နာမ်ဝိညာဉ်များဟာ ကမ္ဘာပေါ် အသက်ရှင်ခဲ့ပြီး သေဆုံးသွားတဲ့ ပုဂ္ဂိုလ်များ မဟုတ်
နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေ တည်ရှိတာ တကယ်ပါ။ မျက်စိနဲ့ မမြင်နိုင်တဲ့ နာမ်လောကမှာ ကောင်းတဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်တွေ ရှိသလို မကောင်းတဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေလည်း ရှိကြတယ်။ သူတို့ဟာ ကမ္ဘာပေါ် အသက်ရှင်ပြီး သေဆုံးသွားတဲ့သူတွေလား။
မဟုတ်ပါဘူး။ လူသေဆုံးသွားတဲ့အခါ လူအများထင်နေသလို ဝိညာဉ်လောကကို ရောက်မသွားပါဘူး။ ဘယ်လို သိနိုင်သလဲ။ သမ္မာကျမ်းစာမှာ ဖော်ပြထားလို့ပါ။ သမ္မာကျမ်းစာဆိုတာ ယေဟောဝါလို့ နာမည်ရှိတဲ့ တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားဆီက လာတဲ့ အမှန်တရားစာအုပ် ဖြစ်တယ်။ လူတွေကို ယေဟောဝါဘုရား ဖန်ဆင်းထားတာဖြစ်လို့ လူသေဆုံးတဲ့အခါ ဘာဖြစ်သွားမှန်း ဘုရား ကောင်းကောင်းသိတယ်။—ဆာလံ ၈၃:၁၈။ ၂ တိမောသေ ၃:၁၆။
အာဒံဟာ မြေမှုန့်ကလာပြီး မြေမှုန့်ကိုပြန်သွား
ပထမဆုံးလူသား အာဒံကို “မြေမှုန့်” နဲ့ ပုံဖော်ပြုလုပ်ခဲ့တယ်လို့ ကျမ်းစာက ဆိုတယ်။ (ကမ္ဘာဦး ၂:၇) သူ့ကို ဧဒင်ဥယျာဉ်၊ ပရဒိသုမှာ ဘုရားနေစေတယ်။ ယေဟောဝါရဲ့ ပညတ်ကို အာဒံနားထောင်ခဲ့ရင် သူသေမှာမဟုတ်ဘူး။ ဒီနေ့ထိ မြေကြီးပေါ် အသက်ရှင်နေမှာ ဖြစ်တယ်။ ဘုရားပညတ်ကို အာဒံ တမင်တကာ ချိုးဖောက်တဲ့အချိန်မှာ “မြေကြီးက ဖြစ်လာတဲ့ မင်းဟာ မြေကြီးကို ပြန်သွား . . . ရမယ်။ မင်းဟာ မြေမှုန့်ဖြစ်တဲ့အတွက် မြေမှုန့်ကိုပဲ ပြန်သွားရမယ်” လို့ ဘုရားပြောတယ်။—ကမ္ဘာဦး ၃:၁၉။
ဘာကိုဆိုလိုတာလဲ။ မြေမှုန့်နဲ့ အာဒံကို ဘုရားမပြုလုပ်ခင်အထိ အာဒံ ဘယ်မှာရှိခဲ့သလဲ။ ဘယ်မှာမှ ရှိမနေခဲ့ဘူး။ မမွေးဖွားသေးတဲ့ ကောင်းကင်က နာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦး မဟုတ်ဘူး။ သူ မတည်ရှိခဲ့ဘူး။ “မြေကြီးကို ပြန်သွား” ရမယ်လို့ ယေဟောဝါပြောတဲ့အခါ အာဒံသေဆုံးရမယ်လို့ ဆိုလိုတာဖြစ်တယ်။ နာမ်ဝိညာဉ်လောကကို ရောက်သွား/ကူးပြောင်းသွားတာ မဟုတ်ဘူး။ အာဒံ သေဆုံးသွားတဲ့အခါ သူ အသက်မရှိတော့ဘူး၊ ဘယ်နေရာမှာမှ မတည်ရှိတော့ဘူး။ သေခြင်းဆိုတာ အသက်ကင်းမဲ့ခြင်းကို ဆိုလိုတယ်။
