ဆင့်ကဲဖြစ်စဉ်—ဒဏ္ဍာရီနှင့် အဖြစ်မှန်
“နေမှအပူရှိန်ထွက်ခြင်းသည် ဖြစ်ရပ်မှန်ဖြစ်သကဲ့သို့ ဆင့်ကဲဖြစ်စဉ်သည်လည်း ဖြစ်ရပ်မှန်ဖြစ်၏” ဟု ကျော်ကြားသော ဆင့်ကဲသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ပါမောက္ခရစ်ချက် ဒေါ်ကင်စ်က အခိုင်အမာဆိုသည်။၁၆ လက်တွေ့စမ်းသပ်မှုများနှင့် တိုက်ရိုက် စောင့်ကြည့်လေ့လာချက်များက နေသည် ပူပြင်းကြောင်း သက်သေထူပါသည်။ သို့သော် လက်တွေ့စမ်းသပ်မှုများနှင့် တိုက်ရိုက်စောင့်ကြည့် လေ့လာချက်များက ဆင့်ကဲသွန်သင်ချက်ကို အလားတူ မငြင်းဆိုနိုင်လောက်အောင် သက်သေပြသလော။
ဤမေးခွန်းကိုမဖြေဆိုမီ ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း သိထားသင့်သော အရာတစ်ခုရှိသည်။ သက်ရှိများ၏ မျိုးဆက်များသည် နှစ်များစွာအတွင်း အနည်းငယ်ပြောင်းလဲနိုင်ကြောင်း သိပ္ပံပညာရှင်များ သတိပြုမိခဲ့ကြပြီ။ ဥပမာ၊ ခွေးများကို ရွေးချယ်သားဖောက်ရာတွင် နောက်ဆုံး၌ ယင်းခွေးမျိုးဆက်များသည် ဘိုးဘေးများထက် ခြေထောက်ပိုတိုကြ သို့မဟုတ် အမွှေးပိုရှည်ကြသည်။ a သိပ္ပံပညာရှင်အချို့က ဤကဲ့သို့ အနည်းငယ်သောပြောင်းလဲမှုကို “အသေးစားဆင့်ကဲဖြစ်စဉ်” ဟုခေါ်ဆိုကြသည်။
သို့သော် အနည်းငယ်သော ပြောင်းလဲမှုများသည် နှစ်သန်းထောင်ပေါင်းများစွာအတွင်း တဖြည်းဖြည်း စုဝေးလာသောအခါ ငါးမှ ကုန်းနေရေနေသတ္တဝါသို့လည်းကောင်း၊ လူဝံနှင့်တူသောသတ္တဝါမှ လူသားသို့လည်းကောင်း ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်လာသည်ဟု ဆင့်ကဲပညာရှင်များက သွန်သင်ကြသည်။ ဤသို့ ခန့်မှန်းထားသော ပြောင်းလဲမှုကြီးများကို အကြီးစားဆင့်ကဲဖြစ်စဉ်ဟု ရည်ညွှန်းကြသည်။
ဥပမာ၊ ကျွန်ုပ်တို့သိရှိနိုင်သော သေးငယ်သည့် ပြောင်းလဲမှုများရှိသည်ဆိုလျှင် မည်သူမျှမသိရှိနိုင်သော ၁၇ အလွန့်အလွန် ကြာညောင်းသော ကာလတစ်လျှောက်တွင် ရိုးရှင်းသော သက်ရှိပုံစံဟုလည်းခေါ်သည့် မူလအရာတချို့သည် “အလွန်အမင်း သေးငယ်သော ပြောင်းလဲမှုများ” အားဖြင့် ဖြည်းဖြည်းချင်း ပြောင်းလဲလာရာ ကမ္ဘာပေါ်တွင် မျိုးကွဲစုံလင်သော သက်ရှိသန်းပေါင်းများစွာ ဖြစ်လာသည်ဟု သူယူဆခဲ့သည်။၁၈
ကြီးမားသည့် ပြောင်းလဲမှုများလည်း ရှိနိုင်သည်ဟု ချားလ်စ်ဒါဝင်က သွန်သင်ခဲ့သည်။ဤအဆိုသည် လူများစွာအတွက် ယုတ္တိရှိပုံရသည်။ ‘မျိုးစိတ်တစ်ခုမှာ သေးငယ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ရင် ဆင့်ကဲဖြစ်စဉ်က နှစ်ပေါင်းများစွာအတွင်း ကြီးမားတဲ့ပြောင်းလဲမှုတွေကို ဘာကြောင့် မဖြစ်စေနိုင်ရမှာလဲ’ဟု သူတို့တွေးတောကြသည်။ b အမှန်တွင် ဆင့်ကဲသွန်သင်ချက်သည် ဒဏ္ဍာရီသုံးခုအပေါ်၌ အခြေပြုထားသည်။ အောက်ပါတို့ကို သုံးသပ်ကြည့်ပါ။
