မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တီဗွီကြည့်တဲ့အကျင့်ကို ငါဘယ်လိုထိန်းချုပ်နိုင်မလဲ

တီဗွီကြည့်တဲ့အကျင့်ကို ငါဘယ်လိုထိန်းချုပ်နိုင်မလဲ

အခန်း ၃၆

တီဗွီ​ကြည့်​တဲ့​အကျင့်ကို ငါ​ဘယ်လို​ထိန်းချုပ်​နိုင်​မလဲ

ပျို​ပျို​အို​အို​မရွေး လူများစွာ​တို့သည် တီဗွီ​အိုး​များ​ဖြစ်​ကြ​ကုန်​၏။ သုတေသန​ပြုချက်​အရ၊ အမေရိကန်​လူငယ်များသည် အသက် ၁၈ နှစ်​ရောက်​သောအခါ တီဗွီ​ကို နာရီ​ပေါင်း ၁၅,၀၀၀ ကြည့်​ပြီး​ဖြစ်​လိမ့်​မည်! တီဗွီ​အိုး​များ တီဗွီ​ဖြတ်​သည့်​အခါ​မှ တကယ်​ချိုး​ကပ်​နေမှန်း သိသာ​လာ​သည်။

“တီဗွီ​ကို​ကျွန်တော် မကြည့်​မနေ​နိုင်အောင်​ဘဲ။ ဖွင့်​ထားပြီ​ဆိုရင် အရေး​မလုပ်ဘဲ​မနေ​နိုင်ဘူး။ ပိတ်​လဲ​မ​ပိတ်ရက်​ဘူး။ ... ပိတ်​မယ်​ကြံ​တိုင်း လက်​အားပျော့​ပျော့​သွားတယ်။ ဒါ​ကြောင့် နာရီ​ပေါင်း​များစွာ ထိုင်​ရာ​က​မ​ထတော့​ဘူး။” အမွေးအတောင်​မ​စုံ​သေး​သည့် လူငယ်​တစ်ယောက်​၏​စကား​လော။ မဟုတ်ပါ၊ အင်္ဂလိပ်စာ​ပြ ကောလိပ်​ကျောင်း​ဆရာ​၏​အပြော​ဖြစ်၏! သို့သော် လူငယ်များ​လည်း တီဗွီ​ချိုး​များ​ဖြစ်​နိုင်​သည်။ အချို့​သည် “တစ်ပတ်​အတွင်း တီဗွီ​မကြည့်​စ​တမ်း” ဟူသော​စိန်ခေါ်ချက်​ကို လက်ခံခဲ့​သော်လည်း နောက်ပိုင်း၌ အောက်ပါ​အတိုင်း​တုံ့ပြန်​ကြသည်​ကို​သာ ကြည့်​ပါ​တော့–

“ကျွန်မ ဒီ​အတောအတွင်း စိတ်ကျ​တဲ့​အခြေအနေ​မျိုး​ဆိုက်​နေတယ်။ ... ကျွန်မ ရူး​ချင်​ပြီ။”—ဆယ့်နှစ်​နှစ်​သမီး စူ​စ​မ်။

“ကျွန်မ တီဗွီ​ဖြတ်​နိုင်​မယ်​မထင်​ဘူး။ တီဗွီ​ကို​အ​သဲ​စွဲ​လွန်း​တယ်။”—ဆ​ယ့်​သုံးနှစ်​သမီး လင်း​ဒါ။

“ကြည့်​ချင်​တဲ့​စိတ်အား​က တအား​ကို​ဖိစီး​လာတယ်။ တစ်ချိန်​လုံး​ဆန္ဒ​စော​နေတယ်။ အခံရခက်​ဆုံး​အချိန်​ဟာ ည​ရှစ်​နာရီ​နဲ့ ဆယ်​နာရီ​ကြား။”—ဆယ့်တစ်နှစ်​သား လူးဝစ်​စ်။

