မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရား​ကို​ဆန့်ကျင်​ဖို့ နတ်ဆိုး​များ အားပေး

ဘုရား​ကို​ဆန့်ကျင်​ဖို့ နတ်ဆိုး​များ အားပေး

ကျွန်တော်​တို့ကို လူသေ​တွေ မြင်တွေ့​တယ်​ဆို​တဲ့ ထုံးစံ​တချို့ဟာ မုသာ​အပေါ် အခြေခံ

လူတွေကို လှည့်ဖြား​ဖို့ စာတန်​နဲ့ နတ်ဆိုး​တွေ ဘာကြောင့် အလွန်​အားထုတ်​နေကြ​သလဲ။ သူတို့ရဲ့ ပုန်ကန်မှု​မှာ ကျွန်တော်တို့ကိုလည်း ပူးပေါင်း​စေ​ချင်​လို့​ပဲ။ သူတို့ကို ဝတ်ပြု​ကိုးကွယ်​စေ​ချင်​ကြတယ်။ သူတို့ရဲ့ အလိမ်အညာ စကား​တွေ​ကို ယုံကြည်​စေ​ချင်​ကြတယ်။ ယေဟောဝါ​ဘုရား မကြိုက်တာ​တွေ​ကို လုပ်​စေ​ချင်​ကြတယ်။ အဲဒီ​အရာ အတော်များများ​က လူသေတွေနဲ့​ပတ်သက်​တဲ့ ထုံးစံတွေ​နဲ့ ဆက်နွှယ်​နေတယ်။

ချစ်​မြတ်နိုး​ရသူ သေဆုံး​တာ​က စိတ်ပိုင်း​ဆိုင်ရာ​အရ ခံစားရ​ခက်​တဲ့ အတွေ့အကြုံ​ပါ။ ဒီလို​အခြေအနေ​မျိုးမှာ ဝမ်းနည်း​တာ ဖြစ်ရိုးဖြစ်စဉ်​ပါ​ပဲ။ မိတ်ဆွေ​လာဇရု သေဆုံး​သွား​လို့ ယေရှု “မျက်ရည်ကျ” ခဲ့တယ်။—ယောဟန် ၁၁:၃၅

သေခြင်းနဲ့​ဆိုင်​တဲ့ ထုံးစံတွေ အမျိုးမျိုး​ရှိတယ်။ အတော်များများ​က​တော့ ကျမ်းစာ​မူတွေ​နဲ့ ဆန့်ကျင်​မနေပါဘူး။ ဒါပေမဲ့ ထုံးစံ​တချို့က​တော့ လူသေ​တွေ ဆက်​အသက်​ရှင်​နေတယ်၊ အသက်ရှင်​နေတဲ့​သူတွေကို မြင်တွေ့​နိုင်တယ်​ဆို​တဲ့ အယူအဆ​ပေါ် အခြေပြု​ထား​တယ်။ အသုဘ​စောင့် အခမ်းအနား​တွေ၊ ထိန်း​မ​နိုင်​သိမ်း​မရ ငိုကြွေး​ပြီး ဝမ်းနည်း​ကြောင်း​ပြ​တာ၊ အသုဘ အခမ်းအနား​ကြီး​တွေ​ဟာ လူသေ​ရဲ့ ဝိညာဉ် စိတ်ဆိုး​မှာ​ကို ကြောက်​ခြင်း​အပေါ် အခြေခံ​တယ်။ သေ​တဲ့​သူဟာ “ဘာမှ​မသိ” တဲ့​အတွက် အဲဒါတွေ လုပ်တာ​က စာတန်​ရဲ့ အလိမ်အညာကို မြှောက်ထိုးပင့်ကော် လုပ်​နေရာ ရောက်တယ်။—ဒေသနာ ၉:၅

လူသေ​တွေ​ဟာ ကျွန်တော်​တို့​ရဲ့ အကူအညီ လိုအပ်​နေတယ်​ဆို​တဲ့ တခြား​ထုံးစံတွေ​က​လည်း မုသာ​အပေါ် အခြေခံ

