တစ်ခါတလေ ပျော်ပျော်ပါးပါးနေတာ ဘာအပြစ်ရှိသလဲ
အခန်း ၃၇
တစ်ခါတလေ ပျော်ပျော်ပါးပါးနေတာ ဘာအပြစ်ရှိသလဲ
ပေါလင်း *သည် သောကြာနေ့ညများ၌ ခရစ်ယာန်စည်းဝေးများသို့ သွားလေ့ရှိ၏။ သူသည် ဆွေးနွေးပွဲကို နှစ်သက်ပါသည်။ သို့ရာတွင် မိမိကျောင်းနေဖက်များ ပျော်ကြပါးကြခိုက် မိမိမှာစည်းဝေးတက်နေရပါလား ဟူ၍ တစ်ခါတစ်ရံစိတ်ဆိုးမိသည်။
ပေါလင်းသည် စည်းဝေးပြီးသည့်အခါ အိမ်အပြန် ဆယ်ကျော်သက်များ၏စားကျက်တစ်ခုကို ဖြတ်သန်း၍သွားလေ့ရှိသည်။ သူမဤသို့ဇာတ်လှန်၏– “ကျယ်လောင်တဲ့တေးသံနဲ့ မှိတ်တုတ်မီးတွေရဲ့ဆွဲဆောင်မှုကိုခံရတော့ ကျွန်မလည်း လမ်းသွားရင်း မှန်ချပ်တွေကိုဖောက်ပြီး အတွင်းဘက်ကို အာသာငန်းငန်းနဲ့ကြည့်မိတယ်။ ပြီးတော့ သူတို့အပျော်ကြီးပျော်နေကြမှာပဲဆိုပြီး သွားရည်ယိုမိတယ်။” နောက်ပိုင်းတွင် သူငယ်ချင်းများနှင့် တပျော်တပါးနေခြင်းသည် သူ့ဘဝမှာအဓိက ဖြစ်လာလေသည်။
သင်လည်း ပေါလင်းကဲ့သို့ မိမိသည် ခရစ်ယာန်ဖြစ်သည့်အတွက် အချို့အရာများကို လက်လွတ်ဆုံးရှုံးရပါလားဟု ထင်မှတ်မိပေမည်။ သင်ကလူတွေပါးစပ်ဖျားကတီဗွီပြသမှုကို ကြည့်ချင်လျက်နှင့် သင့်မိဘက ကြမ်းလွန်းသည်ဟုဆို၏။ ဈေးတန်းကိုသွားပြီး ကျောင်းနေဖက်များနှင့် လမ်းသလားမည်ကြံလျှင် မိဘက “မကောင်းတဲ့အပေါင်းအသင်း” ဆိုပြီးသမုတ်၏။ (၁ ကောရိန္သု ၁၅:၃၃) ကျောင်းနေဖက်အားလုံးသွားကြမည့်ပါတီသို့ ကိုယ်ကသွားချင်သည်ဆိုမှ ဖေဖေမေမေတို့က ဘူးခံ၏။
ကိုယ့်ကျောင်းနေဖက်များသည် မိဘများ၏စွက်ဖက်မှုကိုမခံရဘဲ သီဆိုတီးမှုတ်ပွဲသို့ သွားချင်တိုင်းသွား၊ ညလုံးပေါက်ပါတီပွဲနွှဲချင်သလိုနွှဲ၊ စိတ်ရှိတိုင်းသွားလာနိုင်ကြသည်။ သို့နှင့် သူတို့၏လွတ်လပ်မှုကို မနာလို သွားရည်ယိုမိမည်။ ကိုယ်က မကောင်းမှုတစ်ခုခုကို လုပ်ချင်၍မဟုတ်။ တစ်ခါတလေ ပျော်လိုက်ချင်၍သာ။
အပန်းဖြေမှု—ဘုရားသခင့်အမြင်
