ဘာပဲဖတ်ဖတ် အကြောင်းလား
အခန်း ၃၅
ဘာပဲဖတ်ဖတ် အကြောင်းလား
“စာများကို စီရင်၍မကုန်မဆုံး။ စာကို အားကြီးစွာသင်ကြားလေ့ကျက်ခြင်းအမှုသည် ကိုယ်ကို ပင်ပန်းစေသောအမှုဖြစ်၏” ဟု ရှောလမုန်ဘုရင်က ထိုသို့သတိပေး၏။ (ဒေသနာ ၁၂:၁၂၊ သမ္မ) ရှောလမုန်က စာမဖတ်ကြနှင့်ဟု ပြောနေသည်မဟုတ်; ရွေးဖတ်ရန် ဆိုနေခြင်းသာ။
ဆယ့်ခုနစ်ရာစု ပြင်သစ်လူမျိုး ဒဿနပညာရှင် ရေနေး ဒေကတ်က ဤသို့ဆို၏– “စာကောင်းပေကောင်းဖတ်သူသည် ရှေးလူကြီးလူကောင်းများနှင့် စကားလက်ဆုံကျသည့်ပမာဖြစ်သည်။ စာရေးသူက မိမိ၏အမွန်မြတ်ဆုံးသော အတွေးအခေါ်ကိုသာထုတ်ဖော်ပြောဆိုသော လက်ရွေးစင် စကားလက်ဆုံပွဲ ဟူ၍ပင်ခေါ်နိုင်ပါသည်။” သို့ရာတွင် စာရေးဆရာတိုင်း မိမိနှင့်အတူ ‘စကားပြောထိုက်’ သူမဟုတ်။ သူတို့၏အတွေးအခေါ်မှန်သမျှသည်လည်း “မွန်မြတ်” သည်ချည်းမဟုတ်။
သို့ဖြစ်၍ မကြာခဏကိုးကားသောသမ္မာကျမ်းစာမူနှင့် ပတ်သက်လာပြန်သည်– “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်၏။” (၁ ကောရိန္သု ၁၅:၃၃) ဟုတ်ပါသည်၊ သင့်အပေါင်းအသင်းသည် သင့်အကျင့်စရိုက်ကိုပုံသွင်းပေးနိုင်သည်။ သူငယ်ချင်းတစ်ဦးနှင့်အပေါင်းများသဖြင့် သူ့လိုလုပ်၊ သူ့လိုပြောရုံမက၊ သူ့လိုစဉ်းစားသည်အထိ ဖြစ်ခဲ့ဘူးသလော။ စာဖတ်ခြင်းသည်လည်း စာရေးသူနှင့် နာရီပေါင်းများစွာ စကားပြောသည်နှင့်တူပေသည်။
မဿဲ ၂၄:၁၅ (ကဘ) ပါ ယေရှုမိန့်ကြားသည့်မူသည် ဆီလျော်လှပေသည်– “စာရှုသူ ဝေခွဲပိုင်းခြားဉာဏ်ကိုသုံးပါစေ။” ဖတ်သည့်စာကို ဝေဖန်ချိန်ဆပါ။ လူသားမှန်သမျှ အနည်းနှင့်အများ ဘက်လိုက်တတ်၏။ အမြဲတမ်းရိုးသားမှုအပြည့်ဖြင့် အဖြစ်မှန်ကိုအရှိအတိုင်း ရေးချင်မှရေးမည်။ ထို့ကြောင့် ဖတ်သမျှ၊ ကြားသမျှကို စောကြောခြင်းမရှိဘဲ လက်သင့်မခံပါနှင့်။ “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။”—သု. ၁၄:၁၅။
