မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ဆယ့်ကိုး

ဘုရားသခင့်မေတ္တာတော်မှာ တည်နေကြပါ

ဘုရားသခင့်မေတ္တာတော်မှာ တည်နေကြပါ
  • ဘုရားသခင်ကိုချစ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

  • ဘုရားသခင့်မေတ္တာတော်မှာ ဘယ်လို တည်နေနိုင်သလဲ။

  • ယေဟောဝါရဲ့မေတ္တာတော်မှာ တည်နေသူတွေကို ကိုယ်တော် ဘယ်လိုဆုချမလဲ။

မုန်တိုင်းထန်တဲ့ ဒီခေတ်ကာလအတွင်း ယေဟောဝါကို သင့်ခိုလှုံရာ ဖြစ်စေမလား

၁၊ ၂။ ယနေ့အချိန်မှာ ဘေးကင်းလုံခြုံရာကို ဘယ်နေရာမှာ ကျွန်ုပ်တို့ ရှာတွေ့နိုင်သလဲ။

မုန်တိုင်းကျတဲ့ နေ့တစ်နေ့မှာ သင် လမ်းပေါ်ရောက်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ မိုးကောင်းကင်တစ်ခုလုံး မဲမှောင်လာတယ်။ လျှပ်စီးတွေလက်၊ မိုးတွေခြိမ်းပြီး မိုးက သဲသဲမဲမဲ ရွာချလာတယ်။ မိုးခိုဖို့ နေရာတစ်ခုကို သင် အသည်းအသန်ရှာဖွေနေတယ်။ ဒါနဲ့ လမ်းဘေးမှာ ခိုစရာနေရာတစ်ခု တွေ့လိုက်တယ်။ အဲဒီနေရာက ခိုင်ခံ့တယ်၊ ခြောက်သွေ့တယ်၊ နေချင်စရာကောင်းတယ်။ အဲဒီလုံခြုံတဲ့နေရာကို သင်အရမ်းတန်ဖိုးထားမှာပဲ။

ကျွန်ုပ်တို့လည်း မုန်တိုင်းထန်တဲ့ ခေတ်ကာလမှာ အသက်ရှင်နေကြရတယ်။ ကမ္ဘာ့အခြေအနေတွေ ဆိုးသည်ထက်ဆိုးလာတယ်။ ဒါပေမဲ့ အန္တရာယ်တွေကနေ အမြဲကာကွယ်ပေးနိုင်တဲ့ ခိုလှုံရာတစ်နေရာ ရှိပါတယ်။ ဘယ်နေရာလဲ။ သမ္မာကျမ်းစာရဲ့ ဒီသွန်သင်ချက်ကို သတိပြုကြည့်ပါ– “‘ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသောဘုရားသခင် ဖြစ်တော်မူသည်’ ဟု ငါပြောဆို၏။”—ဆာလံ ၉၁:၂

၃။ ယေဟောဝါကို ကျွန်ုပ်တို့ရဲ့ခိုလှုံရာ ဘယ်လိုဖြစ်စေနိုင်သလဲ။

ဒီအချက်ကို မြင်ယောင်ကြည့်ပါ။ စကြဝဠာဖန်ဆင်းရှင်၊ ပိုင်သအုပ်စိုးရှင် ယေဟောဝါဟာ ကျွန်ုပ်တို့ကို ကာကွယ်ပေးတဲ့ခိုလှုံရာ ဖြစ်နိုင်ပါတယ်။ ကိုယ်တော်ဟာ ကျွန်ုပ်တို့ကိုထိခိုက်စေမယ့်သူ ဒါမှမဟုတ် ထိခိုက်စေမယ့်အရာမှန်သမျှထက် ပိုတန်ခိုးကြီးတဲ့အတွက် ကျွန်ုပ်တို့ကို ကာကွယ်ပေးနိုင်တယ်။ ကျွန်ုပ်တို့ ထိခိုက်နစ်နာခဲ့တယ်ဆိုရင်တောင် ဆိုးကျိုးအားလုံးကို ယေဟောဝါ ပယ်ဖျက်ပေးနိုင်တယ်။ ယေဟောဝါကို ကျွန်ုပ်တို့ရဲ့ခိုလှုံရာ ဘယ်လိုဖြစ်စေနိုင်သလဲ။ ကိုယ်တော့်ကို ယုံကြည်ကိုးစားခြင်းအားဖြင့် ဖြစ်တယ်။ ဒါ့အပြင် ကျမ်းစာက “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့” လို့ တိုက်တွန်းထားတယ်။ (ယုဒ ၂၁) မှန်ပါတယ်၊ ကောင်းကင်ခမည်းတော်နဲ့ ကျွန်ုပ်တို့ရဲ့မေတ္တာနှောင်ကြိုးကို ဆက်ခိုင်မြဲစေခြင်းအားဖြင့် ဘုရားသခင့်မေတ္တာမှာ တည်နေဖို့လိုတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်တော်က ကျွန်ုပ်တို့ရဲ့ခိုလှုံရာဖြစ်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုနှောင်ကြိုးမျိုး ဘယ်လိုဖွဲ့နိုင်မလဲ။

ဘုရားသခင်ရဲ့မေတ္တာကို အသိအမှတ်ပြုပြီး တုံ့ပြန်ပါ

၄၊ ၅။ ကျွန်ုပ်တို့ကို ယေဟောဝါမေတ္တာပြတဲ့နည်းတချို့က ဘာလဲ။

ဘုရားသခင့်မေတ္တာတော်မှာ တည်နေဖို့ဆိုရင် ကျွန်ုပ်တို့အပေါ် ယေဟောဝါ ဘယ်လိုနည်းနဲ့မေတ္တာပြခဲ့တယ်ဆိုတာကို နားလည်ဖို့လိုတယ်။ ဒီစာအုပ်အကူအညီနဲ့ သင်လေ့လာသိရှိခဲ့တဲ့ သမ္မာကျမ်းစာ သွန်သင်ချက်တချို့ကို စဉ်းစားကြည့်ပါ။ ဖန်ဆင်းရှင်ယေဟောဝါဟာ ကျွန်ုပ်တို့အတွက် ပျော်စရာကောင်းတဲ့စံအိမ်အဖြစ် ကမ္ဘာမြေကြီးကို ပေးထားတယ်။ ကမ္ဘာမြေကြီးပေါ်မှာ အစာရေစာ၊ သဘာဝသယံဇာတ၊ စိတ်ဝင်စားစရာကောင်းတဲ့ တိရစ္ဆာန်တွေ၊ အလွန်လှပတဲ့သဘာဝရှုခင်းတွေနဲ့ ပြည့်နေတယ်။ သမ္မာကျမ်းစာရဲ့ စာမူရှင်ဘုရားသခင်က ကိုယ်တော့်နာမည်နဲ့ ဂုဏ်ရည်တော်တွေအကြောင်း ဖော်ပြပေးတယ်။ ဒါ့အပြင် ဘုရားသခင်က မိမိချစ်မြတ်နိုးတဲ့သားတော်ကို မြေကြီးပေါ်စေလွှတ်ပြီး ကျွန်ုပ်တို့အတွက် ဆင်းရဲခံ၊ အသေခံဖို့ ခွင့်ပြုခဲ့တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (ယောဟန် ၃:၁၆) ဒီဆုကျေးဇူးက ကျွန်ုပ်တို့အတွက် ဘယ်လိုအဓိပ္ပာယ်ရှိသလဲ။ ဒီဆုကျေးဇူးကြောင့် အံ့သြဖွယ်အနာဂတ်နဲ့ပတ်သက်တဲ့ မျှော်လင့်ချက်ရှိလာတယ်။

ကျွန်ုပ်တို့ရဲ့ အနာဂတ်မျှော်လင့်ချက်က ဘုရားသခင်ပြုလုပ်ခဲ့တဲ့ တခြားအရာတစ်ခုပေါ်လည်း မူတည်တယ်။ ယေဟောဝါက ကောင်းကင်အစိုးရ၊ မေရှိယနိုင်ငံတော်ကို တည်ထောင်ထားပြီ။ အဲဒီနိုင်ငံက ဆင်းရဲခက်ခဲမှုအားလုံးကို အဆုံးတိုင်စေပြီး မြေကြီးကို ပရဒိသုဖြစ်စေပါလိမ့်မယ်။ စဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့က အဲဒီနေရာမှာ ငြိမ်သက်ပျော်ရွှင်စွာ ထာဝစဉ်နေထိုင်နိုင်တယ်။ (ဆာလံ ၃၇:၂၉) ဒီအတောအတွင်း အခုအချိန်မှာတောင် အကောင်းဆုံးနည်းနဲ့ ကျွန်ုပ်တို့အသက်ရှင်နေထိုင်နိုင်ဖို့ လမ်းညွှန်ချက်ကို ဘုရားသခင်ပေးထားတယ်။ ကိုယ်တော်နဲ့ လွတ်လပ်စွာပြောဆိုဆက်သွယ်နိုင်တဲ့ ဆုတောင်းခြင်းဆုကျေးဇူးကိုလည်း ပေးထားတယ်။ ဒါတွေက လူသားအားလုံးနဲ့ သင့်အတွက် ဘုရားသခင်မေတ္တာပြတဲ့ နည်းတွေထဲက တချို့ပဲရှိသေးတယ်။

၆။ ယေဟောဝါ သင့်အပေါ်ပြသတဲ့မေတ္တာကို ဘယ်လိုတုံ့ပြန်နိုင်သလဲ။

သင်စဉ်းစားသုံးသပ်သင့်တဲ့ အရေးကြီးမေးခွန်းကတော့ ယေဟောဝါရဲ့မေတ္တာကို ငါဘယ်လိုတုံ့ပြန်မလဲ ဆိုတာပဲ။ “ယေဟောဝါကို ပြန်ချစ်ရမှာပေါ့” လို့ လူများစွာက အဖြေပေးကြပါလိမ့်မယ်။ သင့်အဖြေကော အဲဒီလိုပဲလား။ “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် တစ်သက်တာလုံးချစ်လော့” ဆိုတဲ့ ပညတ်က အကြီးမြတ်ဆုံးပညတ်ဖြစ်တယ်လို့ ယေရှုပြောခဲ့တယ်။ (မဿဲ ၂၂:၃၇) ယေဟောဝါဘုရားသခင်ကို ချစ်မြတ်နိုးဖို့ သင့်မှာအကြောင်းရင်းများစွာ ရှိနေတာ သေချာတယ်။ ဒါပေမဲ့ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်တယ်ဆိုတာကို သင် ဘယ်လိုတင်ပြနိုင်သလဲ။

