျှား​စာ​နှင့်​တူ​သည်။ သင့်​အား​ကျော့ကွင်း အတွင်း​ဆင်း​ရန်​သွေးဆောင်​ပြီး ဘုရားရေးရာ​စံ​ထား​များ​ကို ချိုးဖောက်​စေနိုင်​သည်။ သို့ဖြစ်​လျှင်​လူကို​ကြောက်​ခြင်း​တည်း​ဟူသော ထောင်ချောက်​နှင့်​လွတ်​အောင် မည်သို့​ရှောင်ရှား​နိုင်​မည်​နည်း။

အဦးဆုံး၊အပေါင်းအသင်း​ကို​သတိ​နှင့်​ရွေးပါ! (သု.၁၃:၂၀) ခရစ်ယာန်​တန်ဖိုး​နှင့်​စံ​ထား​များလက်ဝယ်​ပိုက်​ထားသော​သူတို့နှင့်ပေါင်းသင်း​ပါ။အပေါင်းအသင်း​နည်း​မည်​ကား​မှန်​၏။ဆယ်ကျော်သက်​တစ်ဦးပြော​သကဲ့သို့ပင်–“ကျောင်းနေ​ဖက်​တွေ​အကြိုက်ကို​မလိုက်၊မူးယစ်​ဆေးဝါး၊လိင်​တို့​နဲ့ပတ်သက်ပြီး သူတို့ရဲ့​အတွေးအခေါ်​အတိုင်း​မလုပ်ဘဲ​နေတဲ့​အခါ၊မကြာခင်​မှာ​ဘဲ ကိုယ့်ကို​ပစ်​သွား​ကြ​ပါ​တယ်။သူတို့ဆီက​လာတဲ့​အ​ဖိ​အ​နှိပ်အများကြီး​လျော့​သွားတာ​တော့​မှန်​ပါ​ရဲ့။ဒါပေမဲ့၊အထီးကျန်​ဖြစ်သွား​သလို ခံစား​ရတယ်။” သို့သော်ရွယ်တူ​သြဇာ​ကြောင့်ဝိညာဉ်​ရေး​နှင့်​သီလ​ဘက်မှာကျဆင်း​သွား​သည်ထက်အထီးကျန်​ခံစားချက်​ဒဏ်​ကို​ခံရ​ခြင်း​ကသာ၍​ကောင်း​ပါ​သည်။မိမိ​အိမ်သား​များ၊အသင်း​သူ​အသင်းသားများ​နှင့်​ပေါင်းသင်း​ခြင်း​ကဟာ​နေသည့်​အကွက်​ကိုဖြည့်စွက်​ပေး​နိုင်၏။

မိဘ​စကား​ကို​နားထောင်ခြင်း​ဖြင့်​လည်း ရွယ်တူ​သြဇာ​အ​ဖိ​အ​နှိပ်​ကို​တွန်းလှန်​နိုင်​သည်။ (သု. ၂၃:၂၂) သူတို့သည် သင့်​အား​သင့်တင့်​လျောက်ပတ်​သော တန်ဖိုး​များ​အကြောင်း​နားလည်အောင် ကြိုးစား​သင်ကြား​ပေး​နေ​ပေမည်။ မိန်းကလေး​တစ်ဦး​ဤသို့​ဆို​၏– “ကျွန်မ​မိဘတွေ​ကျွန်မ​ပေါ်​အလို​မလိုက်ဘူး။ ခုလို​လုပ်တာကို ကျွန်မ​တစ်ခါ​တ​လေ​မကြိုက်​ပေမဲ့ သူတို့ဟာ​အလျှော့မပေး​ဘဲ ကျွန်မ​ရဲ့​အပေါင်းအသင်း​ကို ကန့်သတ်​ခဲ့​တဲ့​အတွက် ကျွန်မ​ဝမ်းသာ​ပါ​တယ်။” မိဘ​၏​ဖေးမ​မှု​ကြောင့် သူသည်​ရွယ်တူ​သြဇာ​အ​ညောင်း​ခံ​ကာ၊ မူးယစ်​ဆေးဝါး​သုံး၊ လိင်ဆက်ဆံ​သည့်​အဖြစ်မျိုး​သို့ မ​ရောက်​ခဲ့​ပေ။