အထူးသဖြင့် အသက်တာဘဝနှင့်ပတ်သက်သော ဒဿနိက (အတွေးအခေါ်) ပညာကို သတိပြုပါ။ ဥပမာ၊ ဆယ်ကျော်သက်ဆိုင်ရာမဂ္ဂဇင်းများသည် ချိန်းတွေ့ခြင်းမှအစ၊ လက်မထပ်မီ လိင်ဆက်ဆံခြင်းအဆုံး၊ ပွေပွေလီလီ အကြံအမျိုးစုံပေးတတ်သည်—သို့သော် ခရစ်ယာန်များ အမြဲလိုက်နာအပ်သောအကြံမဟုတ်။ အဘိဓမ္မာ (နက်နဲသောအတွေးအခေါ်) ဆန်သော အမေးအမြန်းတို့နှင့်တင်းကျမ်းပြည့်လျှံနေသည့် စာအုပ်များဆိုလျှင်မည်သို့နည်း။
သမ္မာကျမ်းစာက ဤသို့သတိပေး၏– “ခရစ်တော်ထံမှမဟုတ်ဘဲ၊ လူတို့၏ထုံးတမ်းစဉ်လာမှ ... သက်ရောက်သည့် လွဲမှားသိမ်ဖျင်းသော လူ့အယူအဆ [ဒဿနိကပညာ၊ ကဘ] အားဖြင့် အဘယ်သူမျှသင်တို့အား ကျွန်ဘဝသို့မသက်ဆင်းစေရန် သတိပြုကြလော့။” (ကောလောသဲ ၂:၈၊ သက) သမ္မာကျမ်းစာနှင့် ဤစာအုပ်ကဲ့သို့ သမ္မာကျမ်းစာပေါ်အခြေပြုသောစာပေများက သာ၍ကောင်းသောအကြံ ပေးပေသည်။—၂ တိမောသေ ၃:၁၆။
စိတ်ကူးယဉ်အချစ်ဝတ္ထု—ဥပဒ်ကင်းသလော
အမေရိကန်တစ်နိုင်ငံတည်းမှာပင် အချစ်ဝတ္ထုစွဲသူများ သန်း ၂၀ ခန့်ပင်ရှိသည်။ ဘုရားသခင်ကိုယ်တော်တိုင် ယောက်ျားနှင့်မိန်းမများစိတ်ထဲ၌ ချစ်၍အိမ်ထောင်ပြုလိုသောဆန္ဒကို ထည့်သွင်းပေးခဲ့သည်မှန်၏။ (ကမ္ဘာဦး ၁:၂၇၊ ၂၈; ၂:၂၃၊ ၂၄) သို့ဖြစ်၍ ဒဏ္ဍာရီပုံပြင်အများ၌ ချစ်ရေးကြိုက်ရေးကို အထူးအသားပေး ရေးဖွဲ့ကြသည်ကိုတွေ့ရသည်မှာ အဆန်းမဟုတ်။ ကန့်ကွက်စရာ ဟုတ်ချင်မှလည်းဟုတ်မည်။ အချို့အချစ်ဝတ္ထုများသည် ရသမြောက်စာပေထဲပင် စာရင်းဝင်ခဲ့ကြပေသည်။ သို့ရာတွင် ထိုရှေးဟောင်းအချစ်ဝတ္ထုများသည် ယခုခေတ်စံချိန်အရ ငြီးငွေ့စရာဖြစ်သောကြောင့် စာရေးဆရာတို့က မကြာသေးမီအချိန်တွင် နောက်တစ်ပုံစံဖြင့် အချစ်ဝတ္ထုများကို တောင်ပုံယာပုံ ဗုံးပေါလအော ရေးသားထုတ်ဝေကာ အမြတ်ထုတ်ခဲ့ကြသည်။ အချို့က မိမိတို့၏ဝတ္ထုကို အသက်ဝင်အောင် ခံစားချက်ရှိစေအောင်၊ သမိုင်းနောက်ခံ၊ သို့မဟုတ် ဥရောပအလယ်ခေတ်ကဖြစ်ရပ်များကို ထည့်သွင်းရေးသားကြဆဲ။ အချို့မှာ အရေးအသားနှင့်ဇာတ်အိမ်ဘက်တွင် ခေတ်နှင့်ယှဉ်၏။ သို့တစေ၊ အနည်းငယ်ကွဲပြားသည်မှလွဲလျှင် ခေတ်အချစ်ဝတ္ထုများသည် ကြို၍သိနိုင်သောဇာတ်လမ်းအတိုင်းလိုက်ကြသည်ချည်း။ ဇာတ်လိုက်နှင့်ဇာတ်လိုက်မင်းသမီးတို့သည် မိမိတို့၏ပွင့်ဖူးစအချစ်၏ရန်စူးရန်ငြှောင့်အမျိုးမျိုးကို ခဲရာခဲဆစ် ဖြတ်သန်းကျော်လွှားကြရသည်။
