နတ်ဆိုးတွေဟာ လူသတ်သမားတွေ
စာတန်နဲ့ နတ်ဆိုးတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ အန္တရာယ်ကောင်တွေ ဖြစ်နေကြဆဲပဲ။ ရှေးခေတ် သစ္စာရှိ ယောဘရဲ့ တိရစ္ဆာန်တွေနဲ့ ကျွန်တွေကို စာတန် သတ်ပစ်ခဲ့တယ်။ ယောဘရဲ့ ကလေးဆယ်ယောက် ရှိနေတဲ့အိမ်ကိုလည်း “လေပြင်းကြီး” နဲ့ ပြိုကျစေပြီး သေအောင်လုပ်တယ်။ အဲဒီနောက် ယောဘကို “ဆိုးရွားတဲ့ အနာစိမ်းတွေ ခြေဆုံး ခေါင်းဆုံး” ပေါက်စေခဲ့တယ်။—ယောဘ ၁:၇-၁၉။ ၂:၇။
ယေရှုလက်ထက်မှာ နတ်ဆိုးတွေက လူတချို့ကို စကားအ, စေကြတယ်၊ မျက်စိကန်း စေကြတယ်။ (မဿဲ ၉:၃၂၊ ၃၃။ ၁၂:၂၂) လူတစ်ယောက်ကို ညှဉ်းဆဲပြီး ကျောက်တုံးနဲ့ သူ့ကိုယ်ကို ရှစေတယ်။ (မာကု ၅:၅) ကောင်လေးတစ်ယောက်ကိုလည်း ကျယ်ကျယ်လောင်လောင် အော်ခိုင်း၊ မြေကြီးပေါ် ပစ်လှဲခိုင်းပြီး “တဆတ်ဆတ်တုန်” စေတယ်။—လုကာ ၉:၄၂။
ဒီနေ့ခေတ်မှာလည်း စာတန်နဲ့ နတ်ဆိုးတွေဟာ အရင်ကလိုပဲ လူသတ်ဖို့ ဝန်မလေးကြဘူး။ တကယ်တော့ ကောင်းကင်ပေါ်ကနေ ပစ်ချခံရပြီးကတည်းက သူတို့ရဲ့ ဆိုးညစ်တဲ့ လုပ်ရပ်တွေ တိုးများလာနေတာပါ။ သူတို့ရဲ့ ကြမ်းကြုတ်ယုတ်မာမှုတွေ တိုးများလာမှန်း ကမ္ဘာ့သတင်းတွေက သက်သေထူတယ်။ လူတချို့ကို ဖျားနာစေကြတယ်၊ တချို့ကို ညဘက် အိပ်မရအောင်၊ အိပ်မက်ဆိုးတွေ မြင်မက်အောင် နှောင့်ယှက်ကြတယ်။ တချို့ကို လိင်ပိုင်းဆိုင်ရာ စော်ကားကြတယ်။ တချို့ကို ရူးသွားတဲ့အထိ၊ သေတဲ့အထိ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေစေတဲ့အထိ လုပ်ကြတယ်။
နတ်ဆိုး ဒါမှမဟုတ် ဝိညာဉ်ဆိုးက မိသားစုဝင် ၁၆ ယောက်ကို သတ်ပြီး သူ့ကိုလည်း ၁၈ နှစ်လုံးလုံး ကာယပိုင်း၊ စိတ်ပိုင်း နှိပ်စက်ခဲ့တယ်လို့ ဆူရီနမ်နိုင်ငံက လင်တီနာ ပြောပြတယ်။ နတ်ဆိုးတွေဟာ “လူတွေကို သေတဲ့အထိ နှိပ်စက်ရတာ ပျော်ကြတယ်” လို့ ကိုယ်တွေ့ ဖြစ်ရပ်ကနေ ပြောပြတယ်။
ဒါပေမဲ့ ယေဟောဝါဘုရားက မိမိကျေးကျွန်တွေကို စာတန့်တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်တယ်။—ပညာအလိမ္မာ ၁၈:၁၀။