ဒါ​ကြောင့်​ပေါ့၊ “တစ်ပတ်​အတွင်း တီဗွီ​မကြည့်​စ​တမ်း” စိန်ခေါ်​ပွဲ​တွင် ဆင်နွှဲ​ခဲ့​သည့် လူငယ်​အများစု​သည် ထို​တစ်ပတ်​လည်း​ပြီး​ရော၊ အောင်ပွဲခံ​ဖို့​ဆိုပြီး တီဗွီ​ဆီ​သို့ အရူး​မီး​ဝိုင်း သူ့​ထက်​ငါ​သာ ပြေးလွှား​လေ​တော့​သည်။ သို့ရာတွင် တီဗွီ​စွဲ​ခြင်း​သည် ရ​ယ်​စ​ရာ​လုံးဝ​မဟုတ်။ မြုံနေ​သော​ပြဿနာ တစ်​ပြုံ​တစ်​ခေါင်း​ကြီး​ရှိသည်။ ၎င်း​တို့​အနက် အနည်းငယ်​ကို​သာ​ကြည့်​ပါ။

စာ​အဆင့်​ကျ​ခြင်း– (ယူအက်စ်) အမျိုးသား​စိတ္တ​ကျန်းမာ​ရေး​အဖွဲ့က တီဗွီ​ကြည့်​လွန်​မှု​ကြောင့် “စာ​ညံ့ဖျင်း​လာနိုင်​ကြောင်း၊ အထူးသဖြင့် အဖတ်​ညံ့​တတ်​ကြောင်း” တင်ပြ​သည်။ စာ​တတ်​ယောင်​ကား ဟူသော​စာအုပ်​က ဤသို့​စွပ်စွဲ​လိုက်​သည်– “တီဗွီ​သည် ကလေး​များ​အား သင်အံ​ခြင်း​သည် လွယ်​လည်း​လွယ်​ရမည်၊ အလိုလို​နေရင်း​နှင့်​လည်း​တတ်​ရမည်၊ အပျင်း​လည်း​ပြေ​ရမည် ဟူသော​မျှော်လင့်ခြင်း​မျိုး​ရှိစေသည်။” ထို့​ကြောင့် တီဗွီ​အိုး​များ​အဖို့ စာကျက်ခြင်း​သည် ဆင်းရဲခြင်း​တစ်မျိုး။

စာဖတ်​ညံ့​ခြင်း– သင်သည် စာအုပ်​တစ်အုပ်​ကို အစ​မှ​အဆုံး အပြီး​မဖတ်​ဘဲ​နေခဲ့​သည်​မှာ မည်မျှ​ကြာပြီ​နည်း။ အနောက်​ဂျာမန် စာအုပ်​ရောင်းဝယ်​သူများ​အသင်း​၏​ကိုယ်စားလှယ်​တစ်ဦး​က ဤသို့​ညည်းညူ​ခဲ့​သည်– “ကျွန်တော်​တို့​လူမျိုးဟာ အလုပ်ဆင်း အိမ်ပြန်​တာ​နဲ့ တီဗွီ​ရှေ့ အိပ်ပျော်​သွားတဲ့​လူမျိုး​ဖြစ်သွား​ပါ​ပြီ။ စာဖတ် နည်း​သ​ထက်နည်း​လာ​ပါ​ပြီ။” ဩစတြေးလျ​မှ​လည်း အလားတူ​သတင်း​မျိုး​ကြား​ရ၏– “ဩစတြေးလျ​ကလေး​တစ်ယောက် စာ​ကိုတစ်​နာရီ​ကြာ​ဖတ်​လို့​ရှိရင် တီဗွီ​ကို ခု​နစ်နာ​ရီ​ကြာ​ကြည့်​ခဲ့​ပြီး​ဖြစ်ပါ​လိမ့်မယ်။”

အိမ်ထောင်ရေး​ဘဝ တိမ်ကော​ခြင်း– ခရစ်ယာန်​အမျိုးသမီး​တစ်ဦး ဤသို့​ရေးသား​လိုက်​သည်– “တီဗွီ​အကြည့်​လွန်​တဲ့​အတွက် ... ကျွန်မ​ဟာ အထီးကျန် တစ်ကောင်​ကြွက်​လို​ခံစားချက်​မျိုး ပြင်းပြင်းပြပြ​ခံစား​ရတယ်။ ကျွန်မ​အိမ်သားတွေ​လည်း သူစိမ်း​တစ်ရံ​တွေ​လို​ပဲ​ဖြစ်​ခဲ့​ကြတယ်။” တီဗွီ​ကြောင့် သင်လည်း မိသားစု​နှင့်အတူ​တကွ သွားလာ​လုပ်ကိုင်​သည့်​အချိန် နည်း​သည်ထက်​နည်းလာ​ပြီ​လော။

