စာတန်ကိုမဟုတ်ဘဲ ယေဟောဝါအမှုကို ဆောင်ပါ
ကျွန်တော်တို့အားလုံး ရွေးချယ်စရာတစ်ခု ရှိတယ်။ ယေဟောဝါဘုရားရဲ့ အမှုကို ဆောင်မလား၊ စာတန်နဲ့ နတ်ဆိုးတွေရဲ့ အမှုကို ဆောင်မလား ရွေးချယ်ရမယ်။ နှစ်ခုစလုံး ရွေးချယ်လို့တော့ မရဘူး။ ယေဟောဝါဘုရားရဲ့ အမှုကို ဆောင်တာဟာ ပညာအရှိဆုံးပါပဲ။
ယေဟောဝါဘုရားဟာ ကောင်းမြတ်
ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့အတိုင်း နတ်ဆိုးတွေက လူတွေကို ထိခိုက်နစ်နာစေပြီး လှည့်ဖြားကြတယ်။ ယေဟောဝါဘုရားကတော့ အဲဒီလို မဟုတ်ဘူး။ ဖခင်က မိမိကလေးတွေကို ချစ်သလို လူတွေကို ဘုရား ချစ်မြတ်နိုးတယ်။ ဘုရားသခင်ဟာ “ကောင်းမြတ်တဲ့ဆု ကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင်မှန်သမျှ” ကို ပေးတဲ့အရှင်ပါ။ (ယာကုပ် ၁:၁၇) အကြီးအကျယ် အနစ်နာခံပြီးတာတောင် ဘာမှ ထိန်ချန်မထားဘဲ လူတွေကို ကောင်းတာတွေ ပေးတယ်။—ဧဖက် ၂:၄-၇။
ဘုရားသခင့်သားတော် ယေရှု မြေကြီးပေါ်ရှိစဉ် လုပ်ဆောင်ခဲ့ရာတွေကို စဉ်းစားကြည့်ပါ။ စကားမပြောနိုင်သူကို စကားပြောလာအောင် လုပ်ပေးတယ်။ မျက်မမြင်သူတွေကို မျက်စိပြန်မြင်စေတယ်။ အနာကြီးရောဂါ စွဲကပ်နေသူတွေနဲ့ ခြေမသန်သူတွေကို ကုသပေးတယ်။ နတ်ဆိုးတွေကို နှင်ထုတ်တယ်၊ ရောဂါအားလုံးကို ကုသပေးတယ်။ ဘုရားသခင့်တန်ခိုးတော်ကိုသုံးပြီး လူသေကိုတောင် ပြန်ရှင်စေခဲ့တယ်။—မဿဲ ၉:၃၂-၃၅။ ၁၅:၃၀၊ ၃၁။ လုကာ ၇:၁၁-၁၅။
ဘုရားသခင်ဟာ မလိမ်တတ်ဘူး။ ထင်ယောင်ထင်မှားဖြစ်ဖို့ မုသာ မသုံးဘူး။ ဘယ်သူ့ကိုမှ မလှည့်စားဘူး။—တောလည်ရာ ၂၃:၁၉။
မသန့်ရှင်းတဲ့ အကျင့်အကြံတွေကို ရှောင်ပါ
ပင့်ကူအိမ်က ယင်ကောင်ကို မလှုပ်နိုင်အောင် ဖမ်းချုပ်ထားသလို သန်းနဲ့ချီတဲ့ လူတွေလည်း အယူသီးခြင်းနဲ့ မဟုတ်မမှန်တာတွေရဲ့ ချုပ်နှောင်မှုကို ခံနေကြရတယ်။ လူသေကို ကြောက်ကြတယ်။ နတ်ဆိုးတွေကို ကြောက်ကြတယ်။ ကျိန်စာတိုက်တာတွေ၊ မှော်၊ အဆောင်လက်ဖွဲ့၊ အစီအရင်တွေကို စိုးရိမ်ကြတယ်။ စာတန်မာရ်နတ်ရဲ့ အလိမ်အညာတွေပေါ် အခြေခံတဲ့ ယုံကြည်ချက်တွေ၊ ထုံးတမ်းစဉ်လာတွေရဲ့ ချုပ်နှောင်မှု ခံနေကြရတယ်။ ဘုရားသခင့်ကျေးကျွန်တွေကတော့ အဲဒီအရာ တစ်ခုနဲ့မှ ဖမ်းချုပ်မခံရဘူး။
ယေဟောဝါဘုရားဟာ စာတန်ထက် အဆမတန် တန်ခိုးကြီးတယ်။ ယေဟောဝါအမှုဆောင်သူဖြစ်ရင် နတ်ဆိုးတွေရဲ့ ရန်ကနေ သင့်ကို ကာကွယ်ပေးပါလိမ့်မယ်။ (ယာကုပ် ၄:၇) သင့်ကို ပြုစားလို့ရမှာ မဟုတ်ဘူး။ ဥပမာ၊ မြို့ကနေ ထွက်ခွာဖို့ ငြင်းဆိုတဲ့ နိုင်ဂျီးရီးယားနိုင်ငံက ယေဟောဝါသက်သေတစ်ယောက်ကို သတ်ပစ်ဖို့ အစွမ်းထက်တဲ့ ပယောကဆရာသုံးယောက်က ပြုစားခဲ့တယ်။ သူတို့ပြုစားတာ မအောင်မြင်တဲ့အခါ ပယောဂဆရာတစ်ယောက်ဟာ ထိတ်လန့်ကြောက်ရွံ့ပြီး သက်သေခံဆီ သွား၊ ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့တယ်။