တခြား​ထုံးစံတွေ​နဲ့ အခမ်းအနား​တွေ​က လူသေ​တွေ​ဟာ အသက်ရှင်နေ​သူတွေဆီ​ကနေ အကူအညီ လိုအပ်​တယ်၊ သူတို့ကို စိတ်​ကျေနပ်​အောင် မထား​ရင် ဒုက္ခ​ရောက်​နိုင်တယ်​ဆို​တဲ့ ယုံကြည်မှု​ကနေ ပေါက်ဖွား​လာတာ ဖြစ်တယ်။ နိုင်ငံ​တချို့​မှာ​ဆိုရင် စားသောက်ပွဲ​ကြီး​တွေ​နဲ့ ပူဇော်​ပ​သ​မှု​တွေ​ကို လူသေ​ဆုံး​ပြီး​နောက် တစ်ပတ်၊ ရက်ပေါင်း ၄၀၊ တစ်နှစ် အကြာမှာ ပြုလုပ်​ကြတယ်။ အဲဒါက သေဆုံး​သူ ဝိညာဉ်ဘုံ​ကို ‘ဖြတ်သွား’ နိုင်​ဖို့ ကူညီ​ပေးတယ်​လို့ ဆို​ကြတယ်။ နောက်ထပ် တွေ့​နေကျ လုပ်ဆောင်မှု​က​တော့ သေဆုံး​သူကို စားစရာ​နဲ့ ရေ ကပ်​တာ​ပါ​ပဲ။

အဲဒီ​လုပ်ရပ်တွေဟာ မှား​ပါ​တယ်၊ သေခြင်းနဲ့​ပတ်သက်​တဲ့ စာတန်​ရဲ့ အလိမ်အညာတွေကို အားပေး​အား​မြှောက်​ပြု​လို့​ပဲ။ နတ်ဆိုး​သွန်သင်ချက်​တွေ​ပေါ် အခြေခံ​တဲ့ ထုံးစံတွေ​ကို လုပ်ဆောင်​ရင် ယေဟောဝါ​ဘုရား နှစ်သက်​ပါ့​မလား။ ဘယ်တော့မှ နှစ်သက်မှာ မဟုတ်ဘူး။—၂ ကောရိန္သု ၆:၁၄-၁၈

စစ်မှန်တဲ့ ဘုရားသခင်ရဲ့ ကျေးကျွန်​တွေ​ဟာ စာတန်​ရဲ့ အလိမ်အညာတွေကို ထောက်ခံ​တဲ့ ဘယ်​လုပ်ရပ်တွေ​မှာ​မှ ပါဝင်​ပတ်သက်​ကြ​မှာ မဟုတ်ဘူး။ အဲဒီအစား အသက်ရှင် ကျန်ရစ်​သူတွေကို မေတ္တာပါပါ ကူညီ​ပေး​ပြီး နှစ်သိမ့်​ပေး​ကြတယ်။ သေဆုံး​သွား​သူကို ယေဟောဝါ​ဘုရား တစ်ပါး​တည်း​က​ပဲ ကူညီ​ပေး​နိုင်တယ်လို့ သိထားကြလို့​ပါ။—ယောဘ ၁၄:၁၄၊ ၁၅

ဘုရားသခင် ရှုတ်ချ​တဲ့ နတ်ဆိုး​ပညာ

လူ​တချို့က နတ်ဆိုး​တွေ​နဲ့ တိုက်ရိုက်​ဖြစ်ဖြစ်၊ နတ်ဝင်​သည်​က​တစ်ဆင့်​ဖြစ်ဖြစ် ထိတွေ့​ဆက်ဆံ​ကြတယ်။ အဲဒါကို နတ်ဆိုး​ပညာ​လို့ ခေါ်​တယ်။ ဝူး​ဒူး၊ စုန်း၊ မှော်၊ ရှေ့ဖြစ်ဟောခြင်း၊ လူသေကို မေးမြန်းခြင်း စ​တာ​တွေ​ဟာ နတ်ဆိုး​ပညာ​တွေ ဖြစ်တယ်။

မကောင်းတာတွေကို ဘုရားသခင် ရွံမုန်းတယ်။ ယေဟောဝါ​ဟာ သူ့ကိုပဲ ကိုးကွယ်​ဆည်းကပ်​ဖို့ တောင်းဆို​တယ်။—ထွက်မြောက်ရာ ၂၀:၅