ဇာတ်လိုက်သည် တကယ့်ဇာတ်လိုက်ပီပီ လူစွမ်းကောင်းကြီး။ ပြီးတော့၊ မာန်လွှားတဲ့လူတွင်ကျယ်။ ဇာတ်လိုက်မင်းသမီးမှာမူ၊ ပျော့ပျောင်းနွဲ့နှောင်း၍ အများအားဖြင့် ဇာတ်လိုက်ထက် အသက် ၁၀ မှ ၁၅ နှစ်အထိငယ်သည်။ ဇာတ်လိုက်သည် မင်းသမီးကို ပမာမခန့် ဆက်ဆံတတ်ပါလျက်နှင့် မင်းသမီးက သူ့ကိုမှ အစွဲကြီးစွဲလမ်းလျက်။
အချစ်ပြိုင်ဘက်လည်းရှိတတ်သည်။ သူသည် ထောက်စာကြင်နာတတ်သော်လည်း မင်းသမီးကို ကိုယ့်ဘက် စိတ်ယိုင်လာအောင်မလုပ်နိုင်။ ထို့ကြောင့် မင်းသမီးကမူရာမာယာကြွယ်သောမက်လုံးများသုံးကာ ကျောက်နှလုံးသားပိုင်ရှင် ဇာတ်လိုက်ကြီးကို ကြင်နာယုယတတ်သူတစ်ဦးအဖြစ်သို့ဖန်တီးလိုက်ရာ ဇာတ်လိုက်ကလည်း မင်းသမီးပေါ် သစ္စာမေတ္တာစကားများဆိုလှာလေသည်။
ယခင်က မယုံသင်္ကာမှန်သမျှ ရှင်းလင်းခွင့်လွှတ်လိုက်သည့်နောက် လက်ထပ်ကြကာ တူနှစ်ကိုယ်ရွှေလက်တွဲပြီး အချစ်ဗိမာန် ထာဝစဉ်စံမြန်းလေတော့သည်ဟူ၏ ...ချစ်ခြင်းမေတ္တာဟာ အချစ်ဝတ္ထုထဲက အတိုင်းလား
ထိုသို့သောစိတ်ကူးယဉ်ဝတ္ထုများကိုဖတ်ခြင်းက သင့်မြင်ကွင်းအဖြစ်မှန်ကို ဖုံးအုပ်စေနိုင်မည်လော။ ၁၆ နှစ်အရွယ်ကတည်းကစ အချစ်ဝတ္ထုဖတ်လာခဲ့သော ဘောင်းနီက “ကျွန်မဟာ အရပ်ထောင်ထောင်မောင်းမောင်း၊ အသားညိုညိုနဲ့ မြင်ရသူရင်ဖိုလောက်တဲ့ ကိုလူချော; ပိုင်စိုးပိုင်နင်း လုပ်တတ်တဲ့ ယောက်ျားမျိုးကို မှန်းခဲ့တယ်” ဟုဆိုပါသည်။ “ယောက်ျားလေးတစ်ယောက်နဲ့ကျွန်မချိန်းတွေ့တဲ့အခါမှာ သူကမဖက်ချင် မနမ်းချင်လို့ရှိရင် ဒီလိုလူစားဟာ ငြီးငွေ့စရာကြီး။ ထောက်စာကြင်နာတယ်ဆိုတာ အလကား။ ကျွန်မလိုချင်တာက အချစ်ဝတ္ထုထဲက သဲလှိုက်ရင်ဖိုတာမျိုး” ဟူ၍လည်းဝန်ခံ၏။