ပျော်ချင်သည့်ဆန္ဒသည် ဘာမျှမမှားပါ။ ယေဟောဝါကိုယ်တော်တိုင် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်သည်မဟုတ်လော။ (၁ တိမောသေ ၁:၁၁၊ ကဘ) ကိုယ်တော်က ရှောလမုန်ဘုရင်မှတစ်ဆင့် ဤသို့မိန့်တော်မူပေသည်– “အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့။ အရွယ်ကောင်းစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ့်စိတ်အလို ... သို့လိုက်လော့။” “သို့ရာတွင်၊ ထိုအရာရှိသမျှနှင့်စပ်လျဉ်း၍ ဘုရားသခင်သည် သင့်ကိုတရားစီရင်တော်မူမည်ဟု သိမှတ်လော့” ဟူ၍ ရှောလမုန်ဆက်၍သတိပေး၏။—ဒေသနာ ၁၁: ၉၊ ၁၀၊ သမ္မ။
သင့်အပြုအမူအတွက် သင့်အားဘုရားသခင်တရားစီရင်မည်ဟူသော အသိစိတ်ကြောင့် အပန်းဖြေမှုဆိုင်ရာ သင့်သဘောထား လုံးဝပြောင်းလဲသွားပေမည်။ လူတို့ပျော်ကြပါးကြသည်ကို ကိုယ်တော်မရှုတ်ချသော်လည်း ‘အပျော်အပါးကိုနှစ်သက်သောသူ၊’ ပျော်ဖို့အတွက်သာအသက်ရှင်သောသူကိုကား နှစ်သက်တော်မမူ။ (၂ တိမောသေ ၃:၁၊ ၄) အဘယ်ကြောင့်နည်း။ ရှောလမုန်ကိုကြည့်ပါ။ သူသည် မိမိပိုင်ဆိုင်သော ဧရာမဥစ္စာဓနကိုသုံးစွဲလျက် လူ့စည်းစိမ်ကို အကုန်အစင်မြည်းစမ်းခံစားခဲ့သည်။ သူဤသို့ဆို၏– “ငါ့မျက်စိတပ်မက်လိုချင်သောအရာ တစ်စုံတစ်ခုကိုမျှငါမငြင်း။ ငါ့စိတ်ရွှင်လန်းစရာ တစ်စုံတစ်ခုကိုမျှမပယ်။” ရလဒ်ကားအဘယ်နည်း။ “အလုံးစုံပင် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်” ၏။ (ဒေသနာ ၂:၁၀၊ ၁၁၊ သမ္မ) မှန်၏။ ပျော်ဖို့လောက်သာအသက်ရှင်ခြင်းသည် ရေရှည်တွင်ဗလာနတ္ထိနှင့် စိတ်ပျက်စရာသာဖြစ်ကြောင်း ကိုယ်တော်သိတော်မူ၏။