၇။ ဘုရားသခင်ကိုချစ်တဲ့မေတ္တာက ကျွန်ုပ်တို့ကို ဘာလုပ်ဖို့ လှုံ့ဆော်ပေးသင့်သလဲ။ ရှင်းပြပါ။

သမ္မာကျမ်းစာပါဖော်ပြချက်အရ ဘုရားသခင်ကိုချစ်ဖို့ အလွန်အရေးကြီးပါတယ်။ ဘုရားသခင်ကိုချစ်တဲ့မေတ္တာက ကျွန်ုပ်တို့ကို ဘာလုပ်ဖို့လှုံ့ဆော်ပေးသင့်ပါသလဲ။ ဒါနဲ့ပတ်သက်ပြီး ဥပမာတစ်ခုကို ကြည့်ကြစို့။ သင်က ပန်းသီးစားချင်နေတယ်၊ ဒါပေမဲ့ တစ်ယောက်ယောက်က သင့်ကို ပန်းသီးစေ့တစ်စေ့ပေးတယ်ဆိုရင် သင် ကျေနပ်ပါ့မလား။ ကျေနပ်မှာမဟုတ်ပါဘူး။ အဲဒီပန်းသီးစေ့က ပန်းသီးအများကြီးသီးလာမယ့်အပင်ဖြစ်လာဖို့ အစပဲဖြစ်တယ်။ အဲဒီပန်းသီးစေ့လိုပါပဲ၊ ဘုရားသခင်ကိုချစ်ခြင်းဆိုတာ အစပဲရှိပါသေးတယ်။ သမ္မာကျမ်းစာက ဒီလိုပြောတယ်– “ဘုရားသခင်ကိုချစ်ခြင်းဟူသည် ကိုယ်တော်၏ပညတ်များကို လိုက်နာခြင်းဖြစ်၏။ ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်မဟုတ်။” (၁ ယောဟန် ၅:၃) ဒါကြောင့် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့မေတ္တာက ကြီးထွားပြီး အသီးကောင်းတွေသီးရမယ်။ ကျွန်ုပ်တို့ရဲ့လုပ်ရပ်တွေအားဖြင့် ဘုရားသခင်ကို တကယ်ချစ်ကြောင်း တင်ပြရမယ်။မဿဲ ၇:၁၆-၂၀ ကိုဖတ်ပါ။

၈၊ ၉။ ဘုရားသခင်ကို ချစ်မြတ်နိုးကြောင်းနဲ့ ကျေးဇူးတင်ကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။

ဘုရားသခင့်ပညတ်တွေကို လိုက်နာပြီး ကိုယ်တော်ချမှတ်ထားတဲ့ ကျင့်ဝတ်မူတွေကို ကျင့်သုံးခြင်းက ကိုယ်တော့်ကိုချစ်ကြောင်း ဖော်ပြခြင်းဖြစ်တယ်။ အဲဒီလိုလုပ်ဖို့ အရမ်းမခက်ခဲပါဘူး။ ယေဟောဝါရဲ့ပညတ်တွေက ဝန်ထုပ်ဝန်ပိုးဖြစ်ဖို့နေနေသာသာ ကောင်းမွန်၊ ပျော်ရွှင်ပြီး ကျေနပ်မှုရရှိစေတဲ့ အသက်တာနဲ့နေထိုင်ဖို့ အထောက်အကူပြုတယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ယေဟောဝါရဲ့လမ်းညွှန်ချက်နဲ့အညီ နေထိုင်တာက ကျွန်ုပ်တို့အတွက် ကောင်းကင်ဖခင် လုပ်ဆောင်ပေးခဲ့ရာအားလုံးကို အမှန်တကယ်လေးမြတ်ကြောင်း တင်ပြရာရောက်ပါတယ်။ ဝမ်းနည်းစရာက ဒီနေ့အချိန်မှာ လူနည်းစုလောက်ကပဲ လေးမြတ်မှုရှိကြောင်း ဖော်ပြကြတယ်။ ကျွန်ုပ်တို့ဟာ ယေရှု မြေကြီးပေါ်ရှိစဉ်တုန်းက အသက်ရှင်ခဲ့ကြသူတချို့လို ကျေးဇူးကန်းသူတွေ မဖြစ်ချင်ကြပါဘူး။ အနာကြီးရောဂါသည်ဆယ်ဦးကို ယေရှု ကုသပေးခဲ့တယ်၊ ဒါပေမဲ့ တစ်ဦးကပဲ ယေရှုထံပြန်လာပြီး ကျေးဇူးတင်ကြောင်းပြောခဲ့တယ်။ (လုကာ ၁၇:၁၂-၁၇) ကျွန်ုပ်တို့က ကျေးဇူးသိတတ်တဲ့ အဲဒီလူနဲ့တူချင်ကြပါတယ်၊ ကျေးဇူးကန်းသူကိုးဦးနဲ့ မတူချင်ကြပါဘူး။

ဒါဆိုရင် ကျွန်ုပ်တို့လိုက်နာရမယ့် ယေဟောဝါရဲ့ပညတ်တော်တွေက ဘာတွေလဲ။ အတော်များများအကြောင်းကို ဒီစာအုပ်မှာ လေ့လာခဲ့ပြီးဖြစ်တယ်၊ ဒါပေမဲ့ တချို့ကို ပြန်သုံးသပ်ကြည့်ကြစို့။ ဘုရားသခင့်ပညတ်တော်တွေကို လိုက်နာကျင့်သုံးခြင်းက ဘုရားသခင့်မေတ္တာတော်မှာ တည်နေဖို့ ကျွန်ုပ်တို့ကို ထောက်ကူပေးမှာဖြစ်တယ်။