ဒဏ္ဍာရီ ၁။ ဗီဇပြောင်းလဲခြင်းက မျိုးစိတ်သစ်ဖြစ်ပေါ်ရန် လိုအပ်သော အကြမ်းထည်ကို ရရှိစေသည်။ ဗီဇပြောင်းလဲခြင်းဟူသည် အပင်နှင့် တိရစ္ဆာန်တို့၏ ဗီဇလက္ခဏာ ကြုံရာကျပန်း ပြောင်းလဲသွားခြင်း ဖြစ်သည်။ အကြီးစား ဆင့်ကဲဖြစ်စဉ် အယူအဆသည် ဗီဇပြောင်းလဲခြင်းက မျိုးစိတ်အသစ်ကို ဖြစ်ပေါ်စေရုံမက အပင်နှင့်တိရစ္ဆာန်တို့၏ မျိုးရင်းအသစ်စက်စက်ကိုပါ ဖြစ်ပေါ်စေသည်ဟူသော အဆိုပြုချက်အပေါ် အခြေခံသည်။၁၉
အဖြစ်မှန်။ အပင်တစ်ပင် သို့မဟုတ် တိရစ္ဆာန်တစ်ကောင်၏ ထူးခြားသော လက္ခဏာများသည် ဆဲလ်တစ်ခုစီ၏ နယူးကလီးယက်စ်အတွင်းရှိ ဗီဇလက္ခဏာ ပုံစံပြာတွင်ပါသော လမ်းညွှန်ချက်အရ ဖြစ်ပေါ်သည်။ c ဗီဇပြောင်းလဲခြင်းကြောင့် အပင်နှင့်တိရစ္ဆာန်တို့၏ မျိုးဆက်များတွင် ပြောင်းလဲမှုဖြစ်ပေါ်နိုင်ကြောင်း သုတေသီများ တွေ့ရှိခဲ့ကြသည်။ သို့သော် ဗီဇပြောင်းလဲခြင်းက မျိုးစိတ်အသစ်စက်စက်ကို အမှန်ပင်ဖြစ်ပေါ်စေပါသလော။ မျိုးရိုးဗီဇနယ်ပယ်တွင် ရာစုနှစ်တစ်ခုကြာ သုတေသနပြုချက်က အဘယ်အရာဖော်ပြသနည်း။
၁၉၃၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင် သိပ္ပံပညာရှင်များက အယူအဆသစ်တစ်ခုကို စိတ်အားထက်သန်စွာ လက်ခံယုံကြည်ခဲ့ကြသည်။ သဘာ၀ရွေးချယ်မှုက ကြုံရာကျပန်း ဗီဇပြောင်းလဲခြင်းမှ အပင်မျိုးစိတ်သစ်ကို ဖြစ်စေနိုင်သည်ဟူ၍ သူတို့တွေးထင်ခဲ့ကြပြီးဖြစ်သည်။ သဘာ၀ရွေးချယ်မှုဟူသည်မှာ ဝန်းကျင်နှင့်လိုက်ဖက်အညီဆုံး သက်ရှိများသည် အသက်ရှင်ကျန်ရစ်နိုင်ခြေနှင့် မျိုးပွားနိုင်ခြေ အများဆုံးဖြစ်သည်။ ထို့ကြောင့် သဘာ၀ကို တုပ၍ လူ့ထိန်းချုပ်မှုအောက် ရွေးချယ်ဗီဇပြောင်းလဲစေခြင်းသည် ထပ်တူဖြစ်စေနိုင်ရုံမျှမက ပို၍ထိရောက်မည်ဟု သူတို့ယူဆခဲ့ကြသည်။ “ဇီ၀ဗေဒပညာရှင်အများစု၊ မျိုးရိုးဗီဇပညာရှင်များနှင့် အထူးသဖြင့် မျိုးဖောက်သူများ အလွန်ပျော်ရွှင်ခဲ့ကြသည်”ဟု ဂျာမနီနိုင်ငံ၊ မက်စ်ပလန့်တက္ကသိုလ်၊ အပင်မျိုးပွားနည်း သုတေသနဌာနမှ သိပ္ပံပညာရှင် ဝို့လ်ဖ် အက်ကင်ဟတ် လွန်းနစ်ဂ်ကပြောသည်။ d အဘယ်ကြောင့် အလွန်ပျော်ရွှင်ခဲ့ကြသနည်း။ အပင်များ၏ မျိုးရိုးဗီဇပြောင်းလဲမှုကို အနှစ် ၃၀ ကြာလေ့လာခဲ့သော လွန်းနစ်ဂ်က ဤသို့ဆိုသည်– “အပင်နှင့် တိရစ္ဆာန်များကို မျိုးဖောက်ရာတွင် သုံးနေကျနည်းစနစ်ကို ပြောင်းလဲနိုင်မည့်အချိန်ရောက်ပြီဟု ဤသုတေသီများ ယူဆခဲ့ကြသည်။ ဗီဇပြောင်းလဲရာတွင် မိမိတို့ဖြစ်စေလိုရာနှင့်အညီ ရွေးချယ်ဖြစ်ပေါ်စေခြင်းဖြင့် အသစ်လည်းဖြစ်၊ ပို၍လည်းကောင်းသော အပင်နှင့် တိရစ္ဆာန်များဖြစ်ပေါ်စေမည်ဟု သူတို့တွေးထင်ခဲ့ကြသည်။”၂၀ အမှန်တွင် မျိုးစိတ်အသစ်စက်စက်များကို ပြုလုပ်နိုင်မည်ဟု အချို့သူတို့ မျှော်လင့်ခဲ့ကြသည်။