ပျင်းရိ​မှု– အချို့​က တီဗွီ​၏​အ​က​မ္မ (ပြု​မဲ့) သဘောတရား​ကြောင့် “[လူငယ်​အနေ​နှင့်] လို​တရ​နိုင်​သည်၊ ဘဝ​ဆိုတာ ဘာလုပ်​စ​ရာ​မှ​မလို​ဟူသော အတွေးမျိုး​ဝင်လာ​နိုင်​သည်” ဟု​ယူဆကြ​သည်။

မကောင်းသော​သြဇာ​လွှမ်းမိုးမှုကို ခံရ​ခြင်း– အချို့​တီဗွီ​ကွန်ရက်​များသည် အိမ်တွင်း​သို့ အ​ညှီ​အ​ဟောက်​များ သယ်ဆောင်​လာ​သည်။ အမြဲတမ်း​ဖွင့်​ကြည့်​လျှင် ကား​တိုက်မှု၊ ပေါက်ကွဲ​မှု၊ ဓား​ထိုး​မှု၊ သေနတ်​ပစ်​မှု​နှင့် က​ရာ​တေး​အသတ်အပုတ်​မြင်ကွင်း​များ​ကို မှန်မှန်​ရှုစား​ရ​လိမ့်​မည်။ ခန့်မှန်းချက်​တစ်ရပ်​အရ၊ အမေရိကန်​ပြည်ထောင်စု​၌ လူငယ်​တစ်ဦး​သည် ၁၄ နှစ်အရွယ်​ရောက်​သောအခါ လက်သီး​လက်မောင်း​ဖြင့်​သတ်ပုတ်​ခြင်း​နှင့် ဘုံ​ပစ္စည်း​များ​ကို​ဖျက်ဆီးခြင်း​တို့ကို​မဆို​ထား​နှင့်၊ လူပေါင်း ၁၈,၀၀၀ အား​သတ်ဖြတ်​သည်ကို​မြင်ပြီး​သား​ဖြစ်​လိမ့်​မည်​ဖြစ်သည်။

ဗြိတိသျှ​လူမျိုး ဝီလီယံ ဘဲလ်​စင် က ရမ်းကား​သတ်ပုတ်​သော တီဗွီ​ပြကွက်​များ​ကို​ရှုစား​သော ယောက်ျားက​လေး​များသည် “ကြီး​လေး​သော​အဓမ္မ​မှုများ​ကျူးလွန်​ဖို့” အလားအလာ ပို​၍​များ​ကြောင်း​တွေ့ရှိ​ရသည်။ သူက​တီဗွီ​အဓမ္မ​မှုများ​သည် “ကျိန်ဆဲ​ခြင်း၊ သိ​မ်ဖျင်း​ညစ်ညမ်း​သော​စကား​များ​သုံးစွဲခြင်း၊ ကစား​စဉ် ကျူးကျော်​ရန်စ​ခြင်း၊ သတ်​မည်​ပု​တ်​မည်​တ​ကဲ​ကဲ​လုပ်ခြင်း၊ နံရံ​များ​ပေါ်​ရေး​ခြ​စ်​ခြင်း၊ ပြူတင်းပေါက်​ခွဲခြင်း” တို့ကို​ပြု​ရန် လှုံ့ဆော်​တတ်​သည်​ဟု​လည်း​ဆို​၏။ ထိုသို့​သော​သြဇာ​များ​ကို မိမိ​မ​ဖြုံ​ဟု သင်​ထင်​ချင်​ထင်​မည်​မှန်​သော်လည်း တီဗွီ​အကြမ်းဖက်​ကား​များသည် အကြမ်းဖက်မှု​နှင့်​ပတ်သက်​၍ “လူငယ်​တစ်ယောက်​၏​အသိစိတ်​သဘောကို မပြောင်းလဲ​စေ​ကာ​မူ” အကြမ်းဖက်မှုကို မှန်မှန်​ရှုစားခြင်း​သည် ၎င်းကို​ခုခံ​တွန်းလှန်​သော မသိစိတ်​ကို တစ်စစ​တိုက်စား​တတ်​ကြောင်း ဘဲလ်​စင် လေ့လာ​တွေ့ရှိ​ရသည်။

သို့သော် ပို​၍​စိုးရိမ်​စ​ရာ​ကောင်း​သည်​မှာ၊ တီဗွီ​အကြမ်းဖက်​ကား​များ​ကို​စွဲ​ခြင်း​သည် ဘုရားသခင်​နှင့် မိမိ၏​နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ကို ဖျက်ဆီး​နိုင်​သည်။ ကိုယ်တော်​သည် ‘အဓမ္မအမှု​နှစ်သက်သူကို​မုန်းတော်မူ​၏။’—ဆာလံ ၁၁:၅