မူးယစ်ဆေးဝါးအလွဲသုံးခြင်းနှင့် လက်မထပ်မီမေထုန်မှီဝဲခြင်း စသည့်ညစ်ညမ်းသောအကျင့်များကို ရှောင်ရမည်ဟုလည်း ကိုယ်တော်ပညတ်တော်မူ၏။ (၂ ကောရိန္သု ၇:၁) သို့ပါလျက်ကယ်၊ မြီးကောင်ပေါက်များ အပျော်အဖြစ် ပြုလုပ်သောအရာများစွာတို့သည် လူကိုအဆိုပါအကျင့်များ၏ကျော့ကွင်းထဲသို့ ကျရောက်စေနိုင်သည်။ ဥပမာ၊ မိန်းကလေးတစ်ဦးက အုပ်ထိန်းသူမပါဘဲ ကျောင်းနေဖက်တို့၏ပါတီတစ်ခုသို့သွားခဲ့သည်။ သူဤသို့ဇာတ်လှန်၏၊ “စတီရီယိုတေးတွေက အပျံစား။ အကလည်း တကယ်မိုက်။ သောက်လိုက်တာလည်း ရေမရောဘူး။ ရယ်လိုက်ရတာဆို မပြောနဲ့တော့။” ဒါပေမဲ့ နောက်ပိုင်းမှာ “တစ်ယောက်သောသူက ဆေးခြောက်ယူလာတယ်။ အဲဒီနောက် ယစ်နေအောင်မူးကြပြီး ဖောက်ကုန်တာပဲ။” လိင်စာရိတ္တပျက်ခဲ့ကြသည်။ “အဲဒီအချိန်ကစပြီး ကျွန်မစိတ်ဆင်းရဲပြီးနုံးခွေနေတာ ခုထိပါပဲ” ဟု မိန်းကလေးက ဝန်ခံသည်။ လူကြီးသူမများ၏ကွပ်ကဲမှုမပါလျှင် ထိုသို့သောမိတ်ဆုံပွဲများသည် လွယ်လင့်တကူ “စည်းလွတ်ပါတီ၊” သို့မဟုတ်၊ အပျော်ကြူးပွဲများ ဖြစ်လာနိုင်ပါသည်တကား!—ဂလာတိ ၅:၂၁၊ ဘိုင်ရင်တန်။
ဒါကြောင့်လဲ၊ သင့်မိဘများသည် သင်အဘယ်ပုံဖြင့် အားလပ်ချိန်အသုံးပြုသည်နှင့်ပတ်သက်၍ အလွန်စိုးရိမ်မကင်းဖြစ်ပြီး ဘယ်ကိုမသွားရ၊ ဘယ်သူနဲ့မပေါင်းရ စသဖြင့်ချုပ်ချယ်ကြသည်မှာ မဆန်း။ အဘယ်စေတနာဖြင့်နည်း။ “စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့် ကိုယ်ဆင်းရဲခြင်းအကြောင်းကိုပယ်ရှားလော့” ဟူသောဘုရားသခင့်သတိပေးချက်ကို နာခံစေလို၍ဖြစ်သည်။—ဒေသနာ ၁၁:၁၀။
အပျော်ကြူးသူတို့ကို မနာလိုဖြစ်မိသလော
အထက်ပါစကားအလုံးစုံတို့ကိုမေ့လျော့ကာ တချို့လူငယ်တွေ တယ်လွတ်လပ်တာပဲဆိုပြီး အဟုတ်ကြီးမှတ်၍ အားကျဖို့လွယ်၏။ ပေါလင်းသည် ခရစ်ယာန်စည်းဝေးများမတက်တော့။ အပျော်ကြူးအုပ်စုထဲ ဝင်ခဲ့လေသည်။ သူ ဤသို့ပြန်ပြော၏၊ “မလုပ်နဲ့ဆိုပြီးသတိပေးတဲ့ဟာတွေကို ကျွန်မတစ်ခုမကျန် လုပ်ပြီးနေခဲ့တယ်။” ပေါလင်းသည် အပျော်ကြူးရာမှ နောက်ဆုံးအဖမ်းခံရပြီး စာရိတ္တပြုပြင်ရေးမိန်းကလေးကျောင်း၌ အပ်ခံရလေသည်!