ယူနိုက်တက်စတိတ်၊ အာရှနှင့် ဥရောပနိုင်ငံရှိ သိပ္ပံပညာရှင်များက ရန်ပုံငွေကောင်းစွာရရှိထားသော သုတေသန အစီအစဉ်များကို စတင်ရာတွင် ဆင့်ကဲဖြစ်စဉ်ကို အရှိန်မြှင့်ပေးနိုင်ဖွယ်ရှိသည့် နည်းစနစ်များကို အသုံးပြုခဲ့ကြသည်။ နှစ်ပေါင်း ၄၀ ကျော် စိတ်အားထက်သန်စွာ လေ့လာမှုပြုပြီးနောက် အဘယ်ရလဒ် ရရှိခဲ့ကြသနည်း။ “ငွေကြေးများစွာ အကုန်အကျခံသည့်ကြားမှပင် [ဗီဇပြောင်းလဲစေဖို့] ရောင်ခြည်တစ်စုံတစ်ရာပေး၍ ပြုပြင်ခြင်းအားဖြင့် မျိုးကွဲအသစ်များ ပို၍ဖြစ်ပေါ်လာအောင် ကြိုးစားပြုလုပ်ခြင်းသည် မအောင်မြင်ကြောင်း သိသိသာသာထင်ရှားလာသည်” ဟုသုတေသီ ပီတာ ဘွန် ဆမ်းဘုချ် ကပြောသည်။၂၁ လွန်းနစ်ဂ်က ဤသို့ဆက်ပြောသည်– “၁၉၈၀ ပြည့်လွန်နှစ်များတွင် ကမ္ဘာတစ်ဝန်း မအောင်မြင်မှုများကြောင့် သိပ္ပံပညာရှင်များ၏ မျှော်လင့်ချက်နှင့် ပျော်ရွှင်မှု အဆုံးတိုင်သွားလေသည်။ ဗီဇပြောင်းလဲစေခြင်းဖြင့် မျိုးပွားမှုကို သီးသန့်ဌာနစိတ်တစ်ခုအနေနှင့် သုတေသနလုပ်ခြင်းအား အနောက်နိုင်ငံများတွင် စွန့်လွှတ်လိုက်ကြသည်။ ဗီဇပြောင်းလဲစေခြင်းဖြင့် ရရှိလာရာ (ဗီဇပြောင်းသက်ရှိ) အားလုံးနီးပါးသည် . . . သေဆုံးကြ သို့မဟုတ် သဘာ၀မျိုးကွဲများထက် ချို့ယွင်းချက် ပိုများကြသည်။” e
သို့ဖြစ်သည့်တိုင်၊ အနှစ် ၁၀၀ ခန့်ကြာ ဗီဇပြောင်းလဲခြင်းဆိုင်ရာ အထွေထွေစမ်းသပ်မှုများနှင့် အနှစ် ၇၀ ကြာ ဗီဇပြောင်းလဲ၍ မျိုးပွားစေခြင်းဆိုင်ရာ သီးသန့်စမ်းသပ်မှုများက ဗီဇပြောင်းလဲခြင်းဖြင့် မျိုးစိတ်အသစ် ဖြစ်ပေါ်နိုင်စွမ်းနှင့် ပတ်သက်ပြီး သိပ္ပံပညာရှင်များကို ကောက်ချက်များ ချစေနိုင်ခဲ့သည်။ အထောက်အထားများကို ဆန်းစစ်ပြီးနောက် လွန်းနစ်ဂ် ဤသို့ကောက်ချက်ချသည်– “ဗီဇပြောင်းလဲစေခြင်းဖြင့် [အပင် သို့မဟုတ် တိရစ္ဆာန်၏] မူလမျိုးစိတ်မှ မျိုးစိတ်အသစ်စက်စက်သို့ မပြောင်းလဲပေးနိုင်ပါ။ ဤကောက်ချက်က ၂၀ ရာစု၏ ဗီဇပြောင်းလဲခြင်းဆိုင်ရာသုတေသနပြုချက်မှ အတွေ့အကြုံ၊ ရလဒ်အားလုံးနှင့် ကိုက်ညီမှုရှိသည့်အပြင် ဖြစ်တန်ရာဥပဒေသ (laws of probability) နှင့်လည်းကိုက်ညီသည်။”
သို့ဆိုလျှင် ဗီဇပြောင်းလဲခြင်းက မျိုးစိတ်တစ်ခုကို သက်ရှိမျိုးစိတ် အသစ်စက်စက်တစ်ခုသို့ ပြောင်းလဲဖြစ်ပေါ်စေနိုင်သလော။ သက်သေသာဓကများက မဖြစ်ပေါ်စေနိုင်ဟူ၍ အဖြေပေးသည်။ လွန်းနစ်ဂ်၏ သုတေသနပြုချက်က “အခြားမျိုးစိတ်များနှင့် အမှန်ပင် ကွဲပြားသောဗီဇရှိသည့် မျိုးစိတ်များတွင် စစ်မှန်သော နယ်နိမိတ်ရှိသည်၊ ယင်းနယ်နိမိတ်ကို မတော်တဆ ဗီဇပြောင်းလဲခြင်းဖြင့် ဖျောက်ဖျက်၍မရ၊ ကျူးကျော်၍မရပါ” ဟူ၍ သူ့အား ကောက်ချစေခဲ့သည်။”၂၂