ဘောင်းနီသည် လက်ထပ်ပြီးသည့်နောက်မှာလည်း အချစ်ဝတ္ထုဆက်၍ဖတ်ခဲ့သည်။ သူဤသို့ဆို၏– “ကျွန်မမှာ အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့။ မိသားစုလည်းသိုက်သိုက်ဝန်းဝန်း။ ဒါပေမဲ့ တစ်ခုခုလိုနေသလိုလိုပဲ။ ... အချစ်ဝတ္ထုထဲက မက်မောစရာကောင်းလောက်အောင် စီကာပတ်ကုံး ရေးစပ်ထားတဲ့စွန့်စားခန်းတွေ၊ သဲလှိုက်ရင်ဖိုစရာတွေကိုပဲ တမ်းတနေမိတယ်။ ကျွန်မအိမ်ထောင်ရေးဟာ ဘယ်လိုဖြစ်နေပါလိမ့်ဆိုပြီး တွေးမိတယ်။” သို့သော် ယောက်ျားသည် မိမိဇနီးအား မက်လုံး၊ သို့မဟုတ် “ရင်ဖိုစရာတွေ” ပေးရုံနှင့်မလုံလောက်ကြောင်း သမ္မာကျမ်းစာက ဘောင်းနီအား အမြင်မှန်ရစေခဲ့သည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ ကိုယ်အသားကိုမုန်းသောသူ တစ်ယောက်မျှမရှိ။ ... မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။”—ဧဖက် ၅:၂၈၊ ၂၉။
အချစ်ဝတ္ထုအများစုက ဇာတ်သိမ်းသောအခါ၊ ဇာတ်ကောင်များ လွယ်လွယ်နှင့် ပြန်လည်သင့်မြတ်သွားကြပြီး လိုတရလောကနိဗ္ဗာန်ဖြင့် အဆုံးသတ်လေ့ရှိရကား၊ ၎င်းကိုမည်သို့ဆိုမည်နည်း။ ဘဝအဖြစ်မှန်နှင့် ဝေလာဝေး။ ဘောင်းနီ ဤသို့ဇာတ်ကြောင်းလှန်၏– “ကျွန်မအမျိုးသားနဲ့ကျွန်မ သဘောကွဲလွဲတဲ့အခါ သူနဲ့ထုတ်ဖော်ဆွေးနွေးမဲ့အစား၊ ဇာတ်လိုက်မင်းသမီးလို လှည့်ကွက်ဆင်ပါတယ်။ ကျွန်မအမျိုးသားက ဇာတ်လိုက်လိုမတုံ့ပြန်တော့ ကျွန်မစိတ်ကောက်ပါလေရော။” “အချင်းမိန်းမတို့ ... ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့” ဟူသော သမ္မာကျမ်းစာသြဝါဒသည် ဘဝအဖြစ်မှန်နှင့်ပို၍ညီညွတ်ပြီး လက်တွေ့မကျပေလော။—ကောလောသဲ ၃:၁၈။
အထိအတွေ့ဆိုင်ရာ အရေးအသားများ
စိတ်ဝင်စားဖွယ်ရာမှာ၊ ဆယ်ကျော်သက်များ အများဆုံး မှာယူဖတ်ရှုသောအချစ်ဝတ္ထုအမျိုးအစားမှာ အထိအတွေ့အကြောင်း ကွက်ကွက်ကွင်းကွင်း ရေးသားဖော်ပြသည့်အစားမျိုးဖြစ်သည်။ ၎င်းဝတ္ထုမျိုးကို အချို့မြို့များရှိ လူထုစာကြည့်တိုက်များ၌ ရယူနိုင်သည်။ ၎င်းတို့သည် ဥပဒ်ဖြစ်စေနိုင်သလော။ ၁၈ နှစ်အရွယ် ကယ်ရင်က ရှင်းလင်းတင်ပြ၏– “ဒီစာအုပ်တွေဖတ်လို့ ကျွန်မမှာ ပြင်းပြတဲ့တဏှာနဲ့ မြည်းစမ်းချင်စိတ်တွေ ပေါ်လာခဲ့တယ်။ မင်းသမီးက ဇာတ်လိုက်နဲ့တွေ့လို့ အကြည်ဆိုက်ပြီးရွှင်မြူးနေတာတွေကို ကျွန်မလဲခံစားချင်လာတယ်။ ဒါကြောင့် ကျွန်မချိန်းတွေ့တဲ့အခါမှာ အဲဒီခံစားချက်မျိုးပေါ်လာအောင် လုပ်ကြည့်တယ်။ ရလဒ်က မတရားမေထုန်။” သို့သော် သူသည်အချစ်ဝတ္ထုထဲမှ မင်းသမီးလိုခံစားရသလော။ ကယ်ရင်၏တွေ့ရှိချက်မှာ ဤသို့– “ဟိုလိုခံစားချက်တွေဟာ စာရေးဆရာတွေရဲ့ လုပ်ဇာတ်တွေ။ အမှန်တကယ်ရှိတာမဟုတ်ဘူး။”