ယေဟောဝါနဲ့ ပိုရင်းနှီးအောင်လုပ်ပါ

၁၀။ ယေဟောဝါဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာကို မပြတ်တမ်းဆည်းပူးနေဖို့ အရေးကြီးရတဲ့ အကြောင်းရင်းကို ရှင်းပြပါ။

၁၀ ယေဟောဝါနဲ့ပိုရင်းနှီးအောင် လုပ်ဆောင်ရာမှာ ကိုယ်တော့်အကြောင်းသင်ယူခြင်းက အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်။ ဒါကို ကျွန်ုပ်တို့ မပြတ်လုပ်ဆောင်နေရမယ်။ သင်ဟာ အရမ်းချမ်းအေးတဲ့ညတစ်ညမှာ အိမ်အပြင်ရောက်နေလို့ မီးမွှေးပြီး အနွေးဓာတ်ရအောင်လုပ်နေတယ် ဆိုပါစို့၊ မီးတောက်တွေ တဖြည်းဖြည်းအားနည်းသွားပြီး မီးငြိမ်းသွားတာကို ဒီအတိုင်းကြည့်နေမလား။ ကြည့်နေမှာမဟုတ်ဘူး။ မီးအဆက်မပြတ်တောက်ပြီး အနွေးဓာတ်ရနေဖို့ ထင်းစတွေကို မပြတ်ထည့်နေမှာဖြစ်တယ်။ ဒါက သင့်ရဲ့ သေရေးရှင်ရေးတောင် ဖြစ်နိုင်တယ်။ ထင်းစက မီးဆက်တောက်စေသလိုပဲ ဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာက ယေဟောဝါကိုချစ်တဲ့ ကျွန်ုပ်တို့ရဲ့မေတ္တာကို ဆက်ခိုင်မြဲနေစေတယ်။—သုတ္တံ ၂:၁-၅

မီးလိုပဲ ယေဟောဝါကိုချစ်တဲ့ သင့်မေတ္တာ ဆက်တောက်လောင်စေဖို့ လောင်စာလိုအပ်

၁၁။ ယေရှုရဲ့သွန်သင်ချက်က သူ့နောက်လိုက်တွေအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။

၁၁ ယေရှုဟာ မိမိနောက်လိုက်တွေမှာ ယေဟောဝါနဲ့ အဖိုးတန်ကျမ်းစာအမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ် အမြဲရှိနေစေချင်တယ်။ ယေရှုရှင်ပြန်ထမြောက်ပြီးတဲ့နောက် သူ့မှာပြည့်စုံခဲ့တဲ့ ဟေဗြဲကျမ်းစောင်တွေထဲက ကြိုဟောထားချက်တချို့ကို တပည့်နှစ်ဦးကို သွန်သင်ပေးခဲ့တယ်။ ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲ။ နောက်ပိုင်းမှာ သူတို့ ဒီလိုပြောခဲ့ကြတယ်– “လမ်းခရီး၌ ငါတို့အား ဟောပြော၍ ကျမ်းစာအနက်ကို ရှင်းပြတော်မူသောအခါ ငါတို့၏နှလုံးသည် မီးကဲ့သို့ တောက်လောင်ခဲ့သည်မဟုတ်လော။”—လုကာ ၂၄:၃၂

၁၂၊ ၁၃။ (က) ယနေ့ လူအများစုမှာ ဘုရားသခင်နဲ့ သမ္မာကျမ်းစာကိုချစ်တဲ့မေတ္တာ ဘာဖြစ်နေပြီလဲ။ (ခ) ကျွန်ုပ်တို့ရဲ့မေတ္တာ အေးစက်မသွားအောင် ဘယ်လိုကာကွယ်နိုင်သလဲ။

၁၂ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာတွေကို သင်ဦးဆုံးလေ့လာသိရှိခဲ့ချိန်တုန်းက သင့်စိတ်နှလုံးဟာ ရွှင်လန်းမှု၊ ထက်သန်မှု၊ ဘုရားသခင်ကို ချစ်တဲ့မေတ္တာတွေနဲ့ ထက်သန်တောက်လောင်နေတယ် မဟုတ်လား။ အဲဒီလိုဖြစ်ခဲ့မယ်ဆိုတာ သေချာပါတယ်။ လူများစွာက အဲဒီလိုပဲဖြစ်ခဲ့ကြတယ်။ အခု ခက်နေတာက အဲဒီအားကြီးတဲ့မေတ္တာကို ဆက်ရှင်သန်နေစေပြီး ကြီးထွားစေဖို့ပဲ။ ကျွန်ုပ်တို့က ယနေ့လောကရဲ့ ခေတ်ရေစီးကြောင်းနောက်ကို မလိုက်ပါသွားလိုကြဘူး။ ယေရှုက “လူအများစုတို့တွင် ချစ်ခြင်းမေတ္တာ ခေါင်းပါးလိမ့်မည်” လို့ကြိုဟောခဲ့တယ်။ (မဿဲ ၂၄:၁၂) ယေဟောဝါနဲ့ ကျမ်းစာအမှန်တရားကို ချစ်တဲ့မေတ္တာ အေးစက်မသွားအောင် သင် ဘယ်လိုကာကွယ်နိုင်သလဲ။