အထက်တွင်ဖော်ပြထားသော အချက်များ၏ ဆက်နွှယ်မှုများကို သုံးသပ်ကြည့်ပါ။ အဆင့်မြင့် သိပ္ပံပညာရှင်များသည် ဗီဇပြောင်းလဲရာတွင် မိမိတို့ဖြစ်စေလိုရာနှင့်အညီ ရွေးချယ်ဖြစ်ပေါ်စေခြင်းဖြင့် မျိုးစိတ်အသစ် မပြုလုပ်နိုင်လျှင် ဉာဏ်ပညာမပါသော သဘာ၀ဖြစ်စဉ်တစ်ခုက ပို၍ တတ်စွမ်းနိုင်ပါမည်လော။ ဗီဇပြောင်းလဲခြင်းသည် မူလမျိုးစိတ်မှ မျိုးစိတ်အသစ်စက်စက်တစ်ခုသို့ မပြောင်းလဲစေနိုင်ကြောင်း သုတေသနပြုချက်များက ဖော်ပြသည်ဆိုလျှင် အကြီးစား ဆင့်ကဲဖြစ်စဉ် ဖြစ်ပျက်ခဲ့သည်ဟု မည်သို့ အတိအကျပြောနိုင်မည်နည်း။
ဒဏ္ဍာရီ ၂။ သဘာ၀ရွေးချယ်မှုက မျိုးစိတ်သစ်များကို ဖြစ်ပေါ်စေသည်။ ဒါဝင်ယုံကြည်သည်မှာ သူအမည်ပေးထားသော သဘာ၀ရွေးချယ်မှုက ဝန်းကျင်နှင့်လိုက်ဖက်အညီဆုံးသက်ရှိများကို ဆက်လက်ရှင်သန်စေပြီး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုမရှိသော သက်ရှိတို့ကိုမူ တဖြည်းဖြည်း သေဆုံးသွားစေမည်ဖြစ်သည်။ မျိုးစိတ်များပျံ့နှံ့ပြီး သီးခြားဖြစ်လာသည်နှင့်အမျှ ၎င်း၏ဝန်းကျင်သစ်တွင် လိုက်လျောညီထွေစွာ နေနိုင်သော မျိုးရိုးဗီဇပြောင်းသွားရာများကို သဘာ၀ရွေးချယ်မှုက ရွေးချယ်သည်ဟု ခေတ်သစ်ဆင့်ကဲဝါဒီများ သင်ပေးသည်။ ရလဒ်အနေနှင့် ယင်းသီးခြားအုပ်စုများသည် နောက်ဆုံးတွင် လုံးလုံးသစ်လွင်သော မျိုးစိတ်များအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်သွားသည်ဟု ဆင့်ကဲဝါဒီများက ထင်ကြေးပေးကြသည်။
အဖြစ်မှန်။ ရှေ့ပိုင်းတွင် သတိပြုမိသည့်အတိုင်း သုတေသနပြုချက်မှ အထောက်အထားက ဗီဇပြောင်းလဲခြင်းသည် အပင် သို့မဟုတ် တိရစ္ဆာန်အမျိုးအစား အသစ်စက်စက်များကို မထွက်ပေါ်စေနိုင်ကြောင်း အခိုင်အမာ ဖော်ပြသည်။ သို့သော် မျိုးစိတ်အသစ်များ ထွက်ပေါ်စေရာတွင် သဘာ၀ရွေးချယ်မှုသည် အကျိုးပြု ဗီဇပြောင်းလဲခြင်းကို ရွေးချယ်သည် ဆိုသော အဆိုပြုချက်ကိုထောက်ပံ့ဖို့ ဆင့်ကဲဝါဒီများ၌ အဘယ်သက်သေပြစရာ ရှိသနည်း။ ၁၉၉၉ ခုနစ်တွင် အမေရိကန်ရှိ အမျိုးသားသိပ္ပံ အကယ်ဒမီ (NAS) ကထုတ်ဝေသော ဘရိုရှာတစ်စောင်သည် “ဂါလာပါဂို့စ်ကျွန်းများတွင် ဒါဝင်လေ့လာခဲ့သည့် စာမျိုးဝင်ငှက်ငယ် (finche) မျိုးစိတ် ၁၃ ခုကို” ရည်ညွှန်းခဲ့ပြီး ယင်းငှက်များကို “ယခုအခါ ဒါဝင်၏ စာမျိုးဝင်ငှက်ငယ်များဟု ခေါ်ကြသည်။”၂၃