ဆယ်ကျော်သက်​ဆိုင်ရာ​အကြံပေး ဘက်​ဝင်း​ရှစ်​ဤသို့​ဆို​၏– “တစ်ဖက်​ဖက်​တွင်​ထူးချွန်​သည့် အပျို​လူပျို​ပေါက်​တို့သည် မိမိတို့​မှန်သည်​ထင်​သည့်​နေရာတွင် ကိုယ့်​ကိုယ်ကို​ဂုဏ်ယူ​တတ်ကြ​သည်။ မျက်နှာ​ပန်း​လှ​ဖို့​အရေး ရွယ်တူ​တို့​အပေါ်​အားထား​ရန်​မလို​ပေ။” သို့ဖြစ်၍၊ ကျောင်း​နှင့်​အိမ်​တွင် ကျွမ်းကျင်​ထူးချွန်​အောင်​ကြိုးစား​ပါ​လေ။ အထူးသဖြင့် ယေဟောဝါ​၏​သက်​ငယ်​သက်သေခံ​များသည် မိမိတို့၏​ခရစ်ယာန်​အမှုဆောင်ခြင်း​၌ ‘ရှက်ကြောက်​စ​ရာ​လုံးဝ​မရှိဘဲ၊ သမ္မာတရား​ကို​မှန်ကန်​စွာ​အသုံးပြုနိုင်​သော အလုပ်သမား​များ’ ဖြစ်​ကြ​ပေ​သည်။—၂ တိမောသေ ၂:၁၅က​ဘ

နယပုံပြင် ၂၉:၂၅ ကလူ​ကို​ကြောက်​ခြင်း​တည်း​ဟူသော “ကျော့ကွင်း” ကို​ရှောင်ရန်​သတိပေး​ပြီး​နောက် ဆက်လက်​၍​ဤသို့​ဆို​၏– “[ယေဟောဝါ] ကို​ခိုလှုံ​သော​သူ​မူ​ကား​လုံခြုံ [အကာအကွယ်​ခံရ၊ က​ဘ]လိမ့်​မည်။” အခြား​အရာအားလုံး​တို့​ထက် ဘုရားသခင်​နှင့်​သင်၏​ဆက်ဆံ​ရေး​သည် ရွယ်တူ​သြဇာ​ကို​ခံရပ်​နိုင်​ရန် ခွန်အား​ပေး​၏။ ဥပမာ​အားဖြင့်၊ အထက်​၌​ဆို​ခဲ့​သော ဒယ်​ဘီ​သည်​တစ်ချိန်က၊ လူအများ​လုပ်​သလို​လိုက်လုပ်​ပြီး အရက်မူး​အောင်​သောက်၊ မူးယစ်​ဆေးဝါး​သုံးခဲ့​၏။ သို့သော်​နောက်ပိုင်း၌ သမ္မာကျမ်းစာ​ကို​အလေးအနက်​ထား​ကာ သင်အံ​လေ့လာ​ပြီး ယေဟောဝါ​အပေါ်​ယုံကြည်​အားထား​လာ​သည်။ ရလဒ်​ကား​အဘယ်နည်း။ “ဟို​ကလေး​တစ်သိုက်​လုပ်​သလို လိုက်​မ​လုပ်​တော့​ဘူးဆို​ပြီး ကျွန်မ​စိတ်​ဒုံးဒုံး​ဖြတ်လိုက်​တယ်” ဟု​ဒယ်​ဘီ​ဆို​သည်။ “မင်းတို့​လမ်း​မင်းတို့​သွား၊ ငါ့​လမ်း​ငါ​သွားမယ်။ ငါ​နဲ့​ခင်​ချင်​လို့​ရှိရင် ငါ​လေးစားတဲ့​စံ​ထား​ကို မင်းတို့​လေးစား​ရမယ်။ ဝမ်းနည်း​ပါ​တယ်။ မင်းတို့​ထင်​လို​ရာ​ထင်​ပါစေ၊ ငါ​အရေးမစိုက်​ဘူး။ ငါ​ဒီလို​လုပ်ဖို့​စိတ်ပိုင်း​ဖြတ်လိုက်​ပြီ” ဆိုပြီး​ယခင်​သူငယ်ချင်းများ​အား​ပြောကြား​ခဲ့​ပေ​သည်။ ဒယ်​ဘီ​ရဲ့​သူငယ်ချင်း​အားလုံး​သည် ဒယ်​ဘီ​မကြာမီ​က​တွေ့ရှိ​ခဲ့​တဲ့​ယုံကြည်ချက်ကို လေးစား​ကြ​သူ​ချည်း​မဟုတ်။ သို့သော် ဒယ်​ဘီ​က “ကျွန်မ​ခုလို​ဆုံးဖြတ်ချက်​ချ​ခဲ့​တဲ့​နောက်​မှာ၊ ကျွန်မ​ကို​ကျွန်မ​ပို​ပြီး နှစ်သက်​လာတာ​အမှန်​ပဲ” ဟု​ဆို​ခဲ့​ပေ​သည်။