၁၃ ယေဟောဝါဘုရားသခင်နဲ့ ယေရှုခရစ်နဲ့ ဆိုင်တဲ့အသိပညာကို ဆက်ဆည်းပူးနေပါ။ (ယောဟန် ၁၇:၃) ကျမ်းစာကနေ သင်သိရှိလာရာတွေကို လေးလေးနက်နက် တွေးတောဆင်ခြင်ပါ၊ ကိုယ့်ကိုယ်ကို ဒီလိုမေးပါ– ‘ဒီအချက်က ယေဟောဝါဘုရားသခင်အကြောင်း ငါ့ကို ဘာသင်ပေးသလဲ။ ကိုယ်တော့်ကို ငါ့ရဲ့စိတ်နှလုံး၊ ဉာဏ်စွမ်းရှိသမျှနဲ့ချစ်ဖို့ နောက်ထပ် ဘာအကြောင်းရင်းရှိသေးလဲ။’ (၁ တိမောသေ ၄:၁၅ ကိုဖတ်ပါ။) အဲဒီလိုတွေးတောဆင်ခြင်ခြင်းက ယေဟောဝါကိုချစ်တဲ့ သင့်မေတ္တာကို တောက်လောင်နေစေမှာဖြစ်တယ်။

၁၄။ ဆုတောင်းခြင်းက ယေဟောဝါကိုချစ်တဲ့ ကျွန်ုပ်တို့ရဲ့မေတ္တာကို ရှင်သန်နေစေဖို့ ဘယ်လိုအထောက်အကူပြုနိုင်သလဲ။

၁၄ ယေဟောဝါကိုချစ်တဲ့မေတ္တာ ဆက်တောက်လောင်နေစေနိုင်တဲ့ နောက်တစ်နည်းက မှန်မှန်ဆုတောင်းခြင်းဖြစ်တယ်။ (၁ သက်သာလောနိတ် ၅:၁၇) ဆုတောင်းခြင်းက ဘုရားသခင်ပေးတဲ့ အဖိုးတန်လက်ဆောင်တစ်ခုဖြစ်တယ်ဆိုတာကို ဒီစာအုပ်ရဲ့ အခန်း ၁၇ မှာ လေ့လာခဲ့ပြီးပြီ။ လူလူချင်းဆက်ဆံရေးက ပုံမှန်ရှိပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်မှ တိုးတက်ကောင်းမွန်မှာဖြစ်သလိုပဲ ယေဟောဝါနဲ့ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကလည်း ကိုယ်တော့်ထံမှန်မှန်ဆုတောင်းမှသာ နွေးထွေးရှင်သန်နေမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေက ခံစားချက်မရှိ၊ အနှစ်သာရမရှိဘဲ လုပ်ရိုးလုပ်စဉ်အတိုင်း အထပ်ထပ်ရွတ်ဆိုတဲ့စကားတွေ မဖြစ်အောင် ဂရုစိုက်ဖို့ အရေးကြီးတယ်။ ကလေးငယ်တစ်ဦးက သူချစ်တဲ့ဖခင်ကို စကားပြောသလို ကျွန်ုပ်တို့လည်း ယေဟောဝါကို အဲဒီလိုပြောဖို့လိုတယ်။ ရိုသေလေးစားစွာ ပြောမှာဖြစ်ပေမဲ့ ရိုးသား၊ ပွင့်လင်းပြီး နှလုံးထဲကလာတဲ့စကားတွေ ဖြစ်ရမယ်။ (ဆာလံ ၆၂:၈) ကိုယ်ပိုင်ကျမ်းစာလေ့လာခြင်း၊ နှလုံးပါပါဆုတောင်းခြင်းတွေက ကျွန်ုပ်တို့ရဲ့ဝတ်ပြုရေးမှာ အရေးပါတဲ့အချက်တွေဖြစ်ပြီး ဘုရားသခင့်မေတ္တာမှာတည်နေဖို့ အထောက်အကူပြုတယ်။

သင့်ဝတ်ပြုရေးမှာ ရွှင်လန်းမှုကိုရှာပါ

၁၅၊ ၁၆။ နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို အခွင့်ထူးအဖြစ်၊ ဘဏ္ဍာတစ်ခုအဖြစ် ဘာကြောင့် မှန်ကန်စွာ ရှုမြင်သင့်သလဲ။

၁၅ ကိုယ်ပိုင်ကျမ်းစာလေ့လာခြင်းနဲ့ ဆုတောင်းခြင်းက ကျွန်ုပ်တို့တစ်ဦးချင်း သီးသန့်လုပ်ဆောင်နိုင်တဲ့ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ရပ်တွေဖြစ်တယ်။ ဒါပေမဲ့ လူအများရှေ့လုပ်ဆောင်ရတဲ့ ဝတ်ပြုရေးကဏ္ဍတစ်ရပ်ဖြစ်တဲ့ ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြတာကို အခုသုံးသပ်ကြည့်ကြစို့။ ကျမ်းစာအမှန်တရားအကြောင်း တခြားသူတွေကို သင်ပြောပြနေပြီလား။ ပြောပြနေတယ်ဆိုရင် အခွင့်ထူးတစ်ခုကို သင်ရရှိနေပြီ။ (လုကာ ၁:၇၄) ယေဟောဝါဘုရားသခင်နဲ့ပတ်သက်ပြီး ကျွန်ုပ်တို့သိရှိထားတဲ့ အမှန်တရားအကြောင်း တခြားသူတွေကို ပြောပြတာက ခရစ်ယာန်စစ်အားလုံးကိုပေးခဲ့တဲ့ အလွန်အရေးကြီးတဲ့တာဝန်ကို ကျွန်ုပ်တို့ လုပ်ဆောင်နေတာပဲ။ အဲဒီတာဝန်က ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းဖြစ်တယ်။မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀ ကိုဖတ်ပါ။