တီဗွီ​ကြည့်​သည့်​ကိစ္စ​ကို ငါ​ဘယ်လို​ချုပ်ထိန်း​နိုင်​မလဲ

တီဗွီ​ကို​ဒုစရိုက်​အဖြစ် ယူမှတ်​ရမည်ဟု​မဆိုလို။ စာရေး​ဆရာ ဗန်းစ်​ပါ​ကပ် ကဤသို့​ဆို​သည်– “ယူအက်စ် တီဗွီ​၌ တင်ဆက်​သော​အရာ​တော်​တော်​များများ​သည် အကျိုးပြု​ပေ​သည်။ ... မကြာခဏ ညနေပိုင်း​အစီအစဉ်​တွင် လင်းနို့၊ ဖျံ​ကြီး၊ ပြောင်​မှ​အစ၊ ငါး​ပူတင်း​အဆုံး၊ သတ္တဝါ​အမျိုးမျိုး​တို့၏​လှုပ်ရှားမှု​ကို​ပြသ​သော ပြောင်မြောက်​သည့် ဓာတ်​ပုံ​ပညာ​များ​ကို ရှုစား​နိုင်​ပေ​သည်။ လူထု​တီဗွီ​များ​၌ ရင်သပ်​ရှုမောဖွယ်​ကောင်းသော ဘဲ​လေး​ပြဇာတ်၊ အော်ပရာ​ပြဇာတ်​နှင့် သုံး​လေးဦး​တစ်ဖွဲ့​တေးဂီတ ဖြေ​ဖျော်​စ​ရာ​များ​ပြသ​ပေ​သည်။ အရေးပါသော သတင်း​ဖြစ်ရပ်​များ​တင်ပြ​ရာ​၌ တီဗွီ​သည်​အလွန်​ကောင်း​လှ​ပေ​သည်။ ... ရံဖန်ရံခါ တီဗွီ​သည် ပြောင်မြောက်​သော ပညာပေး​အစီအစဉ်များ​ထုတ်လွှင့်​ပေး​သည်။”

သို့သော်၊ ကောင်းသော​အရာများ​ဆို​သည့်​တိုင် များ​လွန်း​လျှင်​ဥပဒ်​ဖြစ်​နိုင်​သည်။ (သု. ၂၅:၂၇ နှိုင်းယှဉ်။) ဥပဒ်​ပြု​ပြကွက်​များ​ကို ပိတ်ပစ်​ရန်​ချုပ်တည်း​ခြင်း​လိုအပ်​ပါ​က တမန်တော်​ပေါလု​၏​အောက်ပါ​စကား​ကို မှတ်ထားဖို့​ကောင်း​၏– “ငါသည် ဘာ​၏​ကျွန်​မှ​အဖြစ်​မခံ။” (၁ ကောရိန္သု ၆:၁၂ယနေ့​အင်္ဂလိပ်​ဘာသာပြန်) သို့ဖြစ်၍၊ တီဗွီ​၏​ကျွန်​ဘဝ​မှ​အလွတ်​ရု​န်း​ကာ တီဗွီ​ကြည့်​သည့်​ကိစ္စ​ကို မည်သို့​ထိန်းချုပ်​နိုင်​မည်​နည်း။

စာရေး​ဆရာ လင်း​ဒါ​နီ​လ်​စင်​က “ချုပ်တည်း​ခြင်း​အစ ပန်းတိုင်​က” ဟူ၍ ရေးသား​လိုက်​သည်။ ရှေးဦး​စွာ သင့်​လက်ရှိ​အကျင့်ကို စိစစ်​ပါ။ ဘာ​ပြကွက်​ကို​ကြည့်​သည်၊ တစ်နေ့​နာရီ​ပေါင်း​မည်မျှ​ကြည့်​သည်ကို သီတင်း​တစ်ပတ်​အတွင်း မှတ်သားပါ။ အိမ်ပြန်လာ​တိုင်း ဖွင့်​ကြည့်​သလော။ အဘယ်​အချိန်၌ ပိတ်​သနည်း။ “မကြည့်​မနေ ပြကွက်​များ” တစ်ပတ်​အတွင်း မည်မျှ​ရှိ​သနည်း။ ထိုသို့​ဆန်းစစ်​လျှင် ရလဒ်​ကြောင့် သင်​ထိတ်လန့်​သွား​ချင်​ထိတ်လန့်​သွား​မည်။