သင်လည်း​ရွယ်တူ​သြဇာ​ထောင်ချောက်​မှ အလွတ်​ရု​န်း​လျှင် ‘သင့်ကို​သင်​ပို​၍​နှစ်သက်​လာ’ မည့်​အပြင်​ပူဆွေး​ဝမ်း နည်း​မှု​အမျိုးမျိုးနှင့် ကင်းရှင်း​နိုင်​မည်​တည်း!

ဆွေးနွေး​ရန်​မေးခွန်းများ

◻လူငယ်များ​အဘယ်ကြောင့် ရွယ်တူ​သြဇာ​အ​ညောင်း​ခံ​လွယ်​သနည်း။ ရွယ်တူ​သြဇာ​အ​ညောင်း​ခံရ​တိုင်း မကောင်း​ဟု​ဆို​ရမည်​လော။

◻ရွယ်တူ​သြဇာ​နှင့်​ပတ်သက်​၍ တမန်တော်​ပေတရု​၏ အတွေ့အကြုံ​က အဘယ်​သင်ခန်းစာပေး​သနည်း။

◻(သင့်ကိုယ်​တွေ့​အပါအဝင်) အဘယ်​အခြေအနေ​များ​က၊ အပေါင်းအသင်း​များ​၏​အဆို​နှင့်​အလိုကို ငြင်းပယ်​နိုင်စွမ်း​သင်၌​ရှိမရှိ အစမ်း​အ​သပ်​ပေး​နိုင်​သနည်း။

◻သတ္တိ​ရှိရင်​ဟု​စိန်ခေါ်​ခံရ​သော် အဘယ်အရာ​များ​ကို​စဉ်းစား​နိုင်​သနည်း။

◻အဘယ်အရာ​များသည်သင့်​အား​လူကို​ကြောက်​ခြင်း​ကျော့ကွင်း​မှလွတ်ကင်း​စေနိုင်​သနည်း။

[စာမျက်နှာ ၇၄ ပါ​အကျဉ်း​ဖော်ပြချက်]

“တခြား​လူငယ်တွေ ကိုယ့်ကို​လက်​သင့်​မခံ​မှာ​ကို အင်မတန်​စိုးရိမ်​မိတယ်။” “သူငယ်ချင်းတွေ ကိုယ့်ကို​မကြိုက်​မှာ​ကို ကြောက်လန့်​ခဲ့တယ်...အထီးကျန်​ဖြစ်​မှာ​ကို​လန့်​ခဲ့တယ်” ဟု​ဒယ်​ဘီ​ဆို​ခဲ့​သည်

[စာမျက်နှာ ၇၅ ပါ​လေးထောင့်ကွက်]

‘သတ္တိရှိရင်!’