၁၆ တမန်တော်ပေါလုက သူ့ရဲ့ဟောပြောခြင်းလုပ်ငန်းကို ဘဏ္ဍာလို့ခေါ်ခဲ့ပြီး အလွန်အဖိုးထိုက်တဲ့အရာအဖြစ် ရှုမြင်ခဲ့တယ်။ (၂ ကောရိန္သု ၄:၇) ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေအကြောင်း လူတွေကို ပြောပြခြင်းက သင်လုပ်နိုင်တဲ့ အကောင်းဆုံးအလုပ်ဖြစ်တယ်။ ဒါက အကောင်းဆုံးသခင်ရဲ့အမှုတော်ကို ထမ်းဆောင်နေတာဖြစ်ပြီး အကောင်းဆုံးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ ကျွန်ုပ်တို့က ဒီလုပ်ငန်းမှာပါဝင်ပြီး စိတ်ရင်းမှန်သူတွေ ကောင်းကင်ခမည်းတော်နဲ့ ရင်းနှီးလာဖို့၊ ထာဝရအသက်လမ်းပေါ် ရောက်ရှိလာဖို့ ကူညီပေးကြတယ်။ ဒီအလုပ်ထက် ကျေနပ်မှုပေးနိုင်တဲ့အလုပ်မျိုး ရှိနိုင်ပါ့ဦးမလား။ ဒါ့အပြင် ယေဟောဝါနဲ့ ကိုယ်တော့်တရားစကားတော်အကြောင်း သက်သေခံခြင်းက သင့်ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး ကိုယ်တော့်ကိုချစ်တဲ့ မေတ္တာကို တိုးများစေတယ်။ ဒါ့အပြင် ယေဟောဝါက သင့်ကြိုးစားအားထုတ်မှုကို တန်ဖိုးထားတယ်။ (ဟေဗြဲ ၆:၁၀) အဲဒီအလုပ်မှာ အလုပ်များနေခြင်းက ဘုရားသခင့်မေတ္တာတော်မှာ တည်နေဖို့ အထောက်အကူပြုပါတယ်။၁ ကောရိန္သု ၁၅:၅၈ ကိုဖတ်ပါ။

၁၇။ အခုအချိန်မှာ ဟောပြောခြင်းလုပ်ငန်းက ဘာကြောင့် အရေးကြီးသလဲ။

၁၇ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေတယ်ဆိုတာ သတိရဖို့အရေးကြီးတယ်။ ကျမ်းစာမှာ ‘တရားစကားတော်ကို ဟောပြောလော့။ ထိုအမှုကို အရေးတကြီးသဘောထားဖြင့် ဆောင်ရွက်လော့’ လို့ပြောထားတယ်။ (၂ တိမောသေ ၄:၂) ဒီလုပ်ငန်းက ယနေ့အချိန်မှာ ဘာကြောင့် အဲဒီလောက်တောင် အရေးကြီးတာလဲ။ ဘုရားသခင့်တရားစကားတော်မှာ ‘ယေဟောဝါ၏နေ့ကြီး နီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏’ လို့ဖော်ပြထားတယ်။ (ဇေဖနိ ၁:၁၄) ဒီလောကစနစ်တစ်ခုလုံးကို ယေဟောဝါအဆုံးတိုင်စေမယ့်အချိန် အလျင်အမြန်ချဉ်းကပ်လာနေပြီ။ လူတွေကို သတိပေးဖို့လိုတယ်။ အခုအချိန်ဟာ ယေဟောဝါကို အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် ရွေးချယ်ရမယ့်အချိန်ဖြစ်တယ်ဆိုတာ သူတို့သိဖို့လိုတယ်။ အဆုံးက “နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်” မယ်။—ဟဗက္ကုတ် ၂:၃

၁၈။ ကျွန်ုပ်တို့က စစ်မှန်တဲ့ခရစ်ယာန်တွေနဲ့အတူ ယေဟောဝါကို ဘာကြောင့် လူသိရှင်ကြားဝတ်ပြုသင့်သလဲ။

၁၈ ယေဟောဝါက ကျွန်ုပ်တို့ကို ခရစ်ယာန်စစ်တွေနဲ့အတူ ကိုယ်တော့်ကို လူသိရှင်ကြား ဝတ်ပြုကိုးကွယ်စေချင်တယ်။ ဒါကြောင့် ကိုယ်တော့်တရားစကားတော်က ဒီလိုပြောတယ်– “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ လူအချို့၏ထုံးစံရှိသည့်အတိုင်း အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။ အချင်းချင်းအားပေးကြလော့။ ထိုနေ့ရက် နီးလာသည်ကိုမြင်ရသောကြောင့် သာ၍ကြိုးစားအားထုတ်ကြလော့။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) ခရစ်ယာန်အစည်းအဝေးတွေမှာ ယုံကြည်သူချင်းတွေနဲ့အတူ စုဝေးတဲ့အခါ ကျွန်ုပ်တို့ချစ်မြတ်နိုးတဲ့ ဘုရားသခင်ကို ချီးမွမ်းခွင့်၊ ဝတ်ပြုခွင့် ရရှိကြတယ်။ အချင်းချင်း တည်ဆောက်ခွင့်၊ အားပေးခွင့်လည်း ရရှိကြတယ်။