ရှေးအခါက ဆာလံ ၇၃ ရေးစပ်သူသည် ပေါလင်းကဲ့သို့အထင်မျိုးရှိခဲ့သည်။ “လူဆိုးတို့၏ကောင်းစားခြင်းကိုမြင်သောအခါ ထောင်လွှားသူတို့ကိုငါငြူစူမိပြီ” ဟုသူဝန်ခံ၏။ ဖြောင့်မတ်သောမူများနှင့်အညီ နေထိုင်ခြင်းသည် အဘယ်တန်ဖိုးရှိသနည်းဟူ၍ပင် သံသယဝင်လာသည်။ “အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေ၍ ငါ့လက်ကိုအပြစ်ကင်းခြင်းနှင့်ဆေးကြောသော်လည်း အကျိုးမရှိ” ဟု သူပြော၏။ သို့သော် နောက်တွင်လူဆိုးတို့သည် “ချော်သောနေရာ” ၌ရပ်နေသဖြင့် ကပ်ဘေး၏နှုတ်ခမ်းသားအပေါ် ယိမ်းယိုင်လျက်နေပါကလား ဟူသောလေးနက်သည့်ထိုးထွင်းဉာဏ် ဝင်လာသည်!—ဆာလံ ၇၃:၃၊ ၁၃၊ ၁၈၊ သမ္မ။
ပေါလင်းသည် တစ်ခါသေဖူးမှ ပျဉ်ဖိုးနားလည်ခဲ့သည်။ သူသည် မီးကုန်ယမ်းကုန် ပျော်ပါးပြီးနောက် ဘုရားသခင့်မျက်နှာသာတော် ပြန်လည်ခံစားနိုင်ဖို့ ဘဝကိုအောက်ခြေသိမ်းပြောင်းလဲလိုက်သည်။ သင့်အနေနှင့်မူ၊ ‘တဒင်္ဂအပျော်အတွက်’ ပေးဆက်ရသည့်အဖိုးမှာ မြင့်မားလှပါကလား ဟူသောသင်ခန်းစာကိုရဖို့အရေး အဖမ်းခံ၊ ကာလသားရောဂါရ၊ မူးယစ်ဆေးဝါးဖြတ်ဝေဒနာခံစားရန်မလိုပါ။ ထိုသို့စွန့်စားစရာမလိုဘဲ မွန်မြတ်၍ ဆောက်တည်မှုရစေနိုင်သော ပျော်ရွှင်ဖွယ်ရာများရှိပေသည်။ အချို့ကား အဘယ်နည်း။
မွန်မြတ်သော ပျော်ရွှင်ဖွယ်အချိန်များ
အမေရိကန်လူငယ်များဆိုင်ရာသုတေသနပြုချက်တစ်ရပ်က ဆယ်ကျော်သက်တို့သည် “ရံဖန်ရံခါ မိသားစုလိုက် ပျော်ပွဲစားထွက်ခြင်းနှင့် လှုပ်ရှားသွားလာခြင်းကိုနှစ်သက်ကြသည်။” မိသားစုလိုက်လုပ်ဆောင်ခြင်းသည် ပျော်စရာကောင်းရုံမက မိသားစုစည်းလုံးမှုကိုပါ ခိုင်မြဲစေသည်။
တစ်အိမ်သားလုံး တီဗွီထိုင်ကြည့်ခြင်းကိုသာ ဆိုလိုသည်မဟုတ်။ ဒေါက်တာ အန်ထော်နီ ပီယက်ထရိုပင်းတိုက ဤသို့ဆို၏– “တီဗွီကြည့်ခြင်း၏မကောင်းသည့်အပိုင်းမှာ အခြားသူများပါလျက်နှင့် အခြေခံအားဖြင့် တစ်ယောက်တည်းကြည့်သည်နှင့်မခြားပါ။ ... အိမ်တွင်းကစားပွဲ၊ ခြံတွင်းအားကစား၊ စားကောင်းသောက်ဖွယ်များချက်ပြုတ်ခြင်း၊ လက်မှုပညာစီမံကိန်း၊ အသံထွက်စာဖတ်ခြင်း စသည်တို့သည် ယခုခေတ်မိသားစုများ မလှုပ်မယှက် တီဗွီကြည့်ခြင်းထက် မိသားစုပြောဆိုဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဦးနှောက်ကစားခြင်းအတွက် အခွင့်အလမ်း ပို၍ဖန်တီးနိုင်သည်။” သားသမီးခုနစ်ယောက်ဖခင် ဂျွန် ပြောသည့်အတိုင်းပင်– ‘တစ်မိသားစုလုံး ခြံဝင်းရှင်း၊ အိမ်ဆေးသုတ်တာတောင်မှ ပျော်စရာဖြစ်နိုင်တယ်။’
သင့်မိသားစုသည် အတူတကွလုပ်ကိုင်ခြင်းမရှိသေးလျှင် ထိုသို့ပြုရန် သင့်မိဘများအား အကြံပြုပါ။ မိသားစုပျော်ပွဲစားထွက်ခြင်း၊ သို့မဟုတ် မိသားစုစီမံကိန်းတစ်ရပ်အတွက် စိတ်ဝင်စားဖွယ်၊ မြူးကြွဖွယ် အကြံဉာဏ်များ တင်ပြပါ။
သို့သော်၊ အခြားသူများနှင့်အတူနေမှ ပျော်နိုင်သည်မဟုတ်။ အပေါင်းအသင်းကို အထူးဂရုစိုက်သော မေရီသည် တစ်ယောက်တည်း အချိန်ကိုသုံးကာ ပျော်မွေ့နိုင်သည်။ “ကျွန်မ စန္ဒရားတီးတယ်။ တယောထိုးတယ်။ အချိန်ယူပြီးလေ့ကျင့်တယ်” ဟု ဆိုပါသည်။ မယ်လစ်ဆာအမည်ရှိ နောက် ဆယ်ကျော်သက်မိန်းကလေးကလည်း အလားတူပြော၏– “တစ်ခါတလေ ကျွန်မဟာပုံပြင်၊ ကဗျာတွေကို အပျော်တမ်း ရေးစပ်ပါတယ်။” သင်လည်း အချိန်ကိုအကျိုးရှိရှိသုံးစွဲပြီး အဖတ်၊ လက်သမားပညာ သို့မဟုတ် တူရိယာတစ်မျိုးမျိုးတီးမှုတ်ခြင်းအတတ်ကို တတ်မြောက်အောင်သင်ကြားနိုင်ပေသည်။
ခရစ်ယာန် မိတ်ဆုံပွဲများ
အခါအားလျော်စွာ၊ မိတ်ဆုံပွဲများပြုလုပ်လျှင်လည်း ပျော်စရာကောင်းပေသည်။ ဒေသများစွာတို့၌ မွန်မြတ်သောကစားစရာနည်းအမျိုးမျိုးရှိပေသည်။ မြောက်အမေရိကတွင် ဘောလုံးပစ်၊ စကိတ်စီး၊ စက်ဘီးစီး၊ ဘေ့စ်ဘော၊ ဘတ်စကက်ဘောကစားခြင်းတို့သည် လူကြိုက်များ၏။ ထိုမှလမ်းကြောင်းပြောင်းပြီး ရှေးဟောင်းပြတိုက်၊ တိရစ္ဆာန်ရုံများသို့ သွားရောက်လည်ပတ်နိုင်သည်။ ခရစ်ယာန်လူငယ်ချင်းဆုံစည်းပြီး တိတ်ခွေဖွင့်နားထောင်၊ သို့မဟုတ် မွန်မြတ်သောတီဗွီပြသမှုတစ်ခုကို အတူရှုစားနိုင်ကြပေသည်။
မိဘများထံအကူအညီတောင်းကာ မိတ်ဆုံပွဲတစ်ခုကိုပင် အကျအနစီစဉ်နိုင်သည်။ အဖွဲ့လိုက်ကစားခြင်း၊ အုပ်စုလိုက်သီချင်းဆိုခြင်းစသည်ဖြင့် ဝေဝေဆာဆာနှင့် စိတ်ဝင်စားဖွယ်ဖြစ်စေနိုင်သည်။ သူငယ်ချင်းအချို့က အတီးအမှုတ်တော်လျှင် သူတို့ကိုချော့ပင့်၍တီးမှုတ်ခိုင်းနိုင်သည်။ စားကောင်းသောက်ဖွယ်များလည်း တပျော်ပေါ် နှစ်ပျော်ဆင့်စေနိုင်သည်။ ထွေထွေထူးထူးမလို။ အကုန်အကျများဖို့လည်းမလို။ တစ်ခါတရံ ဧည့်သည်များ တစ်ယောက်တစ်မျိုးယူလာနိုင်သည်။