၁၉၇၀ ပြည့်လွန်နှစ်များတွင် ပရစ္စတွန်တက္ကသိုလ်မှ ပီတာ. အာရ်နှင့် ဘီ. ရို့စ်မေရီ ဂရန့်တို့ ဦးဆောင်သော သုတေသန အဖွဲ့တစ်ဖွဲ့သည် ထိုငှက်ငယ်တို့ကို စတင်လေ့လာခဲ့ကြရာ ကျွန်းများ၌ မိုးခေါင်သော နှစ်ပြီးနောက်တွင် နှုတ်သီးသေးသော ငှက်များထက် နှုတ်သီးအနည်းငယ်ကြီးသော ငှက်များသည် ဆက်၍ ရှင်သန်နိုင်စွမ်း ရှိကြကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ နှုတ်သီးအရွယ်အစားနှင့် ပုံစံတို့ကို ကြည့်ရှုစစ်ဆေးခြင်းသည် ယင်းငှက်မျိုးစိတ် ၁၃ ခုကို ဆုံးဖြတ်ရာတွင် အဓိကနည်းလမ်းများထဲမှ တစ်ခုဖြစ်ရာ ယင်းတွေ့ရှိမှုများကို အရေးပါရာများဟု ယူဆခဲ့ကြသည်။ ယင်း အန်အေအက်စ် ဘရိုရှာက ဤသို့ဆက်ပြောသည်– “ကျွန်းများတွင် ၁၀ နှစ်လျှင် တစ်ကြိမ်ခန့် မိုးခေါင်သည်ဆိုလျှင် နှစ်ပေါင်း ၂၀၀ ခန့်ကြာရုံနှင့် ငှက်ငယ်မျိုးစိတ်အသစ်တစ်မျိုး ထွက်ပေါ်လာပေမည်ဟု ဂရန့်က ခန့်မှန်းခဲ့သည်။”သို့သော် မိုးခေါင်ပြီး နောက်ပိုင်းနှစ်များ တစ်လျှောက်တွင် နှုတ်သီးပိုသေးသော ငှက်ငယ်များ ပိုများလာသည် ဟူသောအချက်ကို အန်အေအက်စ် ဘရိုရှာက မဖော်ပြခဲ့ပါ။ ကျွန်းပေါ်ရှိ ရာသီဥတုအခြေအနေ ပြောင်းလဲသွားသည်နှင့်အမျှ တစ်နှစ်တွင် နှုတ်သီးရှည်သောငှက်ငယ် ပိုများသော်လည်း နောက်ပိုင်းတွင် နှုတ်သီးသေးသော ငှက်ငယ်များ ပိုများကြောင်း သုတေသီများ တွေ့ရှိခဲ့ကြသည်။ ထို့ပြင် ငှက်ငယ် “မျိုးစိတ်” ကွဲ အချို့ ပေါင်းစပ်ရာမှ ပေါက်ပွားလာသော သားပေါက်များသည် ၎င်းတို့၏ မိဘများထက် ပို၍ကောင်းစွာ ရှင်သန်နိုင်ကြောင်း သူတို့ သတိပြုမိခဲ့ကြသည်။ ယင်းသို့ ဆက်လက်၍ ပေါင်းစပ်မျိုးပေါက်ပါက “မျိုးစိတ်” နှစ်မျိုးကို တစ်မျိုးအဖြစ်သို့ ပေါင်းစပ်သွားစေနိုင်ကြောင်း သူတို့ ကောက်ချက်ချခဲ့ကြသည်။၂၅
သို့ဆိုလျှင် သဘာ၀ရွေးချယ်မှုသည် မျိုးစိတ်အသစ်စက်စက်များကို အမှန်ပင် ဖန်တီးနိုင်ပါသလော။ လွန်ခဲ့သော ဆယ်စုနှစ်များက ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဇီ၀ပညာရှင် ဂျော့ဂ်ျ ခရစ်တိုဖာ ဝီလျံသည် သဘာ၀ရွေးချယ်မှုတွင် ယင်းသို့ မျိုးစိတ်အသစ် ဖန်တီးနိုင်စွမ်း ရှိမရှိနှင့်ပတ်သက်၍ စတင် မေးခွန်းထုတ်ခဲ့သည်။၂၆ ပြောင်းလဲသွားသည့် အခြေအနေများနှင့်အညီ နေထိုင်နိုင်ရန် မျိုးစိတ်များကို သဘာ၀ရွေးချယ်မှုက ထောက်ကူပေးနိုင်သော်လည်း အသစ်ဟူ၍ တစ်စုံတစ်ခုမျှ မဖြစ်ပေါ်စေကြောင်း ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ သဘောတရားပညာရှင် ဂျက်ဖရီ အိပ်ချ် ရှာဝက်ဇ်က ၁၉၉၉ ခုနစ်တွင် ရေးသားခဲ့သည်။၂၇
အမှန်မှာ ဒါဝင်၏စာမျိုးဝင်ငှက်ငယ်များသည် “အသစ်ဟူ၍ တစ်စုံတစ်ခုမျှ” ဖြစ်မလာပါ။ ယင်းတို့သည် စာမျိုးဝင်ငှက်ငယ်များအဖြစ် ဆက်လက်ရှိနေဆဲပင်။ ယင်းတို့ ပေါင်းစပ်မျိုးပွားသည် ဟူသည့်အချက်က မျိုးစိတ်တစ်ခုကို သတ်မှတ်ရာတွင် ဆင့်ကဲဝါဒီအချို့ သုံးသည့်နည်းလမ်းများကို သံသယဝင်စေသည်။ ထို့ပြင် နာမည်ကြီး သိပ္ပံဆိုင်ရာအကယ်ဒမီ ကျောင်းများပင် သက်သေအထောက်အထားများကို အစီရင်ခံရာတွင် ဘက်လိုက်နိုင်သည်ကို ယင်းငှက်ငယ်များနှင့် ပတ်သက်သည့် အချက်အလက်က ဖော်ထုတ်လှစ်ဟပြသည်။