၁၉။ ခရစ်ယာန်အသင်းတော်အတွင်းမှာ မေတ္တာနှောင်ကြိုးခိုင်မြဲစေဖို့ ဘယ်လိုလုပ်နိုင်သလဲ။

၁၉ ယေဟောဝါကို ဝတ်ပြုကိုးကွယ်တဲ့ တခြားသူတွေနဲ့ ကျွန်ုပ်တို့ပေါင်းသင်းတဲ့အခါ အသင်းတော်အတွင်းမှာ မေတ္တာနဲ့ ခင်မင်မှုနှောင်ကြိုး ပိုခိုင်မြဲလာတယ်။ ယေဟောဝါက ကျွန်ုပ်တို့ရဲ့ကောင်းကွက်တွေကို ကြည့်သလို ကျွန်ုပ်တို့ကလည်း အချင်းချင်းရဲ့ကောင်းကွက်တွေကို ကြည့်ဖို့ အရေးကြီးတယ်။ သင့်ယုံကြည်သူချင်းတွေကို အပြစ်ဆိုဖွယ်မရှိတဲ့ စုံလင်သူတွေဖြစ်ဖို့ မမျှော်လင့်ပါနဲ့။ ကျွန်ုပ်တို့အားလုံးက ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိဖို့ ကြိုးစားအားထုတ်နေကြပြီး တိုးတက်မှုနှုန်းချင်းမတူကြဘူးဆိုတာကို သတိရပါ။ ကျွန်ုပ်တို့အားလုံးက အမှားတွေလုပ်မိတတ်တယ်ဆိုတာကိုလည်း သတိရသင့်တယ်။ (ကောလောသဲ ၃:၁၃ ကိုဖတ်ပါ။) ယေဟောဝါကို အလွန်ချစ်မြတ်နိုးသူတွေနဲ့ ခင်မင်ရင်းနှီးဖို့ ကြိုးစားမယ်ဆိုရင် ဘုရားသခင်နဲ့သင့်ဆက်ဆံရေး တိုးတက်လာမယ်။ ယုံကြည်ချက်ချင်းတူညီတဲ့ ညီအစ်ကို၊ ညီအစ်မတွေနဲ့အတူ ယေဟောဝါကို ဝတ်ပြုကိုးကွယ်နေတာက ဘုရားသခင့်မေတ္တာတော်မှာ တည်နေဖို့ အထောက်အကူပြုတယ်။ ယေဟောဝါကို သစ္စာရှိရှိဝတ်ပြုပြီး ကိုယ်တော့်မေတ္တာတော်မှာ တည်နေသူတွေကို ကိုယ်တော် ဘယ်လိုဆုချမလဲ။

“မှန်သောအသက်” ကိုလှမ်းယူလော့

၂၀၊ ၂၁။ “မှန်သောအသက်” ဆိုတာ ဘာလဲ၊ ဒါက ဘာကြောင့် တကယ်ကောင်းတဲ့ မျှော်လင့်ချက်ဖြစ်သလဲ။

၂၀ ယေဟောဝါက သစ္စာရှိတဲ့ကျေးကျွန်တွေကို အသက်ဆု ပေးသနားတယ်၊ ဘယ်လိုအသက်မျိုးလဲ။ အခုလည်း ကျွန်ုပ်တို့ အသက်ရှင်နေကြတယ်မဟုတ်လား။ အသက်ရှင်နေကြတာပဲလို့ ကျွန်ုပ်တို့အများစု ဖြေကြမှာဖြစ်တယ်။ ကျွန်ုပ်တို့ အသက်ရှူနေကြတယ်၊ စားကြတယ်၊ သောက်ကြတယ်။ ကျွန်ုပ်တို့ အသက်ရှင်နေကြတာ ဟုတ်ပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ ခဏတာ ပျော်ရွှင်မှုခံစားရတဲ့အချိန်တွေမှာ “အခုမှ တကယ်အသက်ရှင်နေကြတာ” ဒါမှမဟုတ် အခုမှပဲ “လူဖြစ်ရကျိုးနပ်တော့တယ်” လို့တောင် ပြောကြတယ်။ ဒါပေမဲ့ ကျမ်းစာမှာ ယနေ့ဘယ်လူသားကမှ စစ်မှန်တဲ့အသက်နဲ့ အသက်ရှင်နေကြတာမဟုတ်ဘူးလို့ ဖော်ပြထားတယ်။

ယေဟောဝါက သင့်ကို “မှန်သောအသက်” မွေ့လျော်ခံစားစေလိုတယ်၊ သင်ခံစားမလား

၂၁ သမ္မာကျမ်းစာက “မှန်သောအသက်ကို ခိုင်မြဲစွာကိုင်စွဲထား” ဖို့ တိုက်တွန်းထားတယ်။ (၁ တိမောသေ ၆:၁၉) “မှန်သောအသက်” ဆိုတာ အနာဂတ်မှာ ရရှိမယ့်အရာဖြစ်တယ်ဆိုတာ အဲဒီစကားတွေက ဖော်ပြတယ်။ ပရဒိသုကမ္ဘာမြေကြီးပေါ်မှာ ကျွန်ုပ်တို့ထာဝစဉ်အသက်ရှင်ရတဲ့အခါ ကျွန်ုပ်တို့ဟာ ဖျားနာ၊ အိုမင်းတော့မှာ မဟုတ်ဘူး။ ငြိမ်သက်မှု၊ ပျော်ရွှင်မှုလည်း ခံစားရမယ်။ အဲဒီအခါကျရင် ကျွန်ုပ်တို့ကိုပေးဖို့ ဘုရားသခင်ရည်ရွယ်ထားတဲ့ “မှန်သောအသက်” ဖြစ်တဲ့ ထာဝရအသက်ကို မွေ့လျော်ခံစားနိုင်ပါလိမ့်မယ်။ (၁ တိမောသေ ၆:၁၂) တကယ်ကောင်းတဲ့ မျှော်လင့်ချက်ပဲမဟုတ်လား။