ဘောလုံးကစား၊ ရေကူးစသည်များပြုလုပ်နိုင်ဖို့ ခြံသို့မဟုတ်မြေကွက်လပ်များရှိသလော။ ပျော်ပွဲစားထွက်ဖို့စီစဉ်ပါလေ။ မည်သူမျှ အကုန်အကျမများရလေအောင် အိမ်ထောင်စုအသီးသီး ကိုယ်စီကိုယ်ငှ စားစရာများယူဆောင်လာနိုင်သည်။
တော်ရုံသင့်ရုံဖြစ်ခြင်းသည် သော့ချက်။ နားကွဲမတတ် သီချင်းဖွင့်မှ နားထောင်ကောင်းသည်မဟုတ်။ ခပ်ရိုင်းရိုင်းနှင့် ရာဂစိတ်ထအောင် ကမှလည်းရွှင်နိုင်သည်မဟုတ်။ ထို့အတူ၊ ကစားခုန်စားပွဲများလည်း အကြိတ်အနယ်ပြိုင်ဆိုင်မှ မြူးနိုင်သည်မဟုတ်။ သို့ပါလျက်နှင့် မိဘတစ်ဦးက ဤသို့တင်ပြ၏– “တချို့လူငယ်တွေ တစ်ခါတလေ ငြင်းခုံကြတယ်။ ရန်ဖြစ်တော့မလောက်ဘဲ။” ‘အပြိုင်အဆိုင်’ ကိုရှောင်ပါဟူသော သမ္မာကျမ်းစာသြဝါဒကို နာခံ၍ပျော်ပျော်ကစားကြပါလေ။—ဂလာတိ ၅:၂၆။
မည်သူ့ကိုဖိတ်ခေါ်သင့်သနည်း။ သမ္မာကျမ်းစာက “ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးအပေါ် မေတ္တာထားပါ” ဟု တိုက်တွန်း၏။ (၁ ပေတရု ၂:၁၇) ရွယ်တူများကိုသာ မဖိတ်ပါနှင့်။ အသိုင်းအဝိုင်းကို ချဲ့ထွင်ပါ။ (၂ ကောရိန္သု ၆:၁၃ နှိုင်းယှဉ်။) မိဘတစ်ဦးဤသို့ဆို၏– “သက်ကြီးတို့သည် များသောအားဖြင့် ပါဝင်မဆင်နွှဲနိုင်သော်လည်း လာ၍ကြည့်ချင်ကြပေသည်။” လူကြီးများ အနားတွင်ရှိလျှင် စည်းလွတ်ဝါးလွတ်မဖြစ်ရန် ကွပ်ကဲပေးသလိုပင်။ “ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး” ကိုဖိတ်ခေါ်လျှင် မဖြစ်နိုင်။ ၎င်းပြင် လူနည်းလျှင်ထိန်းရလည်းလွယ်၏။
ခရစ်ယာန်များမိတ်ဆုံပွဲသည် တစ်ဦးကိုတစ်ဦးဝိညာဉ်ရေးဘက် ဆောက်တည်နိုင်သောအခွင့်လမ်းများကိုလည်း ဖွင့်ပေး၏။ အချို့လူငယ်များက မိတ်ဆုံပွဲ၌ဝိညာဏရေးရာများကိုထည့်သွင်းလျှင် ပျော်စရာမကောင်းတော့ဟု ထင်မှတ်ကြသည်မှန်၏။ “မိတ်ဆုံပွဲလုပ်တိုင်း ‘ထိုင်၊ ကျမ်းစာထုတ်၊ ကျမ်းစာဉာဏ်စမ်းပွဲကစားမယ်’ ဆိုတာမျိုးချည်းပဲ” ဟုခရစ်ယာန်ယောက်ျားကလေးတစ်ယောက်က