မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ဆက်တွဲ

ပွဲနေ့များကို ကျင်းပသင့်သလား

ပွဲနေ့များကို ကျင်းပသင့်သလား

ယနေ့ကမ္ဘာ့ဒေသများစွာမှာ ရေပန်းစားနေတဲ့ ဘာသာရေးနဲ့ လောကပွဲနေ့တွေဟာ သမ္မာကျမ်းစာကနေ မြစ်ဖျားခံတာမဟုတ်ဘူး။ ဒါဆိုရင် ဘယ်ကနေ မြစ်ဖျားခံတာလဲ။ သင်က စာကြည့်တိုက်တစ်ခုမှာ သွားလေ့လာနိုင်တယ်ဆိုရင် သင့်ဒေသမှာရေပန်းစားတဲ့ ပွဲနေ့တွေအကြောင်းရေးထားတဲ့စာအုပ်တွေမှာ ဖော်ပြထားတဲ့အချက်တွေကြောင့် သင်စိတ်ဝင်စားသွားမှာဖြစ်တယ်။ ဥပမာအနည်းငယ်ကို သုံးသပ်ကြည့်ပါ။

အီစတာပွဲ။ “အီစတာပွဲကျင်းပခြင်းအကြောင်းကို ဓမ္မသစ်ကျမ်းတွင် အရိပ်အမြွက်ပင် မတွေ့ရ” ဆိုပြီး ဗြိတိန်နီကာစွယ်စုံကျမ်းက ဖော်ပြတယ်။ အီစတာပွဲ ဘယ်လိုအစပြုခဲ့သလဲ။ အယူမှားဝတ်ပြုရေးကနေ မြစ်ဖျားခံခဲ့တာဖြစ်တယ်။ အဲဒီပွဲကို ယေရှုရှင်ပြန်ထမြောက်ခြင်း အထိမ်းအမှတ်ပွဲလို့ ဆိုကြပေမဲ့ အီစတာပွဲတော်ရာသီနဲ့ ဆက်စပ်တဲ့ထုံးစံတွေက ခရစ်ယာန်ထုံးစံတွေမဟုတ်ဘူး။ ဥပမာ၊ ရေပန်းစားတဲ့ အီစတာယုန်နဲ့ပတ်သက်ပြီး ကက်သလစ်စွယ်စုံကျမ်းက “ယုန်သည် တိတ္ထိလက္ခဏာတစ်ခုဖြစ်ပြီး အစဉ်သဖြင့် မျိုးပွားနိုင်စွမ်း၏ အထိမ်းအမှတ်ဖြစ်သည်” လို့ပြောတယ်။

နှစ်သစ်ကူးပွဲများ။ နှစ်သစ်ကူးပွဲတွေနဲ့ဆက်နွှယ်တဲ့ ရက်စွဲနဲ့ ဓလေ့ထုံးစံတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြဘူး။ ဒီပွဲရဲ့ မူလဇာစ်မြစ်နဲ့ပတ်သက်ပြီး ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းမှာ ဒီလိုဖော်ပြတယ်– “ဘီစီ ၄၆ ခုနှစ်တွင် ရောမဘုရင် ဂျူးလိယပ်စ် ဆီဇာက ဇန်နဝါရီ ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်လိုက်သည်။ ယင်းနေ့သည် ရောမလူမျိုးတို့က မြို့တံခါး၊ အိမ်တံခါးနှင့် အစပျိုးခြင်းတို့၏နတ်ဘုရား ဂျေးနပ်စ်အား ရည်စူးပြီး ကျင်းပသည့်ပွဲနေ့ဖြစ်သည်။ ဇန်နဝါရီဆိုသောလအမည်သည် သူ၏အမည်ကိုအစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်၊ သူ၌ အရှေ့နှင့်အနောက်ကို မျက်နှာမူနေသော မျက်နှာနှစ်ခုရှိသည်။” ဒါကြောင့် နှစ်သစ်ကူးပွဲနေ့တွေဟာ တိတ္ထိထုံးစံတွေကနေ အရင်းခံတယ်။

ဗယ်လင်တိုင်းနေ့ (ချစ်သူများနေ့)။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းမှာ ဒီလိုဖော်ပြထားတယ်– “ဗယ်လင်တိုင်းနေ့ဆိုသည်မှာ ဗယ်လင်တိုင်းဟုခေါ်သည့် ခရစ်ယာန်အာဇာနည်နှစ်ဦးအတွက် ကျင်းပသည့်ပွဲနေ့မှ ဆင်းသက်လာခြင်းဖြစ်သည်။ သို့သော် ပွဲနေ့၏ထုံးစံဓလေ့များသည် . . . ဖေဖော်ဝါရီ ၁၅ ရက်တွင်ပြုလုပ်သော လူပါကာလီယာဟုခေါ်သည့် ရှေးခေတ်ရောမပွဲတော်တစ်ခုမှ ဆင်းသက်လာပုံရသည်။ ယင်းနေ့သည် အမျိုးသမီးနှင့်အိမ်ထောင်၏နတ်ဘုရားမဖြစ်သော ဂျူနိုနှင့် သဘာဝတရား၏နတ်ဘုရားဖြစ်သော ပန်,ကို ဂုဏ်ပြုသည့်ပွဲနေ့ဖြစ်သည်။”

အခြားပွဲနေ့များ။ ကမ္ဘာတစ်ဝန်းမှာကျင်းပတဲ့ ပွဲနေ့အားလုံးအကြောင်း ဆွေးနွေးဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ လူ ဒါမှမဟုတ် လူ့အဖွဲ့အစည်းတွေကို ချီးမြှောက်တဲ့ပွဲနေ့တွေကို ယေဟောဝါ နှစ်သက်လက်ခံမှာမဟုတ်ဘူး။ (ယေရမိ ၁၇:၅-၇; တမန်တော် ၁၀:၂၅၊ ၂၆) ဘာသာရေးပွဲနေ့တွေကို ဘုရားသခင် နှစ်သက်သလား၊ မနှစ်သက်ဘူးလားဆိုတာသိရှိဖို့ ပွဲနေ့တွေရဲ့ ဇာစ်မြစ်ကို ဆန်းစစ်ရမယ်ဆိုတာ သတိရပါ။ (ဟေရှာယ ၅၂:၁၁; ဗျာဒိတ် ၁၈:၄) ဒီစာအုပ်ရဲ့ အခန်း ၁၆ မှာဖော်ပြထားတဲ့ ကျမ်းစာမူတွေက လောကပွဲနေ့တွေမှာ ပါဝင်ခြင်းကို ဘုရားသခင် ဘယ်လိုရှုမြင်တယ်ဆိုတာသိရှိဖို့ အထောက်အကူပြုပါလိမ့်မယ်။