အဲဒါတွေကို ကျမ်းစာ ပြစ်တင်​ရှုတ်ချ​ထား​တယ်။ “ခင်ဗျား​တို့​ဆီ​မှာ. . . နတ်​ဆရာ၊ မှော်ဆရာ၊ နိမိတ်​ဖတ်​သူ၊ ပယောဂ​ဆရာ၊ စုန်း​အတတ်​နဲ့​ပြုစား​သူ၊ နတ်ကတော်​ကို၊ ဗေဒင်​ဆရာ​ကို မေးမြန်း​သူ၊ လူသေကို​မေးမြန်း​သူ တစ်ယောက်မှ​မရှိ​ရ​ဘူး။ အဲဒီလို​လူတွေကို ယေဟောဝါ ရွံမုန်းတယ်။”—တရားဟောရာ ၁၈:၁၀-၁၂

နတ်ဆိုး​ပညာ​နဲ့​ပတ်သက်ပြီး ယေဟောဝါ​ဘုရား ဘာကြောင့် ပြင်းပြင်းထန်ထန် သတိပေး​ရသလဲ။

နတ်ဆိုး​ပညာ​အားလုံး​နဲ့​ပတ်သက်ပြီး ယေဟောဝါ​ဘုရား သတိပေး​ရတာက ကျွန်တော်​တို့ အကျိုးအတွက်​ပါ။ ဘုရား​က လူတွေကို ချစ်​ပြီး ဂရုစိုက်​တယ်။ နတ်ဆိုး​တွေ​နဲ့​ပတ်သက်​သူတွေ ဒုက္ခ​ရောက်​ကြ​မယ်​ဆိုတာ ဘုရား သိထားတယ်။

ဘရာဇီး​နိုင်ငံ​က နီး​လ်​ဒါဟာ နတ်ကတော်​တစ်ယောက်​ပါ။ သူ့​ဘဝပျက်​အောင် နတ်ဆိုး လုပ်ခဲ့တယ်။ “ကျွန်မ​အထဲမှာ​ရှိတဲ့​နတ်​က ကျွန်မ​ကို ဟို​ဟာ​လုပ်၊ ဒီ​ဟာ​လုပ်​ဆိုပြီး အမိန့်​ပေးတယ်။ ကျွန်မ​မှာ​တော့ သတိရ​လိုက်၊ မရ​လိုက်နဲ့ စိတ်ပိုင်း​ဆိုင်ရာ ပြဿနာ​တွေ ဖြစ်လာ​တော့​တယ်။ နတ်ဆိုး​တွေ နှိပ်စက်​လွန်းလို့ အာရုံကြော​တွေ ထိခိုက်​ကုန်တယ်။ သက်သာ​ရအောင် စိတ်​ငြိမ်​ဆေး၊ အရက်​နဲ့ ဆေးလိပ်​တွေ မပြတ်​သောက်​တယ်။ ဒီလို​ဖြစ်တာ နှစ်​အတော်ကြာ​သွားတယ်” လို့ ပြော​တယ်။

နတ်​ဝိဇ္ဇာ​ပညာ လိုက်စား​သူတွေဟာ ဒုက္ခ​ရောက်​ကြ​တာ များ​တယ်။ သူတို့ အိုးအိမ်၊ လွတ်လပ်မှုနဲ့ အသက်ကိုတောင် ဆုံးရှုံး​နိုင်

နောက်ဆုံး​မှာ​တော့ ယေဟောဝါသက်သေ​တွေ​ရဲ့ ကူညီ​မှု​ကြောင့် နီး​လ်​ဒါဟာ နတ်ဆိုး​ရဲ့ ဒုက္ခ​ပေး​မှု​ကနေ လွတ်မြောက်​ခဲ့​ပြီး သိက္ခာ​ရှိတဲ့ အသက်တာ ရရှိခဲ့တယ်။ “နတ်ဆိုး​တွေ​နဲ့ ဘယ်တော့မှ၊ တစ်ခဏ​လေး​တောင်​မှ မပတ်သက်​ကြ​ပါ​နဲ့” လို့ သူပြောတယ်။