မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူသေ​တွေ အသက်​ရှင်​နေတယ်လို့ နတ်ဆိုး​တွေ မှားယွင်းစွာ သွန်သင်

လူသေ​တွေ အသက်​ရှင်​နေတယ်လို့ နတ်ဆိုး​တွေ မှားယွင်းစွာ သွန်သင်

စာတန်​က “လူနေထိုင်ရာ မြေတစ်ပြင်လုံး​ကို လှည့်စား” နေတယ်လို့ ကျမ်းစာ​မှာ ဆို​ထား​တယ်။ (ဗျာဒိတ် ၁၂:၉) စာတန်​နဲ့ နတ်ဆိုးတွေက ဘုရား​စကားတော် သမ္မာကျမ်းစာ​ကို မယုံကြည်​စေ​ချင်​ကြဘူး။ လူသေ​တွေ​ဟာ ဝိညာဉ်ဘုံ​တစ်ခုခု​မှာ ဆက်​ရှင်​နေဆဲ​လို့ လူတွေ ယုံကြည်​လာအောင် ကြိုးစား​ကြတယ်။ ဘယ်​နည်းတွေကို သုံး​ကြသလဲ။

မှားယွင်းတဲ့ ဘာသာ​တရား​များ

လူ၊ တိရစ္ဆာန်၊ ငါး၊ ငှက်​တွေ​ဟာ သက်ရှိ​တွေ ဖြစ်

လူတိုင်းမှာ ခန္ဓာကိုယ် သေ​ပြီး​တဲ့​နောက် နာမ်ဝိညာဉ်​ဘုံ​ကို ကူး​ပြောင်း​သွားတဲ့၊ မသေနိုင်တဲ့​အရာ ဒါမှ​မဟုတ် ဝိညာဉ် ရှိတယ်လို့ ဘာသာ​တရား​တိုင်း​လို​လို​က သွန်သင်​ကြတယ်။

ဒါပေမဲ့ သမ္မာကျမ်းစာ​က အဲဒီလို မသွန်သင်​ဘူး။ လူသေ​သွား​ရင် ဆက်​ပြီး ရှင်​ကျန်ရစ်​တဲ့​အရာ မရှိဘူးလို့ ဆို​ထား​တယ်။ သေဆုံး​သွားပြီ​ဖြစ်လို့ အသက်ရှင်နေ​သူတွေ​အပေါ် အဆိုး​အကောင်း သက်ရောက်​နိုင်စွမ်း မရှိတော့ဘူး။ ကျမ်းစာ​မှာ ဖော်ပြ​ထား​တာ​က—

  • “သူဟာ အသက်​ထွက်​ပြီး မြေကြီး​ထဲ ပြန်သွား​တတ်တယ်။ အဲဒီ​နေ့မှာပဲ သူ့​အကြံအစည်​တွေ ပျက်စီး​သွားတယ်။”—ဆာလံ ၁၄၆:၄

  • “အသက်ရှင်နေ​သူက သေ​ရမှာ​ကို သိတယ်။ သေလွန်​သူကတော့ ဘာမှ မသိ​ဘူး။ ဘာ​အကျိုး​မှ​လည်း မရတော့ဘူး။ သူနဲ့​ပတ်သက်​တဲ့ အမှတ်ရ​စ​ရာ​အားလုံး​ကို လူတွေ မေ့သွား​ကြတယ်။”—ဒေသနာ ၉:၅

  • “ဘာပဲ​လုပ်​လုပ် အားသွန်ခွန်စိုက် လုပ်ပါ။ ကိုယ်​ရောက်သွား​မယ့် သင်္ချိုင်း​မှာ အလုပ်အကိုင်၊ အစီအစဉ်၊ အသိပညာ၊ ဉာဏ်ပညာ ဘာ​တစ်ခု​မှ​မရှိလို့ပဲ။”—ဒေသနာ ၉:၁၀

လူမှာ မသေနိုင်တဲ့အရာ ရှိတယ်လို့ ကျမ်းစာ မဆိုထားဘူး

တခြား​ကျမ်းပိုဒ်​တွေ​က​လည်း တိရစ္ဆာန်​သေဆုံး​ခြင်း​နဲ့ လူသေ​ဆုံး​ခြင်း​ရဲ့ အကျိုး​ရလဒ်​က အတူတူပဲလို့ ဆို​ထား​တယ်။—ဒေသနာ ၃:၁၉၊ ၂၀။လူသေ​တွေ​ဟာ ဘာမှ မသိကြ​တော့​ဘူး။ ဒါ​ကြောင့် သေ​ပြီး​တဲ့​နောက် ဆက်​ရှင်သန်​နေတဲ့​အရာ ဘာ​တစ်ခု​မှ မရှိဘူး။