သင့်ကို နတ်ဆိုးတွေ ဒုက္ခပေးတဲ့အခါ ယေဟောဝါနာမည်တပ်ပြီး ခေါ်မယ်ဆိုရင် ဘုရား ကာကွယ်ပေးပါလိမ့်မယ်။ (ပညာအလိမ္မာ ၁၈:၁၀) ဒါပေမဲ့ ဘုရားသခင့်အကာအကွယ် ရဖို့ နတ်ဆိုးပညာ၊ နတ်ဆိုးကိုးကွယ်မှု မှန်သမျှနဲ့ လုံးဝ ကင်းရှင်းနေရမယ်။ ရှေးခေတ် ဧဖက်မြို့မှာ ဘုရားကို ကိုးကွယ်သူတွေ အဲဒီလို လုပ်ဆောင်ခဲ့ကြတယ်။ မှော်အတတ်နဲ့ ဆိုင်တဲ့ စာစောင်တွေအားလုံးကို ထုတ်ပြီး မီးရှို့ပစ်ခဲ့ကြတယ်။ (တမန်တော် ၁၉:၁၉၊ ၂၀) ဒီနေ့ ဘုရားကျေးကျွန်တွေလည်း အဲဒီအတိုင်း လုပ်ဆောင်ရမယ်။ အဆောင်လက်ဖွဲ့၊ “အကာအကွယ်” ကြိုး၊ အစီအရင်တွေ၊ မှော်စာအုပ်တွေ၊ နတ်ဆိုးပညာနဲ့ပတ်သက်ဆက်နွှယ်တာ မှန်သမျှကို ရှင်းထုတ်ပစ်ရမယ်။
စစ်မှန်တဲ့ ဝတ်ပြုရေးမှာ ပါဝင်ပါ
ဘုရားမျက်နှာသာ ရချင်ရင် မှားယွင်းတဲ့ ဝတ်ပြုကိုးကွယ်မှုကို စွန့်လွှတ်ရုံ၊ မကောင်းမှု မလုပ်ရုံနဲ့ မလုံလောက်ဘူး။ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှုမှာ တက်တက်ကြွကြွ ပါဝင်ရမယ်။ ဘာတွေ လုပ်ဆောင်ရမယ်ဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။
ယေဟောဝါသက်သေတွေနဲ့ ပေါင်းသင်းပါ
မှားယွင်းတဲ့အရာတွေကို ကျင့်သုံးပြီး တခြားသူတွေကို သွန်သင်ပေးနေတဲ့ စာတန်နဲ့ နတ်ဆိုးတွေရဲ့ လူတွေ မြေကြီးပေါ်မှာ ရှိနေတယ်။ ယေဟောဝါဘုရားမှာလည်း ဘုရားရဲ့ လူတွေ ရှိကြတယ်။ ယေဟောဝါသက်သေတွေပေါ့။ (ဟေရှာယ ၄၃:၁၀) မြေတစ်ပြင်လုံးမှာ သက်သေခံ ရှစ်သန်းကျော် ရှိတယ်။ သူတို့အားလုံး ကောင်းတာကို အတတ်နိုင်ဆုံး လုပ်ဆောင်ပြီး တခြားသူတွေကို အမှန်တရား သွန်သင်ပေးနေကြတယ်။ နိုင်ငံများစွာမှာတော့ နိုင်ငံတော်ခန်းမမှာ သူတို့နဲ့ တွေ့ဆုံနိုင်တယ်၊ သင့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါလိမ့်မယ်။
သူတို့ရဲ့ အလုပ်က ဘုရားကို ကိုးကွယ်လာအောင် တခြားသူတွေကို ကူညီပေးပါ။ သင့်အိမ်မှာ သင်နဲ့အတူ ကျမ်းစာလေ့လာကြတယ်၊ ယေဟောဝါဘုရားကို နည်းမှန်လမ်းကျ ဘယ်လို ဝတ်ပြုရမယ်ဆိုတာ သိရှိအောင် ကူညီပေးကြတယ်။ အဲဒီအတွက် အခကြေးငွေ ပေးစရာ မလိုပါဘူး။ သက်သေခံတွေက အမှန်တရားကို ဝမ်းသာအားရ သွန်သင်ပေးချင်ကြတယ်။ သူတို့ဟာ ယေဟောဝါဘုရားနဲ့ လူတွေကို ချစ်ကြလို့ပါပဲ။