ကိုယ်​ဘာ​ပြကွက်​ကို​ကြည့်​သည်​နှင့်​ပတ်သက်​၍ အထူး​ဂရုစိုက်​ပါ။ “ခံတွင်း​သည် အစာကို​မြည်းစမ်း​သကဲ့သို့ နား​သည် စကား​ကို​စုံစမ်း​သည်မဟုတ်​လော။” (ယောဘ ၁၂:၁၁) ထို့​ကြောင့် (မိဘများ​ပေး​သော​အကြံ​နှင့်​တကွ) ဝေခွဲ​ပိုင်းခြား​ဉာဏ်​ကို​သုံး​၍ ကြည့်​သင့်​ကြည့်​ထိုက်သည့်​ပြကွက်​များ​ကို ဝေခွဲ​ပါ။ အချို့​က ဘာ​ပြကွက်​ကို​ကြည့်​မည်​ကို ကြို​ဆုံးဖြတ်ပြီး ၎င်း​ပြကွက်​များ​အတွက်သာ တီဗွီ​ဖွင့်ကြ​သည်။ အချို့​က ထို့​ထက်​ပင်​ကြပ်တည်း​သည်။ ကျောင်း​ရက်​များ​အတွင်း တီဗွီ​မကြည့်​ရ၊ သို့​မဟုတ် တစ်နေ့​တစ်​နာရီ​သာ​ဟူသော ကန့်သတ်ချက်​များ​ပြဋ္ဌာန်း​ကြသည်။

သို့သော်၊ တီဗွီ​၏​ဆွဲဆောင်မှု​က ပြင်းထန်​လွန်း​လျှင် မည်သို့​နည်း။ အိမ်ထောင်​တစ်ခု​က ဤသို့​ဖြေရှင်း​လိုက်​သည်– “ကျွန်တော်​တို့ တီဗွီ​ကို မြေ​တိုက်ခန်း​ထဲ​ချော​င်​ထိုး​လိုက်တယ်။ ... မြေ​တိုက်ခန်း​မှာ​ဆိုတော့၊ အိမ်ထဲ​ဝင်လာ​တာ​နဲ့​တစ်ပြိုင်နက် ဖွင့်​ကြည့်​ချင်​တဲ့​သွေးဆောင်မှု ဒီလောက်​မ​ပြင်းပြ​ဘူး​ပေါ့။ တစ်ခုခု​ကြည့်​ချင်​လို့​ရှိရင် တကူးတက အောက်​ကို​ဆင်း​ရ​ပါ​တယ်။” တီဗွီ​ကို​ဘီ​ရို​ထဲ​၌​ထား၊ သို့​မဟုတ် ပ​လ​ပ်​မ​ထိုး​ဘဲ​ထား​လျှင်​လည်း အလားတူ​အရာရောက်​ပေ​သည်။

စိတ်ဝင်စားဖွယ်​ကောင်း​သည်​ကား၊ “တစ်ပတ်​အတွင်း တီဗွီ​မကြည့်​စ​တမ်း” ဟူသော​စိန်ခေါ်​ပွဲ​၌​ပါဝင်​ခဲ့​သော​လူငယ်များသည် ‘တီဗွီ​ဖြတ်​ဝေဒနာ’ ခံစား​နေကြ​စဉ် အခြား​ကောင်းသော​အရာများ​ဖြင့် တီဗွီ​ကို အစားထိုး​နိုင်​ကြောင်း တွေ့ရှိ​ခဲ့​ကြ​ပေ​သည်။ မိန်းကလေး​တစ်ဦး​က ဤသို့ပြန်ပြောင်း​ပြောဆို​၏– “ကျွန်မ​မေမေ​နဲ့​စကားစမြည်​ပြော​တယ်။ မေမေ​ဟာ အများကြီး စိတ်ဝင်စားစရာ​ကောင်း​တဲ့ လူတစ်ယောက်​ဖြစ်လာ​တာ​ကို​တွေ့ရ​တယ်။ ကျွန်မ​ရဲ့​အာရုံ​ဟာ သူ့​အပေါ်မှာ​တစ်ဝက်၊ တီဗွီ​ပေါ်မှာ​တစ်ဝက် ဖြစ်​မနေ​တော့​ဘူး​လေ။” အခြား​မိန်းကလေး​တစ်ဦး​သည် အချက်အပြုတ်​ကို လက်​တည့်​စမ်း​ကာ အချိန်ကို​ကုန်လွန်​စေ​ခဲ့​သည်။ ဂျေ​စင်​အမည်​ရှိ ယောက်ျားက​လေး​က “တီဗွီ​ကြည့်​မဲ့​အစား ပန်းခြံ​ထဲ​သွားတာ၊” သို့​မဟုတ် ငါးမျှား၊ စာဖတ်၊ ပင်လယ်​ကမ်းခြေ​ကို​သွားတာ​က ပို​၍​ပျော်​ဖို့​ကောင်း​ကြောင်း၊ တွေ့ရှိ​ခဲ့​သည်။