အထိအတွေ့နှင့်ဆိုင်သော စိတ်ကူးယဉ်ကိုဖန်တီးခြင်းသည် တကယ်ပင်စာရေးဆရာအချို့၏ ဦးတည်ချက်ဖြစ်သည်။ ထုတ်ဝေသူတစ်ဦးက အချစ်ဝတ္ထုရေး စာရေးဆရာများအား အဘယ်သို့အကြံပေးသည်ကိုသာကြည့်ပါ– “အထိအတွေ့အကြောင်းရေးရင် မင်းသားရဲ့အဖက်အနမ်းကြောင့် ဖြစ်ပေါ်လာတဲ့တဏှာရာဂ ခံစားချက်ကို အထူးအသားပေးဖော်ပြရမယ်။” အချစ်ပုံပြင်များသည် “စာဖတ်သူရဲ့စိတ်ကိုဆွပြီး စိတ်နဲ့ကိုယ်မှာ သာယာမှုစည်းစိမ်ကို ဆိမ့်နေအောင် ခံစားစေနိုင်ရမယ်” ဟူ၍ ထပ်ဆင့်အကြံပြုလိုက်သေးသည်။ ထိုသို့သောစာပေများကိုဖတ်လျှင် သမ္မာကျမ်းစာ၏အောက်ပါသြဝါဒကို လိုက်နာဖို့လွယ်မည်မဟုတ်တော့။ “မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း ... မြေကြီးပေါ်မှာရှိသောသင်တို့၏ ကိုယ်အင်္ဂါတို့ကိုသေစေကြလော့။”—ကောလောသဲ ၃:၅။
ရွေးဖတ်ပါ
စာရိတ္တပျက်ခံစားချက်များကိုနှိုးဆွ၍ စိတ်ကူးယဉ်ဆန်သောတောင့်တမှုကို ဖြစ်ပေါ်စေသောဝတ္ထုများကိုရှောင်လျှင် အကောင်းဆုံးဖြစ်သည်။ လမ်းကြောင်းပြောင်းပြီး သမိုင်း၊ သိပ္ပံ စသောစာအုပ်များကိုဖတ်ပါလေ။ ပုံပြင်များကို မဖတ်သင့်ဟုမဆိုလို။ လူကိုဖျော်ဖြေနိုင်ရုံမက ပညာလည်းပေးသောပုံဝတ္ထုများ ရှိပေသည်။ သို့သော် ဝတ္ထုတစ်ပုဒ်သည် တဏှာရာဂ၊ အသတ်အပုတ်နှင့် နတ်ဝိဇ္ဇာတို့အကြောင်းကိုဖြစ်စေ၊ သီလပျက်၊ ရုန့်ရင်းကြမ်းတမ်း၍ လောဘကြီးသော “ဇာတ်လိုက်များ” အကြောင်းဖြစ်စေ ရေးသားထားလျှင် အချိန်အကုန်ခံပြီးဖတ်သင့်သလော။
ထို့ကြောင့် သတိတရားကျင့်သုံးပါ။ စာအုပ်တစ်အုပ်ကိုကောက်မဖတ်ခင် မျက်နှာဖုံးနှင့်စာအုပ်ဖုံးတို့ကိုစစ်ဆေးပါ; ပယ်ထိုက်သောအရေးအသားများရှိမရှိ စိစစ်ပါ။ ဂရုစိုက်သည့်ကြားမှ မကောင်းသောစာအုပ်ဖြစ်မှန်းတွေ့ရလျှင် စာရိတ္တဗလရှိရှိ ချထားလိုက်ပါ။
