ကောင်းမွန်တဲ့အနာဂတ်
စာတန်နဲ့ နတ်ဆိုးတွေဟာ လူတွေကို ကြာရှည် လှည့်ဖျားနိုင်တော့မှာ မဟုတ်ဘူး။ သူတို့ကို ကောင်းကင်ကနေ ယေဟောဝါဘုရား ပစ်ချလိုက်ပြီ။ (ဗျာဒိတ် ၁၂:၉) မကြာခင် စာတန်နဲ့ နတ်ဆိုးတွေကို ဘုရားသခင် အရေးယူတော့မယ်။ ဘုရားပေး စိတ်အာရုံတစ်ခုမှာ တမန်တော်ယောဟန် ဒီလိုပြောတယ်- “အဲဒီနောက် ကောင်းကင်တမန်တစ်ပါးက တွင်းနက်ကြီးရဲ့ သော့နဲ့ သံကြိုးကြီးကို ကိုင်ပြီး ကောင်းကင်ကနေ ဆင်းလာတာကို ကျွန်တော် မြင်တယ်။ သူက မာရ်နတ် စာတန်လို့ခေါ်တဲ့ ရှေးမြွေဟောင်း နဂါးကြီးကို ဖမ်းပြီး အနှစ် ၁,၀၀၀ ချည်နှောင်လိုက်တယ်။ အဲဒီနောက် သူက နဂါးကြီးကို တွင်းနက်ကြီးထဲ ပစ်ချပြီး တွင်းဝကို တံဆိပ်ခတ်ပြီး ပိတ်လိုက်တယ်။ နဂါးကြီးက အနှစ် ၁,၀၀၀ မကုန်မချင်း လူမျိုးတွေကို နောက်တစ်ကြိမ် လှည့်ဖြားလို့ မရတော့ဘူး။ ပြီးရင်တော့ နဂါးကြီးကို နောက်တစ်ကြိမ် ပြန်လွှတ်ဦးမယ်။” (ဗျာဒိတ် ၂၀:၁-၃) အဲဒီနောက် မာရ်နတ်နဲ့ နတ်ဆိုးတွေ ထာဝရ ဖျက်ဆီးခံရမယ်။—ဗျာဒိတ် ၂၀:၁၀။
မြေကြီးပေါ်က မကောင်းတဲ့လူတွေလည်း ပယ်ရှားခံရမယ်။—ဆာလံ ၃၇:၉၊ ၁၀။ လုကာ ၁၃:၅။
လူသေတွေ ပြန်ရှင်လာမယ်
စာတန်နဲ့ နတ်ဆိုးတွေရဲ့ အနှောင့်အယှက် မရှိတော့တဲ့နောက် ယေဟောဝါဘုရားက လူသားတွေအပေါ် ကောင်းချီးများစွာ သွန်းလောင်းပေးပါလိမ့်မယ်။ လူသေတွေဟာ အသက်မရှိ၊ ဘယ်မှာမှ မတည်ရှိတော့ဘူးဆိုတာ မှတ်မိနေလိမ့်မယ်။ သေခြင်းကို အိပ်စက်ခြင်း၊ အိပ်မက် မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းနဲ့ ယေရှု ခိုင်းနှိုင်းခဲ့တယ်။ (ယောဟန် ၁၁:၁၁-၁၄) သေခြင်းမှာ အိပ်ပျော်နေသူတွေ ပြန်ရှင်လာမယ့်အချိန် ရောက်လာမယ်ဆိုတာကို ယေရှု သိလို့ ဒီလိုပြောခဲ့တာပါ- “သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး . . . ထွက်လာမယ့်အချိန် ရောက်လာတော့မယ်။”—ယောဟန် ၅:၂၈၊၂၉။ တမန်တော် ၂၄:၁၅ နဲ့နှိုင်းယှဉ်ပါ။
သူတို့ မြေကြီးပေါ် ပြန်အသက်ရှင်လာကြမယ်။ နာရေး ကြော်ငြာတွေအစား ပြန်အသက်ရှင်လာသူတွေနဲ့ပတ်သက်တဲ့ ပျော်ရွှင်လန်းဆန်းစရာ သတင်းတွေကိုပဲ ကြားကြရမယ်။ သင်္ချိုင်းထဲကနေ ချစ်မြတ်နိုးရသူတွေကို ပြန်ကြိုဆိုရတာဟာ ရွှင်လန်းစရာ သိပ်ကောင်းမှာပဲ။