“ကျွန်တော် တီဗွီ​အိုး​ဖြစ်​ခဲ့တယ်” ဟူသော​ကြားညှပ်​ပါ ဝိုင်း​ယင့်​၏​အတွေ့အကြုံ​က တီဗွီ​အကြည့်​ချုပ်ထိန်း​ခြင်း​၏​နောက်​သော့ချက်​တစ်ခု​မှာ “သခင့်​အမှုတော်မြတ်​၌ ဆောင်ရွက်စရာ​များစွာ​ရှိ” ခြင်း​ပင်​ဖြစ်​ကြောင်း သိသာ​စေ​သည်။ (၁ ကောရိန္သု ၁၅:၅၈က​ဘ) သင့်​အနေ​နှင့်​လည်း ဘုရားသခင်​ထံ​ချည်း​ကပ်​ခြင်း၊ ယခု​ရရှိ​နိုင်ပြီ​ဖြစ်သော စာ​မွန်​ပေ​မြတ်​များ​၏​အထောက်အကူ​ဖြင့် သမ္မာကျမ်းစာ​လေ့လာခြင်း၊ ဘုရားသခင့်​လုပ်ငန်းတော်​မြတ်​၌ အလုပ်များလျက်​နေခြင်း​ဖြင့် တီဗွီ​ဖြတ်​နိုင်​ကြောင်း တွေ့ရ​ပါ​လိမ့်​မည်။ (ယာကုပ် ၄:၈) တီဗွီ​အကြည့်​ကို​ထိန်းချုပ်​လျှင် အကြိုက်တွေ့​အစီအစဉ်များ​ကို လက်လွတ်​သွား​မည်​မှန်​၏။ သို့ရာတွင်၊ အစီအစဉ်​တစ်ခု​ကို​မျှ​အလွတ်​မခံ၊ တီဗွီ​ကို​အပြည့်အဝ အဘယ်ကြောင့်​အသုံးပြု​ရမည်​နည်း။ (၁ ကောရိန္သု ၇:၂၉၊ ၃၁ ရှု) တမန်တော်​ပေါလု​လို ကိုယ့်​ကိုယ်ကို ‘အကြမ်း​ကိုင်’ ဖို့​ကောင်း​ပါ​သည်။ ပေါလု​က မိမိသည် “ကိုယ်ကို​ထိုး​၍ နှိပ်စက်​လေ့​ရှိ၏” ဟု​ဆို​သည်။ (၁ ကောရိန္သု ၉:၂၇) သို့ပြုခြင်း​သည် တီဗွီ​ကျွန်​ဖြစ်​ခြင်း​ထက် မကောင်း​ပေ​လော။

ဆွေးနွေး​ရန်​မေးခွန်းများ

◻ တီဗွီ​ကြည့်​ခြင်း​သည် အချို့​လူငယ်များ​အဖို့ အစွဲ​တစ်မျိုး​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

◻ တီဗွီ​အကြည့်​လွန်​လျှင် အဘယ်​ဆိုးကျိုး​များ​ပေါ်လာ​နိုင်​သနည်း။

◻ တီဗွီ​ကြည့်​ခြင်း​ကို ထိန်းချုပ်​သော​နည်း​အချို့​ကား အဘယ်နည်း။

◻ တီဗွီ​ကြည့်​ခြင်း​ကို အဘယ်အရာ​များ​ဖြင့်​အစားထိုး​နိုင်​သနည်း။

[စာမျက်နှာ ၂၉၅ ပါ​အကျဉ်း​ဖော်ပြချက်]