၂၂။ သင်ဟာ ဘယ်လိုနည်းနဲ့ “မှန်သောအသက်ကို ခိုင်မြဲစွာကိုင်စွဲ” ထားနိုင်သလဲ။

၂၂ ကျွန်ုပ်တို့က ဘယ်လိုနည်းနဲ့ “မှန်သောအသက်ကို ခိုင်မြဲစွာကိုင်စွဲ” ထားနိုင်သလဲ။ အဲဒီကျမ်းချက်ရဲ့အထက်မှာ “ကောင်းမှုပြု” ဖို့နဲ့ “မွန်မြတ်သောအကျင့်၌ ကြွယ်ဝ” ကြဖို့ ခရစ်ယာန်တွေကို ပေါလုတိုက်တွန်းခဲ့တယ်။ (၁ တိမောသေ ၆:၁၈) အဲဒါကြောင့် ရှင်းနေတာက သမ္မာကျမ်းစာကနေ ကျွန်ုပ်တို့လေ့လာသိရှိထားတဲ့ အမှန်တရားကို ကျင့်သုံးပုံအပေါ် များစွာမူတည်နေတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ကောင်းမှုတွေလုပ်လို့ “မှန်သောအသက်” ကို ရရှိတာလို့ ပေါလုဆိုလိုချင်တာလား။ မဟုတ်ပါဘူး၊ အဲဒီအံ့သြဖွယ်အလားအလာက ဘုရားသခင်ရဲ့ “မဟာကရုဏာတော်” ကြောင့် ရရှိခြင်းဖြစ်တယ်။ (ရောမ ၅:၁၅) ဒါပေမဲ့ ယေဟောဝါက သူ့ကိုသစ္စာရှိရှိဝတ်ပြုသူတွေကို ဆုချရတာကို နှစ်သက်တယ်။ ကိုယ်တော်က သင့်ကို “မှန်သောအသက်” နဲ့ အသက်ရှင်စေလိုတယ်။ ပျော်စရာကောင်းပြီး ငြိမ်သက်အေးချမ်းတဲ့ ထာဝရအသက်ကို ဘုရားသခင့်မေတ္တာတော်မှာ တည်နေသူတွေ ရရှိကြပါလိမ့်မယ်။

၂၃။ ဘုရားသခင့်မေတ္တာတော်မှာတည်နေဖို့ ဘာကြောင့် အရေးကြီးသလဲ။

၂၃ ကျွန်ုပ်တို့တစ်ဦးစီက ကိုယ့်ကိုယ်ကို ဒီလိုမေးသင့်တယ်– ‘သမ္မာကျမ်းစာမှာ ဘုရားသခင်ဖော်ပြထားတဲ့နည်းအတိုင်း ကိုယ်တော့်ကို ငါဝတ်ပြုနေသလား။’ ဝတ်ပြုနေပါတယ်လို့ နေ့တိုင်း အဖြေပေးနိုင်တယ်ဆိုရင် ကျွန်ုပ်တို့ဟာ လမ်းမှန်ပေါ်မှာရှိနေပါတယ်။ ယေဟောဝါက ကျွန်ုပ်တို့ရဲ့ခိုလှုံရာဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်တယ်။ ကိုယ်တော်က မိမိအပေါ်သစ္စာရှိသူတွေကို ခက်ခဲလှတဲ့ ဒီလောကစနစ်ရဲ့ နောက်ဆုံးနေ့ရက်တွေတစ်လျှောက်မှာ ကာကွယ်ပေးသွားမယ်။ ယေဟောဝါက ကျွန်ုပ်တို့ကို အလွန်နီးနေပြီဖြစ်တဲ့ ဘုန်းကျက်သရေပြည့်ဝတဲ့ စနစ်သစ်ထဲ ပို့ဆောင်ပေးပါလိမ့်မယ်။ အဲဒီအခြေအနေကို ကြုံတွေ့ခွင့်ရမှာဖြစ်လို့ တကယ့်ကိုစိတ်ကြည်နူးစရာပါပဲ။ ကျွန်ုပ်တို့က ဒီနောက်ဆုံးနေ့ရက်တွေအတွင်း မှန်ကန်တဲ့ရွေးချယ်မှုတွေ ပြုလုပ်ခဲ့ကြတဲ့အတွက် အလွန်ဝမ်းသာကြမှာဖြစ်တယ်။ သင် အဲဒီရွေးချယ်မှုတွေကို အခုပြုလုပ်မယ်ဆိုရင် ယေဟောဝါဘုရားသခင် ရည်ရွယ်ထားတဲ့ “မှန်သောအသက်” ကို ထာဝစဉ်မွေ့လျော်ခံစားရပါလိမ့်မယ်။