လူသေ​တွေ တစ်​နေရာ​ရာ​မှာ ဆက်​ရှင်​နေတယ်​ဆို​တဲ့ အယူအဆကို ကျမ်းစာ​မှာ မတွေ့ရဘူး။ လူသေတွေရဲ့ ဝိညာဉ် ရောက်သွား​တဲ့ နေရာ​ဆိုတာ​က​လည်း ကျမ်းစာ သွန်သင်ချက် မဟုတ်ဘူး။ စာတန်​နဲ့ နတ်ဆိုးတွေရဲ့ သွန်သင်ချက် ဖြစ်တယ်။ ဘာသာရေး လိမ်လည်မှု​အားလုံး​ကို ယေဟောဝါ​ဘုရား ရွံမုန်းတယ်။—ပညာအလိမ္မာ ၆:၁၆-၁၉။ ၁ တိမောသေ ၄:၁၊ ၂

နတ်ဝင်​သည်​များ

နတ်ဆိုးတွေဟာ သေဆုံး​သွား​သူရဲ့ ဝိညာဉ် ယောင်ဆောင်

နတ်ဝင်​သည်​တွေ​ကို သုံးပြီး လူတွေကို လှည့်စားတာ​က စာတန်​ရဲ့ နည်းလမ်း​တစ်မျိုး ဖြစ်တယ်။ နတ်ဝင်​သည်​ဆိုတာ နာမ်ဝိညာဉ်​လောက, က သတင်း​စကား​တွေ​ကို တိုက်ရိုက် ရရှိ​သူ ဖြစ်တယ်။ ဒီ​နတ်ဝင်​သည်​တွေ အပါအဝင် လူ​အတော်များများ​က ဒီ​သတင်း​စကား​တွေ​ကို လူသေတွေရဲ့ ဝိညာဉ်​တွေ​ဆီကလာ​တဲ့ သတင်း​စကား​တွေ​လို့ ယုံကြည်​ကြတယ်။ ကျမ်း​စကား​တွေ​အရ​ဆိုရင် အဲဒါ လုံးဝ မှား​ပါ​တယ်။—ဒေသနာ ၉:၅၊ ၆၊ ၁၀

ဒါဆိုရင် ဘယ်သူ့​ဆီက သတင်း​စကား​တွေ ရရှိကြ​တာလဲ။ နတ်ဆိုး​တွေ​ဆီက​ပါ။ အသက်ရှင်​တဲ့ လူတစ်ယောက်ရဲ့ ပြောပုံ​လုပ်ကိုင်ပုံ၊ ပုံပန်း​အသွင်အပြင်တွေကို နတ်ဆိုး​တွေ အတုယူ​နိုင်စွမ်း ရှိကြတယ်။ ဒါ​ကြောင့် သေဆုံး​သွား​သူရဲ့ ပုံစံ​ကို လုပ်ယူ​တာ သူတို့​အတွက် လွယ်ကူ​ပါ​တယ်။—၁ ရှမွေလ ၂၈:၃-၁၉

မှားယွင်းတဲ့ ပုံပြင်​ဇာတ်လမ်း​များ

လူသေတွေနဲ့​ပတ်သက်​တဲ့ အလိမ်အညာကို လူသိ​များ​အောင် စာတန်​လုပ်တဲ့ နောက် တစ်နည်း​က​တော့ မှားယွင်းတဲ့ ပုံပြင်​ဇာတ်လမ်း​တွေ​အားဖြင့် ဖြစ်တယ်။ အဲဒါတွေ​က ကျမ်းစာ​အမှန်တရား​ကနေ လူတွေကို ရှောင်ဖယ်​သွားစေတယ်။—၂ တိမောသေ ၄:၄

သေ​ရာ​ကနေ ပြန်​လာတဲ့​သူကို မြင်တယ်လို့ တချို့ ထင်ကြ

သေသွား​တဲ့​သူကို အသက်ရှင်​လျက် ပြန်တွေ့​တယ်​ဆို​တဲ့ ပုံ​တို​ပတ်​စ​တွေ အာဖရိက​မှာ အများကြီး​ပဲ။ အများအားဖြင့်​တော့ ကာယ​ကံ​ရှင်​နေခဲ့တဲ့ နေရာ​နဲ့ အဝေးကြီး​မှာ တွေ့​ကြ​တာ ဖြစ်တယ်။ စဉ်းစား​ကြည့်​ပါ။ သေ​ရာ​ကနေ ပြန်လာ​နိုင်​သူ တစ်ယောက်က ကိုယ့်​မိသားစုနဲ့ မိတ်ဆွေ​တွေ ရှိတဲ့​နေရာ​နဲ့ အဝေးကြီး​မှာ ပြန်​ပေါ်လာ​တယ်​ဆိုတာ ယုံ​ချင်​စ​ရာ​ကောင်း​ပါ​ရဲ့​လား။