“ကျွန်မ ဒီ​အတောအတွင်း စိတ်ကျ​တဲ့​အခြေ​မျိုး​ဆိုက်​နေတယ်။ ... ကျွန်မ ရူး​ချင်​ပြီ။”—“တစ်ပတ်​အတွင်း တီဗွီ​မကြည့်​စ​တမ်း” စိန်ခေါ်​ပွဲ​တွင် ပါဝင်သူ ဆယ့်နှစ်​နှစ်​သမီး စူ​စ​မ်

[စာမျက်နှာ ၂၉၂၊ ၂၉၃ ပါ​လေးထောင့်ကွက်]

‘ကျွန်တော် တီဗွီ​အိုး​ဖြစ်​ခဲ့တယ်’—မေးမြန်းခန်း

မေးမြန်း​သူ– ဘယ်​အရွယ်မှာ တီဗွီ​စွဲ​ခဲ့​သလဲ။

ဝိုင်း​ယင့်– ဆယ်နှစ်​အရွယ်​လောက်​တုန်း​က။ ကျောင်း​က​ပြန်​လာတာ​နဲ့ တီဗွီ​ဖွင့်​တော့​တာ​ပဲ။ အစ​မှာ ကာတွန်း​နဲ့​ကလေး​ကား​တွေ​ကြည့်​တယ်။ နောက်တော့ သတင်း​ကြေညာ​တယ်၊ ... ပြီး​တော့ ကျွန်တော် မီးဖိုဆောင်​ထဲ​ဝင်ပြီး စားစရာ​လေး​ရှာ​စား​တယ်။ ဒိ​နောက်​မှာ တီဗွီ​ဆီ​ကို​ပြန်သွား​ပြီး အိပ်ချင်​တဲ့​အချိန်အထိ ကြည့်​တယ်။

မေးမြန်း​သူ– ဘယ်​အချိန်​မှာ သူငယ်ချင်းတွေ​နဲ့​ကစား​သလဲ။

ဝိုင်း​ယင့်– တီဗွီ​ဟာ ကျွန်တော့်​သူငယ်ချင်း​ပဲ။

မေးမြန်း​သူ– ဒီလို​ဆိုရင် ကစား​ဖို့​အချိန်​မရှိဘူး​ပေါ့။

ဝိုင်း​ယင့်– [ရ​ယ်​လျက်] ကျွန်တော့်​မှာ ဘာ​အားကစား​စွမ်းရည်​မှ​မရှိဘူး။ တစ်ချိန်​လုံး တီဗွီ​ပဲ​ကြည့်​နေ​တော့​ကာ၊ ဘယ်က​လာ အားကစား​စွမ်းရည်​တွေ​ရှိမှာလဲ။ ဘတ်စကက်ဘော ကစား​တဲ့​အခါ ညံ့​ဆို​မှ တကယ့်ကို​ညံ့။ ဂျွမ်း​ဘား​သင်တန်း​မှာလည်း အမြဲတမ်း နောက်ဆုံး​မှ​အ​ရွေး​ခံရ​တယ်။ ခု​ထက် အားကစား အစွမ်းအစ​လေး​တော့​ရှိ​ချင်​ပါ​ရဲ့—ကြွား​ချင်​လို့​တော့​မဟုတ်ဘူး။ အနည်းဆုံး​တော့ ပျော်ပျော် ကစား​နိုင်အောင်​လို့​ပါ။

မေးမြန်း​သူ– ကျောင်းစာ​ကော။

ဝိုင်း​ယင့်– သဒ္ဒါ​ကို​တော့ ပိုင်​ပါ​ရဲ့။ ကပ်​ခါနီး​ကျ​မှ သန်း​ခေါင်​အထိ အိမ်စာ​လုပ်တယ်။ အထက်တန်း​ကို​ရောက်တော့ ပို​ခက်​လာတယ်။ စာ​ကျက်​တဲ့​အကျင့်ကောင်း​မှ မရှိတာ။

မေးမြန်း​သူ– တီဗွီ​ကြည့်​လွန်းလို့ ဩဇာ​ခံ​ဖြစ်​ခဲ့​ရ​သလား။

ဝိုင်း​ယင့်– မှန်ပါတယ်။ တစ်ခါ​တ​လေ လူတွေ ကျွန်တော့်​အနားမှာ ရှိတဲ့​အခါ သူတို့နဲ့​ရောပြီး​စကားပြော​မဲ့​အစား သူတို့ကို တီဗွီ​ပြကွက်​ကြည့်​သလိုပဲ​ကြည့်​ပြီး နေတတ်​ပါ​တယ်။ ကျွန်တော် ခု​ထက်ပိုပြီး လူ​ဝင်​ဆန့်​နိုင်​ဖို့ မျှော်လင့်တယ်။