သေဆုံးသွားတဲ့ တခြားသူတွေကျတော့ကော။ သူတို့လည်း မတည်ရှိတော့ဘူးလား။ ကျမ်းစာ ဒီလိုဖြေတယ်။
“သူတို့အားလုံး (လူနဲ့ တိရစ္ဆာန်ပါ) တစ်နေရာတည်းကိုပဲ သွားရတယ်။ မြေမှုန့်က လာပြီး မြေမှုန့်ကိုပဲ ပြန်သွားရတယ်။”—ဒေသနာ ၃:၂၀။
“သေလွန်သူကတော့ ဘာမှမသိဘူး။”—ဒေသနာ ၉:၅။
“သူတို့ရဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ မနာလိုခြင်းတွေလည်း ပျောက်ပျက်ကုန်တယ်။” —ဒေသနာ ၉:၆။
“ကိုယ်ရောက်သွားမယ့် သင်္ချိုင်းမှာ အလုပ်အကိုင်၊ အစီအစဉ်၊ အသိပညာ၊ ဉာဏ်ပညာ ဘာတစ်ခုမှ မရှိလို့ပဲ။”—ဒေသနာ ၉:၁၀။
“သူဟာ အသက်ထွက်ပြီး မြေကြီးထဲ ပြန်သွားတတ်တယ်။ အဲဒီနေ့မှာပဲ သူ့အကြံအစည် တွေ ပျက်ဆီးသွားတယ်။”—ဆာလံ ၁၄၆:၄။
အသက်ရှင်နေသူတွေပဲ ဒါတွေကို လုပ်နိုင်ကြ
ဒီကျမ်းစကားတွေက လက်ခံရ ခက်ခဲသလား။ လက်ခံရခက်တယ်ဆိုရင် ဒါကိုစဉ်းစားကြည့်ပါ။ မိသားစုများစွာမှာ အမျိုးသားက အိမ်ထောင်ကို ထောက်ပံ့ဖို့ ငွေရှာတယ်။ အဲဒီအမျိုးသား သေဆုံးသွားရင် မိသားစုက အခက်အခဲတွေ ရင်ဆိုင်ရလေ့ရှိတယ်။ တစ်ခါတရံ ကျန်ရစ်သူဇနီးနဲ့ သားသမီးတွေမှာ အစားအစာဝယ်ဖို့တောင် ငွေ လောက်လောက်ငှငှ မရှိကြဘူး။ ဒါမှမဟုတ် အဲဒီအမျိုးသားရဲ့ ရန်သူတွေက သူတို့ကို မတရားပြုလုပ်နိုင်တယ်။ အခု ဒီလိုမေးကြည့်ပါ- “အဲဒီအမျိုးသားက ဝိညာဉ်လောကမှာ ဆက်အသက်ရှင်နေသေးတယ်ဆိုရင် သူ့မိသားစုကို ဘာကြောင့် ဆက်မထောက်ပံ့ပေးရတာလဲ။ မကောင်းတဲ့ လူတွေလက်ထဲကနေ သူ့မိသားစုကို ဘာကြောင့် မကာကွယ်ပေးရတာလဲ။” ကျမ်းစကားတွေ မှန်ကန်နေလို့ပါ။ အဲဒီအမျိုးသားဟာ အသက်မရှင်တော့လို့ ဘာကိုမှ မလုပ်ပေးနိုင်တော့ပါ။—ဆာလံ ၁၁၅:၁၇။
လူသေတွေဟာ ဆာလောင်နေသူတွေကို မကူညီနိုင်ဘူး၊ မတော်မတရား ဆက်ဆံခံနေရသူတွေကိုလည်း မကာကွယ်ပေးနိုင်ဘူး။
အဲဒီလိုပြောတဲ့အတွက် သေဆုံးသွားသူတွေ ဘယ်တော့မှ အသက် ပြန်မရှင်လာ နိုင်တော့ဘူးလို့ ဆိုလိုသလား။ အဲဒီလိုလည်း မဟုတ်ပါဘူး။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း နောက်ပိုင်းမှာ ပြောကြရအောင်။ အခုပြောချင်တာက လူသေတွေဟာ သင်ဘာလုပ်နေတယ်ဆိုတာ မသိကြဘူး။ သင့်ကို မမြင်နိုင်ဘူး၊ သင့်စကားကို မကြားနိုင်ဘူး၊ သင့်ကို စကားမပြောနိုင်ဘူး။ သူတို့ကို ကြောက်စရာမလိုပါဘူး။ သင့်ကို မကူညီနိုင်သလို အန္တရာယ်လည်း မပေးနိုင်ဘူး။—ဒေသနာ ၉:၄။ ဟေရှာယ ၂၆:၁၄။