ဒီ့အပြင် သေဆုံး​သွား​သူနဲ့ အတော်လေး ရုပ်​ချင်း​ဆင်​တဲ့​သူလည်း ဖြစ်​နိုင်တာ​ပဲ။ ဥပမာ၊ နာရီ​နဲ့​ချီ​ပြီး တကောက်ကောက် လိုက်နေ​တဲ့ လူ​အို​တစ်ယောက်ကို ဟောပြောခြင်း လုပ်ငန်းမှာ ပါဝင်​နေတဲ့ ခရစ်ယာန်​အမှုဆောင်​နှစ်ယောက် သတိထား​မိ​ကြတယ်။ သူ့ကို မေးကြည့်​တော့ အမှုဆောင်​တစ်ယောက်က လွန်ခဲ့တဲ့ နှစ်တွေ​တုန်း​က သေဆုံး​သွားတဲ့ သူ့​အစ်ကို ဖြစ်ပါ​တယ်​ဆို​ပဲ။ တကယ်တော့ သူ​မှား​နေတာ။ ဒါပေမဲ့ လူ​မှား​နေတယ်​ဆိုတာ​ကို လက်မခံ​ဘူး။ ဒီ​လူ​အို​က မိသားစုနဲ့ မိတ်ဆွေတွေကို ဘယ်လို ပြန်​ပြောပြ​မယ် ထင်​ပါ​သလဲ။

အကြား​အမြင်၊ အိပ်မက်များ​နဲ့ အသံများ

အိပ်မက်၊ အကြား​အမြင်၊ အသံ​တွေ​နဲ့ နတ်ဆိုး​တွေ

ထူးဆန်းတဲ့​အရာ​တွေ​ကို လူတွေ မြင်ကြ၊ ကြားကြ၊ အိပ်မက် မြင်မက်​ကြ​တာ​မျိုးကို သိ​ကြ​ပါ​လိမ့်မယ်။ အဲဒီ​သဘာဝလွန်​ဖြစ်ရပ်​တွေ​က တွေ့ကြုံ​ရသူ​ကို ထိတ်လန့်​စေတယ်။ အနောက် အာဖရိက​မှာ​နေတဲ့ မာ​ရင်း​က ည​ည​ဆိုရင် သေဆုံး​သွားပြီ​ဖြစ်​တဲ့ အဖွား​အသံကို အမြဲလိုလို ကြားနေ​ရတယ်။ ကြောက်​ကြောက်လန့်​လန့်​နဲ့ အော်​တာ အိမ်သား​အားလုံး နိုး​သွားတဲ့​အထိ​ပဲ။ နောက်ပိုင်း သူ့​စိတ် ပုံမှန် မဟုတ်​တော့​ဘူး။

လူသေ​တွေ တကယ် အသက်ရှင်နေ​ရင် သူတို့​ချစ်တဲ့​သူတွေကို ကြောက်ရွံ့​ထိတ်လန့်​စေ​ကြ​ပါ့​မလား။ တကယ်တော့ ဒီလို​ထိခိုက်​နစ်နာ​စေ​တဲ့ အသံ​တွေ၊ စကား​တွေ​ရဲ့ ရင်းမြစ်​က နတ်ဆိုး​တွေ​ဆီက လာတာပါ။

ရရှိတဲ့ သတင်း​စကား​က အကျိုးရှိ​ပြီး နှစ်သိမ့်မှု​ဖြစ်​စေတယ် ဆိုရင်ကော။ ဥပမာ၊ ဆီရာလီယွန်​က ဘာ​ဆေး နာမကျန်း​ဖြစ်တယ်။ အိပ်မက်​ထဲမှာ သေဆုံး​သွားတဲ့ အဖေ​ကို တွေ့​တယ်။ အဖေက အပင်​တစ်ပင်​ဆီ​ကို သွား၊ အရွက်​တစ်​ရွက်​ကို ယူ၊ ရေ​နဲ့ ရောပြီး သောက်​လိုက်​ဆိုပြီး အိပ်မက်​မှာ ပြော​တယ်။ အဲဒီလို မ​လုပ်​ခင် ဘယ်သူ့ကိုမှ မပြော​ရ​ဘူးလို့ မှာတယ်။ မှာ​တဲ့​အတိုင်း လုပ်ပြီး​တဲ့​အခါ ပြန်​ကျန်းမာ​လာတယ်။