ဒဏ္ဍာရီ ၃။ ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းက အကြီးစား ဆင့်ကဲဖြစ်စဉ် ပြောင်းလဲခြင်းကို ထောက်ခံသည်။ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်းများက အကြီးစား ဆင့်ကဲဖြစ်စဉ်ကို ခိုင်လုံစွာထောက်ခံကြောင်း အထက်တွင် ဖော်ပြခဲ့သော အန်အေအက်စ် ဘရိုရှာက စာဖတ်သူတို့ကို ယူမှတ်စေသည်။ ယင်းဘရိုရှာက ဤသို့ဖော်ပြသည်– “ငါးများနှင့် ကုန်းနေရေနေသတ္တဝါ၊ ကုန်းနေရေနေသတ္တဝါနှင့် တွားသွားသတ္တဝါ၊ တွားသွားသတ္တဝါနှင့် နို့တိုက်သတ္တဝါ၊ လူ၊ လူဝံ၊ မျောက်စသော အဆင့်မြင့် နို့တိုက်သတ္တဝါမျိုးဆက်တို့၏ စပ်ကြားပုံစံများစွာကို ရှာဖွေတွေ့ခဲ့ရာ မျိုးစိတ်တစ်ခုမှ နောက်သီးသန့်မျိုးစိတ်သို့ အဘယ်အချိန်တွင် ပြောင်းလဲသွားကြောင်းပင် တိတိကျကျ ခွဲခြားပြရန် ခက်ခဲလေ့ရှိသည်။”အဖြစ်မှန်။ အန်အေအက်စ် ဘရိုရှာတင်ပြသည့် စိတ်ချရသော ဖော်ပြချက်သည် အတော်ပင် အံ့အားသင့်ဖွယ် ကောင်း၏။ အဘယ်ကြောင့်နည်း။ ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းက တဖြည်းဖြည်း စုဝေးဖြစ်ပေါ်လာသော ပြောင်းလဲမှုကို မဟုတ်ဘဲ အလွန်ကြာညောင်းသော အချိန်ကိုသာ ဖော်ပြနေခြင်းဖြစ်ကြောင်း၊ “မျိုးစိတ်အများစု၌ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ စုဝေးဖြစ်ပေါ်လာသော ပြောင်းလဲမှု အလွန့်အလွန်နည်းကြောင်း သို့မဟုတ် လုံး၀မရှိခဲ့ကြောင်း” ဖော်ပြသည်ဟု ယုံကြည်စိတ်ချရသော ဆင့်ကဲဝါဒီတစ်ဦးဖြစ်သူ နိုင်လ် အယ်ဒရီဒ်က ပြောသည်။ f၂၉
ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းအရ အဓိကတိရစ္ဆာန်အုပ်စု အားလုံးသည် ရုတ်တရက်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လုံးဝနီးပါးမပြောင်းမလဲ ဆက်တည်ရှိနေ
ယနေ့ထိတိုင် ကမ္ဘာတစ်ဝန်းရှိ သိပ္ပံပညာရှင်များသည် ကြီးမားသည့် ကျောက်ဖြစ်ရုပ်ကြွင်း သန်းပေါင်း ၂၀၀ ခန့်နှင့် အလွန့်အလွန်များလှသော သေးငယ်သည့် ကျောက်ဖြစ်ရုပ်ကြွင်းများကို တူးဖော်တွေ့ရှိခဲ့ကြပြီး စာရင်းပြုစုခဲ့ကြသည်။ များပြားလှပြီး အသေးစိတ်ကျသော မှတ်တမ်းက အဓိက တိရစ္ဆာန်အုပ်စုအားလုံး ရုတ်တရက် ဖြစ်ပေါ်တည်ရှိခဲ့ကြောင်း၊ လုံးဝနီးပါး မပြောင်းမလဲ ဆက်တည်ရှိနေကြောင်း၊ မျိုးစိတ်များစွာ ရုတ်တရက် ဖြစ်ပေါ်တည်ရှိသကဲ့သို့ ရုတ်တရက် ပြန်ပျောက်ကွယ်သွားကြောင်း ဖော်ပြထားသည်ကို သုတေသီများစွာ သဘောတူကြသည်။
ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ခြင်း—မခိုင်လုံသော “ယုံကြည်ချက်” အပေါ် အခြေပြုသည့်လုပ်ရပ်