ထိုသို့ညည်းခဲ့ဘူးသည်။ သို့ရာတွင် ဆာလံဆရာက ဤသို့ဆိုပါသည်– “[ယေဟောဝါ၊ ကဘ] ၏ တရားတော်၌မွေ့လျော် ... သောသူသည် မင်္ဂလာရှိ [ပျော်ရွှင်၊ ကဘ] ၏။” (ဆာလံ ၁:၁၊ ၂) ကျမ်းစာကိုအခြေပြုသော ဆွေးနွေးပွဲ၊ ဉာဏ်စမ်းပွဲများသည် ပျော်စရာကောင်း၏။ ခြေစုံပစ်ပါဝင်နိုင်ဖို့ ကျမ်းစာအသိဉာဏ်ကို သွေးပေးရန်သာလိုသည်။
နောက်ကစားနည်းတစ်မျိုးမှာ အချို့ပုဂ္ဂိုလ်များအား မိမိတို့ခရစ်ယာန်ဖြစ်လာပုံကို ပြောကြားစေခြင်းပင်ဖြစ်သည်။ ရယ်စရာပုံပြင်များပြောစေခြင်းအားဖြင့်လည်း ခင်မင်မှုနှင့်ရယ်ရွှင်စရာလေးတွေ ပါဝင်ပါစေ။ ၎င်းပုံပြင်များသည် အဖိုးတန်သင်ခန်းစာများပေးလေ့ရှိသည်။ ဤစာအုပ်ထဲမှအခန်းအချို့ကိုအခြေခံပြီး စိတ်ဝင်စားဖွယ်ဆွေးနွေးခန်းများပင် ဖန်တီးနိုင်သည်။
အပန်းဖြေမှုကို မျှတစေပါ!
ယေရှုခရစ်သည် တစ်ခါတလေသော်မှ မပျော်ပါးတတ်သူမဟုတ်။ သမ္မာကျမ်းစာက ကာနမြို့ မင်္ဂလာပွဲတစ်ပွဲသို့ ကိုယ်တော်ကြွတော်မူသည်ဟုဆို၏။ ထိုနေရာတွင် စားကောင်းသောက်ဖွယ်၊ အကအခုန်အတီးအမှုတ်အပြင် ဆောက်တည်မှုပေးသော ပေါင်းသင်းမှုဖြင့် သိုက်မြိုက်ဝေဆာလျက်နေမည်မုချ။ ယောဟန် ၂:၃-၁၁။
မင်္ဂလာပွဲ အထမြောက်ရေးအတွက် အံ့ဖွယ်တန်ခိုးတော်ဖြင့် စပျစ်ရည်ပင်ဖန်တီးပေးလိုက်သေးသည်!—သို့သော် ယေရှု၏ဘဝသည် မရပ်မစဲသောပါတီပွဲမဟုတ်။ ကိုယ်တော်သည် အချိန်ကိုအများအားဖြင့် ဝိညာဏရေးရာများအတွက်အသုံးပြုပြီး လူတို့အား ဘုရားသခင့်အလိုတော်ကို သွန်သင်တော်မူ၏။ “ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏” ဟု မိန့်တော်မူ၏။ (ယောဟန် ၄:၃၄) တဒင်္ဂဖြေဖျော်မှုထက် ဘုရားသခင့်အလိုတော်ဆောင်ခြင်းမှ ပို၍တာရှည်သောပျော်ရွှင်မှုကို ခံစားရတော်မူပေသည်။ ယနေ့လည်း “သခင့်အမှုတော်မြတ်၌ ဆောင်ရွက်စရာများစွာရှိ” သေး၏။ (၁ ကောရိန္သု ၁၅:၅၈; မဿဲ ၂၄:၁၄) သို့တစေ၊ တစ်ခါတစ်ရံ အပန်းဖြေလိုသော် ကောင်းမွန်မျှတစွာပြုပါ။ စာရေးဆရာတစ်ဦး ဆိုသကဲ့သို့ဖြစ်ပေသည်– “ဘဝဟူသည် အမြဲတမ်း လှုပ်ရှားမြူးကြွမှုအတိ မဖြစ်နိုင်— ထိုသို့သာဖြစ်လျှင် ခြေကုန်လက်ပန်းမည်သာ!”