“ကဲ၊ပြောလိုက်​စမ်း​ပါ။”အတန်းသား​များ​ကလီဇာ​အားတိုက်​တွန်း​၏။“ဆရာမ​ရဲ့​အာပုပ်နံ့ပြင်း​တယ်​ဆိုပြီး​ပြောလိုက်​စမ်း​ပါ!”အာခေါင်​သန့်ရှင်းရေး​နှင့်​ပတ်သက်​၍ငြင်းခုံ​နေကြ​သည်မဟုတ်။လီဇာ​အား​အတန်းသား​များ​ကစိန်ခေါ်​နေခြင်း​ဖြစ်သည်—စွန့်​စား၍​လုပ်​ရသောအလုပ်​မျိုး​လည်း​ဖြစ်သည်! မှန်​ပေ​သည်။အချို့​လူငယ်များသည်အခြား​သူတို့အား၊ရွှတ်​နောက်​နောက်​အလုပ်​မျိုး​က​စ၊အသက်​အန္တရာယ်​ပင်​ဖြစ်စေ​နိုင်​သည့်အလုပ်​မျိုးကိုသတ္တိ​ရှိရင်​လုပ်ပြ​စမ်း​ပါ​ဟုစိန်ခေါ်​ခြင်း​ဖြင့်ဖောက်​လွဲ​ဖောက်ပြန်​အရသာယူ​တတ်ကြ​သည်။

သို့သော်​မိုက်​ကန်း​သော၊ မကြင်မနာ​သော၊ တကယ်​အန္တရာယ်​ဖြစ်စေ​နိုင်သော အလုပ်​တစ် ခု​ခု​ကို​လုပ်​ရဲ​ရင် လုပ်ပြ​စမ်း​ပါ​ဟု​စိန်ခေါ်​ခံရသော​အခါ၊ နှစ်​ပြန်​စဉ်းစား​ဖို့​လို​သည်။ ပညာရှိ​တစ်ဦး​က “အ​ထုံသ​မား​လုပ်သော​နံ့သာ​ဆီ​ကို သေ​သော​ယင်ကောင်​သည်​နံ​စေ​သကဲ့သို့၊ အနည်းငယ်​သော​အ​မိုက်​သည် ပညာ​နှင့်​ဂုဏ်​အသရေ​ထင်ရှားသော​သူကို ထို​အတူ​ဖြစ်စေ​တတ်၏” ဟု​ဆို​သည်။ (ဒေသနာ ၁၀:၁) ရှေး​အခါ​က၊ အဖိုးတန်​နံ့သာ​ဆီ သို့​မဟုတ် ရေမွှေး​ကို​ယင်​သေ ကောင်​တ​မျှ​သေးမွှား​သော​အရာ​က ပျက်စီး​စေနိုင်​သည်။ ထို့​နည်း​ထပ်တူ၊ “အနည်းငယ်​သော​အ​မိုက်” သည်​ခဲ​ရာ​ခက်ဆစ်​ရယူခဲ့​သော​ဂုဏ်​အသရေ​ကို ပျက်စီး​စေနိုင်​သည်။