ထင်ရှားသော ဆင့်ကဲဝါဒီများက အကြီးစား ဆင့်ကဲဖြစ်စဉ်သည် ဖြစ်ရပ်မှန်ဖြစ်သည်ဟု အဘယ်ကြောင့် အခိုင်အမာ ပြောဆိုကြသနည်း။ သက်သေမပြနိုင်သော သိပ္ပံဆိုင်ရာ အဆိုပြုချက်များကို သိပ္ပံပညာရှင်များ တလိုတလား လက်ခံကြခြင်းမှာ သူတို့သည် “ရုပ်ဝါဒကို အခိုင်အမာ ယုံကြည်ထား” သောကြောင့်ဖြစ်၏ဟု ဩဇာညောင်းသော ဆင့်ကဲဝါဒီတစ်ဦးဖြစ်သူ ရစ်ချက်ဒ် လီယွန်တင်က ပွင့်လင်းစွာ ရေးသားခဲ့သည်။ g သိပ္ပံပညာရှင်များစွာသည် ဉာဏ်ကြီးရှင် ဒီဇိုင်နာတစ်ဦးရှိနိုင်သည်ကို စဉ်းစားဖို့ပင် ငြင်းဆန်ကြသည်၊ အကြောင်းမှာ လီယွန်တင်ရေးသည့်အတိုင်း သူတို့သည် “သိပ္ပံလောကထဲသို့ ဘုရားသခင်အား ဝင်ခွင့်မပြုနိုင်” သောကြောင့် ဖြစ်သည်။၃၀
ယင်းနှင့်ပတ်သက်၍ လူမှုဗေဒပညာရှင် ရော့ဒနီ စတာ့ခ်က သိပ္ပံဆိုင်ရာ စာစောင်တစ်စောင် (Scientific American) တွင် ဤသို့ဖော်ပြသည်– “သိပ္ပံနည်းကျကျ တွေးတတ်သူဖြစ်လိုပါက ဘာသာရေးလွှမ်းမိုးမှု မခံသင့်ပါဟူသော အယူအဆကို အားပေးထောက်ခံခဲ့သည်မှာ နှစ်ပေါင်း ၂၀၀ ကျော်ရှိပြီ။” သူ ဆက်၍ ဖော်ပြသည်မှာ သုတေသနဆိုင်ရာ တက္ကသိုလ်များတွင် “ဘာသာရေးကိုင်းရှိုင်းသူတို့သည် ဘုရားသခင်အကြောင်းဆိုလျှင် သူတို့ပါးစပ်ကို ပိတ်ထားရသည်။”၃၁
သင်သည် အကြီးစား ဆင့်ကဲဖြစ်စဉ် သွန်သင်ချက်ကို ဖြစ်ရပ်မှန်အဖြစ် လက်ခံမည်ဆိုလျှင် မသိဝါဒီ သို့မဟုတ် ဘုရားသခင်ကို မယုံကြည်သော သိပ္ပံပညာရှင်များက သိပ္ပံဆိုင်ရာ တွေ့ရှိချက်များကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် သူတို့ကိုယ်ပိုင် ယုံကြည်ချက်များဖြင့် ဩဇာလွှမ်းမိုးမည်မဟုတ်ဟု သင်ယုံကြည်ရမည်။ ဗီဇပြောင်းလဲမှုများက အခြားမျိုးစိတ်များနှင့် အမှန်ပင်ကွဲပြားသောဗီဇရှိသည့် မျိုးစိတ်တစ်ခုကိုပင် မျိုးစိတ်အသစ်စက်စက်သို့ မပြောင်းလဲစေကြောင်း ရာစုနှစ်တစ်ခုကြာ သုတေသနပြုချက်က ဖော်ပြထားသော်လည်း ဗီဇပြောင်းလဲခြင်းနှင့် သဘာဝရွေးချယ်မှုက ရှုပ်ထွေးသော သက်ရှိပုံစံအားလုံးကို ဖြစ်ပေါ်စေခဲ့သည်ဟု သင် ယုံကြည်ရမည်။ အပင်များနှင့် တိရစ္ဆာန်များ၏ အဓိကအမျိုးအစားများသည် ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး အလွန့်အလွန် ကြာညောင်းသော ကာလတွင်ပင် အခြားအမျိုးအစားသို့ ပြောင်းလဲဖြစ်ပေါ်ခဲ့ခြင်း မရှိခဲ့ကြောင်း ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းက ခိုင်လုံစွာ ဖော်ပြထားသော်လည်း သတ္တဝါအားလုံးသည် မူလအရာတစ်ခုတည်းမှ တဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာသည်ကို သင် ယုံကြည်ရမည်။ ယင်းသို့သော ယုံကြည်ချက်မျိုးသည် ဖြစ်ရပ်မှန်အပေါ် အခြေခံပုံရသလော သို့မဟုတ် ဒဏ္ဍာရီအပေါ် အခြေခံပုံရသလော။ အမှန်မှာ၊ ဆင့်ကဲဖြစ်စဉ်ကို ယုံကြည်ခြင်းသည် မခိုင်လုံသော “ယုံကြည်ချက်” အပေါ် အခြေပြုသည့် လုပ်ရပ်ဖြစ်ပေသည်။