၎င်းတို့နှင့် လားလားကြီးဆန့်ကျင်လျက်၊ သမ္မာကျမ်းစာနှင့် သမ္မာကျမ်းစာအခြေပြုစာအုပ်များကိုဖတ်လျှင် အကျိုးဖြစ်မည်၊ ဥပဒ်မဖြစ်။ ဥပမာ ဂျပန်မိန်းကလေးတစ်ဦးက မိမိသည် သမ္မာကျမ်းစာကိုဖတ်သည့်အတွက် လူငယ်တို့ကြုံနေကျပြဿနာဖြစ်သော ကိလေသာစိတ်ကို အတွေးထဲကထုတ်ပစ်နိုင်သည်ဟု ဆို၏။ “ကျွန်မဟာ ကျမ်းစာကို အမြဲခုတင်နားမှာထားပြီး အိပ်ရာမဝင်ခင် ဖတ်ဖြစ်အောင်ဖတ်ပါတယ်။ (အိပ်ချိန်မျိုးမှာလို) ဘာအလုပ်မှမရှိ၊ တစ်ယောက်ထဲနေတဲ့အချိန်မှာပေါ့၊ စိတ်က တဏှာအကြောင်းတွေးတတ်ပါတယ်။ ဒါကြောင့် ကျမ်းစာဖတ်ခြင်းဟာ တကယ်ပဲအထောက်အကူဖြစ်တယ်!” မှန်ပေသည်။ သမ္မာကျမ်းစာပါ ယုံကြည်ခြင်းပြည့်ဝသူများနှင့် “စကားပြော” သည့်အတွက် သီလဗလကြီးထွားပြီးပျော်ရွှင်မှု တိုးပွားများပြားစေနိုင်ပေသတည်း။—ရောမ ၁၅:၄။
ဆွေးနွေးရန်မေးခွန်းများ
◻စာပေများကို အဘယ်ကြောင့် ရွေးဖတ်သင့်သနည်း။
◻အချစ်ဝတ္ထုသည် အဘယ်ကြောင့် ဤမျှလူငယ်တို့အသဲစွဲဖြစ်သနည်း။ သို့သော် ၎င်းတို့သည် အဘယ်အန္တရာယ်များရှိသနည်း။
◻လျောက်ပတ်သော စာပေများကို မည်သို့ရွေးချယ်နိုင်သနည်း။
◻သမ္မာကျမ်းစာနှင့် သမ္မာကျမ်းစာအခြေပြုစာပေများဖတ်ခြင်း၏ အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။
[စာမျက်နှာ ၂၈၇ ပါအကျဉ်းဖော်ပြချက်]
“ကျွန်မမှာ အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့။ မိသားစုလည်း သိုက်သိုက်ဝန်းဝန်း။ ဒါပေမဲ့ တစ်ခုခုလိုနေသလိုလိုပဲ။ ... အချစ်ဝတ္ထုထဲက မက်မောစရာကောင်းလောက်အောင် စီကာပတ်ကုံး ရေးစပ်ထားတဲ့စွန့်စားခန်းတွေ၊ သဲလှိုက်ရင်ဖိုစရာတွေကိုပဲ တမ်းတနေမိတယ်။ ကျွန်မအိမ်ထောင်ရေးဟာ ဘယ်လိုဖြစ်နေပါလိမ့် ဆိုပြီးတွေးမိတယ်”
[စာမျက်နှာ ၂၈၃ ပါရုပ်ပုံ]
စာအုပ် တောင်လိုပုံ။ ရွေးဖတ်မှ တော်ရာကျ
[စာမျက်နှာ ၂၈၅ ပါရုပ်ပုံ]
စိတ်ကူးယဉ်အချစ်ဝတ္ထုများသည် ဆွဲဆောင်မှု အပြည့်ရှိသလောက် ချစ်ခြင်းမေတ္တာနှင့် အိမ်ထောင်ရေးဘက်တွင် မွန်မြတ်သောအမြင်ရှိရန် ပညာပေး၏လော