နောက်​အမျိုးသမီး​တစ်ယောက် ပြော​တယ်။ သေဆုံး​သွားတဲ့ ခင်ပွန်း​က တစ်ည သူ့​ရှေ့မှာ ပေါ်လာ​တယ်။ လှပတဲ့​အဝတ်အစား​တွေ​နဲ့ အင်မတန် ကြည့်​လို့​ကောင်းတယ်​ဆို​ပဲ။

အဲဒီလို သတင်း​စကားနဲ့ အမြင်​တွေ​ဟာ ကောင်း​တဲ့၊ အကျိုး​ရှိတဲ့ ပုံ​ပါ​ပဲ။ ဒါပေမဲ့ အဲဒါတွေ​က ဘုရားဆီ​က​လား။ မဟုတ်ပါဘူး။ ယေဟောဝါ​ဟာ “အမှန်တရားရဲ့ ဘုရား” ဖြစ်တယ်။ (ဆာလံ ၃၁:၅) ကျွန်တော်​တို့ကို လှည့်စား၊ ကလိမ်ကျ​တာ​မျိုး ဘယ်တော့မှ မ​လုပ်​ဘူး။ နတ်ဆိုး​တွေ​ပဲ အဲဒီလို လုပ်ကြ​တာ။

ဒါနဲ့ ကောင်း​တဲ့ နတ်ဆိုး​တွေ​ကော ရှိကြသလား။ မရှိပါဘူး။ တစ်ခါ​တ​ရံ အစပိုင်း​မှာ ကူညီ​ပေး​ပုံ ပေါက်​ပေမဲ့ အားလုံး ဆိုးညစ်​ကြတယ်။ ဧဝ​ကို မာရ်နတ် စကားပြော​တုန်း​က ခင်မင်​ရင်းနှီးတဲ့​ပုံစံ ပေါက်​တာ​ပဲ။ (ကမ္ဘာဦး ၃:၁) ဒါပေမဲ့ သူ့​စကား​ကို နားထောင်​တော့၊ သူ​ခိုင်း​တာ လုပ်​တော့ ဘာ​ဖြစ်သွား​သလဲ။ သေသွား​တယ်။

ဧဝ သေ​မှာ မဟုတ်ဘူးလို့ စာတန် ပြော​တယ်။ ဧဝ​က သူ့ကို ယုံတယ်။ နောက်ဆုံး​တော့ ဧဝ သေ​သွားတာ​ပဲ

တကယ်တော့ လူဆိုးတွေ​ဟာ သူတို့​လှည့်ဖြား၊ က​လိမ့်​ကျ​ချင်​တဲ့​သူနဲ့ ခင်မင်​ရင်းနှီး ယောင်ဆောင်​တာ​မျိုး​က လုပ်နေကျ​ပါ​ပဲ။ “အဖြူရောင် သွား၊ အမဲရောင် နှလုံးသား” ဆို​တဲ့ အာဖရိက အဆို​ရှိတယ်။ ကျမ်းစာ​မှာ “စာတန်​တောင်​မှ အလင်း​ရဲ့ ကောင်းကင်တမန် ဖြစ်ယောင်ဆောင်​သေး တာ​ပဲ” လို့ ဆို​ထား​တယ်။—၂ ကောရိန္သု ၁၁:၁၄

ဒီ​အချိန်​မှာ ဘုရားသခင်​က အိပ်မက်​တွေ၊ အကြား​အမြင်​တွေ​နဲ့ လူတွေကို မ​ဆက်သွယ်​တော့​ဘူး။ လူတွေ “မွန်မြတ်တဲ့​အလုပ် အမျိုးမျိုးကို​လုပ်ဆောင်ဖို့. . . လုံးလုံးလျားလျား အသင့်​ဖြစ်” နေ​စေဖို့ ကျမ်းစာ​နဲ့​ပဲ လမ်းညွှန်​ထိန်းကျောင်း​ပေး​တော့​တယ်။​—၂ တိမောသေ ၃:၁၇

ဒါ​ကြောင့် မာရ်နတ်ရဲ့ ကလိမ်ကျ​မှု​ကို ယေဟောဝါ​ဘုရား သတိပေး​တာ​က ကျွန်တော်​တို့ကို ချစ်​လို့ ဖြစ်တယ်။ နတ်ဆိုးတွေဟာ အင်မတန် အန္တရာယ်​ရှိတဲ့ ရန်သူတွေ ဖြစ်​မှန်း ဘုရား​သိတယ်။