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 3 သူ့အမည် အစစ်မဟုတ်။
ဆွေးနွေးရန်မေးခွန်းများ
◻ အချို့ခရစ်ယာန်လူငယ်များ အဘယ်ကြောင့် လောကီလူငယ်များကို အားကျကြသနည်း။ သင်တို့ထိုသို့ ခံစားဖူးသလော။
◻ အကျင့်အကြံနှင့်ပတ်သက်၍ လူငယ်များအား ဘုရားသခင် မည်သို့သတိပေးတော်မူသနည်း။ ၎င်းသည် သူတို့၏အပန်းဖြေမှုရွေးချယ်ပုံကို မည်သို့ပြောင်းလဲစေသင့်သနည်း။
◻ ဘုရားသခင့်ပညတ်နှင့်မူများကိုချိုးဖောက်သော လူငယ်များအား အားကျလျှင် အဘယ်ကြောင့်မိုက်ရာကျသနည်း။
◻ (၁) မိသားစုနှင့်တကွ၊ (၂) တစ်ယောက်တည်း၊ (၃) ခရစ်ယာန်ချင်းတို့နှင့်အတူ၊ ကောင်းမွန်စွာအပန်းဖြေသည့်နည်းအချို့ကား အဘယ်နည်း။
◻ မျှတစွာအပန်းဖြေခြင်းကိစ္စတွင် ယေရှုခရစ် မည်သို့စံပြတော်မူသနည်း။
[စာမျက်နှာ ၂၉၇ ပါအကျဉ်းဖော်ပြချက်]
“ကျယ်လောင်တဲ့တေးသံနဲ့ မှိတ်တုတ်မီးတွေရဲ့ ဆွဲဆောင်မှုကိုခံရတော့ ကျွန်မလည်းလမ်းသွားရင်း မှန်ချပ်တွေကိုဖောက်ပြီး အတွင်းဘက်ကို အာသာငန်းငန်းနဲ့ကြည့်မိတယ်။ ပြီးတော့ သူတို့အပျော်ကြီးပျော်နေ ကြမှာပဲဆိုပြီး သွားရည်ယိုမိတယ်”
[စာမျက်နှာ ၃၀၂ ပါအကျဉ်းဖော်ပြချက်]
“တစ်ယောက်သောသူက ဆေးခြောက် ယူလာတယ်။ အဲဒီနောက် ယစ်နေ အောင်မူးကြပြီး ဖောက်ကုန်တာပဲ”
[စာမျက်နှာ ၂၉၉ ပါရုပ်ပုံ]
သမ္မာကျမ်းစာမူကို လိုက်သော လူငယ်များသည် တကယ်ပင် ပျော်စရာများ လက်လွှတ်ဆုံးရှုံးသလော
[စာမျက်နှာ ၃၀၀ ပါရုပ်ပုံ]
ဝါသနာတစ်ခုကိုလိုက်စားခြင်းသည် အားလပ်ချိန်ကို ကောင်းစွာအသုံးပြုသောနည်းတစ်မျိုးပင်
[စာမျက်နှာ ၃၀၁ ပါရုပ်ပုံ]
ကစားနည်းအဖုံဖုံဖြင့် ပျိုပျိုအိုအို စုံလင်စွာ ပါဝင်ဆင်နွှဲကြလျှင် ခရစ်ယာန်မိတ်ဆုံပွဲသည် ပို၍ပျော်စရာ