a ခွေးမျိုးဆက်များ ပြောင်းလဲခြင်းသည် တစ်ခါတစ်ရံ မျိုးရိုးဗီဇ ချို့ယွင်းမှုများကြောင့် ဖြစ်နိုင်သည်။ ဥပမာ၊ ကျောရိုးရှည်သောခွေးမျိုး (dachshund) တွင် အရိုးနု ပုံမှန်မကြီးထွားခြင်းက ယင်းကို အရွယ်အစား သေးငယ်သွားစေပြီး ပုသွားစေသည်။
b ဤအပိုင်းတွင် “မျိုးစိတ်” ဟုမကြာခဏ သုံးထားသော်လည်း ကမ္ဘာဦးကျမ်းတွင် ဤစကားလုံး မတွေ့ရခြင်းကို မှတ်သားသင့်သည်။ ယင်းကျမ်းတွင် ပို၍အဓိပ္ပာယ်ကျယ်ပြန့်သော “အမျိုး” (kind) ဟူသည့် စကားလုံးကို တွေ့ရသည်။ သိပ္ပံပညာရှင်များ ပြောလေ့ရှိသည့် မျိုးစိတ်အသစ်များ ဆင့်ကဲဖြစ်ပေါ်ခြင်းဟူသည်မှာ ကမ္ဘာဦးကျမ်း၌ သုံးထားသော စကားလုံးဖြစ်သည့် “အမျိုး” တစ်ခုအတွင်း ကွဲပြားခြင်းမျှသာ ဖြစ်သည်။
c သုတေသနပြုချက်အရ ဆဲလ်၏ ဆိုက်တိုပလာဇမ်၊ အမြှေးပါးနှင့် အခြားတည်ဆောက်ပုံများသည်လည်း သက်ရှိတစ်မျိုး၏ ပုံသဏ္ဌာန်ဖြစ်ပေါ်မှုတွင် အရေးပါသည်။
d သက်ရှိများသည် ဖန်ဆင်းခံခဲ့ရသည်ဟု လွန်းနစ်ဂ် ယုံကြည်သည်။ ဤတွင်ဖော်ပြထားသော မှတ်ချက်များသည် သူ၏ကိုယ်ပိုင်ခံယူချက်ဖြစ်ပြီး ဂျာမနီနိုင်ငံ၊ မက်စ်ပလန့်တက္ကသိုလ်၊ အပင်မျိုးပွားနည်း သုတေသနဌာန၏ ထင်မြင်ချက်မဟုတ်ပါ။
e ဗီဇပြောင်းလဲခြင်းကို လက်တွေ့စမ်းသပ်ရာတွင် တူညီသော အမျိုးအစားသာ ပြန်ရရှိလာရုံမျှမက ဗီဇပြောင်း သက်ရှိအသစ် အရေအတွက်သည်လည်း တဖြည်းဖြည်း ကျဆင်းလျက်ရှိသည်။ ထို့အပြင် အပင်ဗီဇပြောင်းလဲခြင်း၏ ၁ ရာခိုင်နှုန်းအောက်သာ ထပ်ဆင့်သုတေသနပြုလုပ်ရန် ရွေးချယ်ခံရပြီး ထိုရွေးချယ်ထားရာထဲမှ ၁ ရာခိုင်နှုန်းအောက်သာ စီးပွားရေးအတွက် အသုံးဝင်သည်။ သို့သော် မျိုးစိတ် အသစ်စက်စက်တစ်ခုကိုပင် မဖန်တီးနိုင်ခဲ့ကြချေ။ တိရစ္ဆာန်များကို ဗီဇပြောင်းလဲခြင်းဖြင့် မျိုးဖောက်ရာတွင် ရလဒ်မှာ အပင်များကို စမ်းသပ်သည့် ရလဒ်ထက် ပိုဆိုးပြီး ဤနည်းကို လုံး၀စွန့်လွှတ်လိုက်ရသည်။
f ဆင့်ကဲဖြစ်စဉ်မှန်ကန်ကြောင်း အထောက်အထားအဖြစ် သုတေသီများထောက်ပြသည့် ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းမှ ဥပမာအနည်းပင်လျှင် ငြင်းခုံစရာဖြစ်နေသည်။ ယေဟောဝါသက်သေများထုတ်ဝေသည့် သက်ရှိများ၏မူလအစ– မေးသင့်မေးထိုက်သောမေးခွန်းငါးခု ဘရိုရှာ၏ စာမျက်နှာ ၂၂ မှ ၂၉ ကိုကြည့်ပါ။
g ဤနေရာတွင် “ရုပ်ဝါဒ” က သက်ရှိအားလုံး အပါအဝင် စကြဝဠာရှိ အရာအားလုံးသည် သဘာဝလွန် ပါဝင်ပတ်သက်မှုမရှိဘဲ ဖြစ်တည်လာခဲ့သည် ဟူသည့် သီအိုရီကို ရည်ညွှန်းသည်။