နိဒါန်း
“နိုင်ငံမြောက်ပိုင်းက ရွာငယ်လေး တစ်ရွာမှာ ကျွန်တော် ကြီးပြင်းလာတာ” လို့ ဆီရာလီယွန်က ဒါအူဒါ ပြောတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်မိသားစုနဲ့ တခြားမိသားစုတစ်စု မြေပိုင်ဆိုင်မှုနဲ့ အငြင်းပွားခဲ့ကြတယ်။ ဖြေရှင်းဖို့ ဆေးဆရာကို ခေါ်ကြတယ်။ ဆေးဆရာက အမျိုးသားတစ်ယောက်ကို မှန်တစ်ချပ် ကိုင်ထားခိုင်းပြီး ပိတ်ဖြူနဲ့ ဖုံးလိုက်တယ်။ မကြာပါဘူး။ ပိတ်ဖုံးထားခံရသူဟာ ချွေးတွေ ပြန်လာပြီး တုန်တုန်ရီရီ ဖြစ်လာတော့တယ်။ ကိုင်ထားတဲ့မှန်ထဲ ကြည့်လိုက်ပြီး “အဖိုးကြီးတစ်ယောက်ကို တွေ့တယ်။ အဝတ်ဖြူ ဝတ်ထားတယ်။ အရပ်ရှည်တယ်၊ အိုတယ်၊ ဆံပင်ဖြူတယ်၊ ပြီးတော့ ခပ်ငိုက်ငိုက် လမ်းလျှောက်တယ်” လို့ အံ့သြတကြီး ပြောတော့တယ်။
“ကျွန်တော့်အဖိုးရဲ့ ပုံပန်းကို သူပြောနေတာ။ ပြီးတော့ “ငါပြောတာ မယုံရင် ကိုယ်တိုင် လာကြည့်ကြလို့” ကယောင်ချောက်ချားနဲ့ ဆိုတယ်။ ဘယ်သူမှ မကြည့်ရဲကြဘူး။ ဆေးဆရာက ဘူးခါးသီးခြောက်ထဲက မန်းမှုတ်ထားတဲ့ရေကို သစ်ရွက်နဲ့ မှန်ကိုင်ထားသူကို ပက်ဖြန်းပြီး ငြိမ်သက်စေတယ်။
“ဒီမြေက ကျွန်တော်တို့ မိသားစုပိုင် ဖြစ်တယ်လို့ မှန်ကိုင်ထားတဲ့သူကတဆင့် ‘အဖိုး’ က ပြောတယ်။ စိုးရိမ်ကြောင့်ကြမှု မရှိဘဲ အဲဒီမြေမှာ အလုပ်လုပ်ပါလို့ အဖွားကို ပြောတယ်။ ဒီဆုံးဖြတ်ချက်ကို တခြားမိသားစုက လက်ခံပြီး ပြဿနာရှင်းသွားတယ်။
ဒီလိုတွေ့ကြုံမှုမျိုးဟာ အာဖရိက အနောက်ဖက်မှာ တွေ့နေကျပါ။ ကမ္ဘာမြေရဲ့ တဖက်ခြမ်းမှာတော့ သေဆုံးသွားသူတွေဟာ ဝိညာဉ်ဘုံကနေ မြေကြီးပေါ်မှာ အသက်ရှင်နေသူတွေကို စောင့်ကြည့်နေကြတယ်၊ သူတို့ဘဝကို ကြိုးကိုင်နေကြတယ်လို့ သန်းနဲ့ချီတဲ့လူတွေ ယုံကြည်ကြတယ်။ အဲဒီလို ယုံကြည်တာ မှန်ရဲ့လား။ လူသေတွေ တကယ်ပဲ အသက်ရှင်နေကြဆဲလား။ မဟုတ်ရင် လူသေတွေရဲ့ ဝိညာဉ်တွေပါလို့ ပြောနေသူတွေဟာ ဘယ်သူတွေလဲ။ ဒီမေးခွန်းတွေအတွက် မှန်ကန်တဲ့အဖြေကို သိရှိဖို့ အလွန်အရေးကြီးတယ်။ သေရေးရှင်ရေးကိစ္စ ဖြစ်နေလို့ပါ။