မေးမြန်း​သူ– ခု ခင်ဗျား စကား​လက်ဆုံ​ကျနေ​ပုံ​က မဆိုး​တော့​ဘူး​ဘဲ။ တီဗွီ​ဖြတ်​ခဲ့​မှန်း​သိသာတယ်။

ဝိုင်း​ယင့်– အထက်တန်း​ကျောင်း​ရောက်တဲ့​နောက်ပိုင်း ကျွန်တော် တီဗွီ​ကို စပြီး​ဖြတ်​ခဲ့တယ်။ ... သက်သေခံ​အပေါင်းအသင်းတွေ​နဲ့ ပေါင်းသင်း​လာတော့ ဝိညာဉ်​ရေး​ဘက် တိုးတက်​လာတယ်။

မေးမြန်း​သူ– တီဗွီ​ကြည့်​တာ​နဲ့ ဘယ်လို​ပတ်သက်​လို့လဲ။

ဝိုင်း​ယင့်– ဝိညာဏ​ရေးရာ​တွေ​ကို တန်ဖိုး​ထား​တတ်လာ​တာ​နဲ့​အမျှ တစ်ချိန်က ကျွန်တော်​ကြည့်​လေ့​ရှိတဲ့​ပြကွက်​တွေ​ဟာ ခရစ်ယာန်​များ​အတွက်​မသင့်တော်မှန်း သိလာတယ်​လေ။ ကျမ်းစာ​လေ့လာမှု​နဲ့ စည်းဝေး​အတွက်​ပြင်ဆင်မှု ပို​ပြီး​လုပ်ဖို့​လိုအပ်​တာ​ကိုလည်း မြင်​လာတယ်။ ဒီတော့ တီဗွီ​ကြည့်​တဲ့​အချိန်ကို ကုန်​မလောက် ဖြတ်ပစ်​လိုက်တယ်။ လွယ်တယ်​တော့​မဟုတ်ဘူး။ စနေနေ့​မနက်​ကာတွန်း​ကား​ကို ကျွန်တော်​သိပ်​သဘောကျခဲ့​တယ်။ ဒါပေမဲ့ အသင်းတော်​ထဲ​က ခရစ်ယာန်​ညီအစ်ကို​တစ်ဦး​က စနေနေ့​မနက် တစ်အိမ်​တက်​ဆင်း​ဟောပြောခြင်း​လုပ်ငန်းမှာ​သူနဲ့​လိုက်ခဲ့ပါ​ဆို​လို့ စနေနေ့​မနက် တီဗွီ​ကြည့်​တဲ့​အကျင့် ပျက်​ခဲ့တယ်​ပေါ့။ ဒါ​ကြောင့် နောက်ဆုံး​တော့​လဲ၊ တီဗွီ​လျှော့​ကြည့်​လာ​တတ်တယ်။

မေးမြန်း​သူ– အခု​ကော။

ဝိုင်း​ယင့်– တီဗွီ​ဖွင့်​ထား​လို့​ရှိရင် ဘာကိုမှ​မ​လုပ်တတ်​ဘဲ​နေတတ်​တဲ့​ပြဿနာ ရှိပါ​သေး​တယ်။ ဒါ​ကြောင့် အများအားဖြင့် တီဗွီ​ကို​မ​ဖွင့်​ဘဲ​ထား​ပါ​တယ်။ တကယ်​ပြော​ရ​ရင်၊ လွန်ခဲ့တဲ့​လ​ပိုင်း​တွေ​မှာ ကျွန်တော့်​တီဗွီ​ပျက်​သွားတာ ခု​ထက်​ထိ မ​ပြင်​ဘဲ​ပစ်ထား​တယ်​လေ။

[စာမျက်နှာ ၂၉၁ ပါ​ရုပ်ပုံ]

အချို့​သည် တီဗွီ​ကို အစွဲ​ကြီး စွဲ​တတ်​သည်

[စာမျက်နှာ ၂၉၄ ပါ​ရုပ်ပုံ]

တီဗွီ​ကို အဆင်မပြေ​သည့်​နေရာ၌​ထားသော​အခါ ဖွင့်​ကြည့်​ချင်​သည့်​စိတ် ပြင်းပြ​တော့​မည်​မဟုတ်