ကလေး​က​လား၊ က​ပျက်​က​ချော်​အပြု​အမူ​မျိုး​ကြောင့်၊ အမှတ်​လျှော့၊ ယာယီ​ကျောင်း​ထုတ်ခြင်း​မ​က၊ အဖမ်း​ပင်​ခံရ​ဖို့​အကြောင်း​ရှိသည်!သို့သော်​သင်က ငါ့ကို​မ​မိ​ဟု​ထင်မှတ်​လျှင် အဘယ်​သို့​နည်း။ ကိုယ့်​ကိုယ်ကို​မေးပါ၊ ငါ့ကို​စိန်ခေါ်​ပြီး​လုပ်​ခိုင်း​တဲ့ အလုပ်ဟာ ဆင်ခြင်တုံ​တရား​နဲ့​ညီညွတ်​ရဲ့​လား။ မေတ္တာပါ​သလား။ သမ္မာကျမ်းစာ သို့​မဟုတ် မိဘများ​ပို့ချ​တဲ့​ငါ့​စံနှုန်း​ကို ချိုးဖောက်​သလား။ သို့​မှန်​လျှင်၊ ပျော်​ချင်​ပျက်​ချင်​တဲ့ လူငယ်တွေ​ငါ့​ဘဝကို ကြိုး​ဆွဲ​သလို​ငါ​တကယ်ပဲ​က​ချင်​သလား။ငါ့​အသက်နဲ့​ဂုဏ်​သိက္ခာ​ကိုထိပါး​စေ​တဲ့​အလုပ်​မျိုးလုပ်​ခိုင်း​တဲ့​လူငယ်တွေဟာငါ့ရဲ့​မိတ်​စစ်​ဆွေ​စစ်​တွေ​ဟုတ်ရဲ့လား။—သု.၁၈:၂၄။

သို့ဖြစ်၍​သင့်​အား​စိန်ခေါ်​သော​လူငယ်​နှင့် ဆင်ခြင်​သုံးသပ်ပါ။ ဆယ့်ရှစ်​နှစ်အရွယ်​တယ်​ရီ​က “ငါ​ဘာကြောင့်​ဒါကို​လုပ်​ရမှာ​လဲ။ ငါ​လုပ်ရင်​ဘာကို သက်သေပြ​မှာ​မို့​လို့လဲ” ဟူ၍​ပြန်​မေး​ခြင်း​အားဖြင့် “ပျော်​စေ​ပျက်​စေ” လုပ်​လေ့​ရှိသည်။ မိမိသည်​ဆည်းကပ်​ကျင့်သုံး​ရန် တိကျ​ပြတ်သား​သော​စံနှုန်း​များ ရင်​ဝယ်​ပိုက်​ထား​ကြောင်းကို​လည်း သိ​နားလည်​စေပါ။ မိန်းကလေး​တစ်ယောက်က ယောက်ျားက​လေး​တစ်ယောက်​အား “နင်​ဘာတွေ​လက်လွှတ်​ဆုံးရှုံး​ရသလဲ​ဆိုတာ နင်​မသိဘဲ​ကိုး” ဟု​သရော်​ကာ သတ္တိ​ရှိလျှင်​မိမိ​နှင့်​ဖောက်ပြား​ရန် ခေါ်​သောအခါ၊ ယောက်ျားက​လေး​က ဤသို့​ဖြေကြား​လိုက်​သည်၊ “ငါ​သိပါတယ်၊ ရေ​ယုန်၊ ဂ​နို၊ ဆစ်​ဖလ​စ်​တွေ​ပေါ့။”

မှန်​ပေ​သည်! ရွယ်တူ​တို့​အလိုကို သတ္တိရှိရှိ​ငြင်းပယ်​လိုက်​လျှင် နောင်တ​ရ​စ​ရာ​အလုပ်​မျိုးကို ရှောင်ရှား​နိုင်​မည်​တည်း။

[စာမျက်နှာ ၇၆ ပါ​ရုပ်ပုံ]

လူငယ်များ၊ တစ်ဦး​ပေါ်​တစ်ဦး၊ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ​တတ်​သည်

[စာမျက်နှာ ၇၇ ပါ​ရုပ်ပုံ]

မှန်ရာကို ဆန့်ကျင်​ပြီး​လုပ်ဖို့၊ ရွယ်တူ​တို့​က သင့်​အား​သြဇာ ပေး​ခဲ့​ဖူး​သလော

[စာမျက်နှာ ၇၈ ပါ​ရုပ်ပုံ]

ရွယ်တူ​သြဇာ​ကို မားမားမတ်မတ် ခံရပ်​နိုင်သော စွမ်းအား​ကို မွေးမြူပါ!