မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ဆယ့်ငါး

ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး

ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး
  • ဘာသာတရားအားလုံးကို ဘုရားသခင် နှစ်သက်ပါသလား။

  • စစ်မှန်တဲ့ဘာသာကို ဘယ်လိုခွဲခြားနိုင်သလဲ။

  • ယနေ့ ကမ္ဘာပေါ်မှာ စစ်မှန်တဲ့ဝတ်ပြုသူတွေက ဘယ်သူတွေလဲ။

၁။ ကျွန်ုပ်တို့က ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုမယ်ဆိုရင် ဘာအကျိုးကျေးဇူး ခံစားရမလဲ။

ယေဟောဝါဘုရားသခင်က ကျွန်ုပ်တို့ကို အမှန်တကယ်ဂရုစိုက်ပြီး ကိုယ်တော်ရဲ့ မေတ္တာပြည့်ဝတဲ့ ညွှန်ကြားချက်တွေကနေ အကျိုးခံစားရစေချင်တယ်။ ကျွန်ုပ်တို့က ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုတယ်ဆိုရင် ပျော်ရွှင်ပြီး ဘဝပြဿနာအတော်များများကို ရှောင်ရှားနိုင်မယ်။ ကိုယ်တော့်ကောင်းချီးနဲ့ ထောက်မမှုကိုလည်း ရရှိမယ်။ (ဟေရှာယ ၄၈:၁၇) ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို သွန်သင်ပေးနေပါတယ်လို့ပြောတဲ့ ဘာသာတရား ရာနဲ့ချီရှိပါတယ်။ ဒါပေမဲ့ ဘုရားသခင်ဆိုတာ ဘယ်သူလဲ၊ ကျွန်ုပ်တို့ထံကနေ ကိုယ်တော် ဘာမျှော်လင့်သလဲစတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ သူတို့ရဲ့သွန်သင်ချက်တွေကတော့ မတူကြပါဘူး။

၂။ ယေဟောဝါကို နည်းမှန်လမ်းကျ ဝတ်ပြုကိုးကွယ်နိုင်ဖို့ ဘာလုပ်ရမလဲ။

ယေဟောဝါကို နည်းမှန်လမ်းကျ ဝတ်ပြုနေမနေ ဘယ်လိုသိနိုင်သလဲ။ ဘာသာတရားအားလုံးရဲ့ သွန်သင်ချက်တွေကို လေ့လာပြီး နှိုင်းယှဉ်နေစရာမလိုပါဘူး။ စစ်မှန်တဲ့ဝတ်ပြုရေးနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာကို သင်ယူဖို့ပဲလိုတယ်။ စစ်မှန်တဲ့ဘာသာကို ဘယ်လိုခွဲခြားနိုင်တယ်ဆိုတာသိထားရင် မှားတဲ့ဘာသာတွေကို ခွဲခြားသိမြင်နိုင်ပါတယ်။

၃။ ကျွန်ုပ်တို့ ဘုရားသခင့်နှစ်သက်လက်ခံမှု ရချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။

ယေဟောဝါနှစ်သက်လက်ခံတဲ့နည်းနဲ့ ဝတ်ပြုကိုးကွယ်ဖို့ အရေးကြီးတယ်။ ဘာသာတရားအားလုံးကို ဘုရားသခင်နှစ်သက်လက်ခံတယ်လို့ လူများစွာက ယုံကြည်ထားကြတယ်၊ ဒါပေမဲ့ သမ္မာကျမ်းစာက အဲဒီလိုမသွန်သင်ဘူး။ “ကျွန်တော်/ကျွန်မ ဘုရားတရားကြည်ညိုပါတယ်” လို့ ပြောရုံနဲ့တင် မလုံလောက်ဘူး။ တမန်တော်ပေါလု ဒီလိုပြောခဲ့တယ်– “သူတို့သည် ဘုရားသခင်ကိုသိသည်ဟု ဆိုကြသော်လည်း အကျင့်အားဖြင့် ကိုယ်တော်ကို ငြင်းပယ်ကြ၏။ အကြောင်းမူကား သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ နာခံမှုမရှိသူ၊ ကောင်းသောအမှု တစ်စုံတစ်ခုကိုမျှပြုရန် မထိုက်တန်သူများ ဖြစ်ကြ၏။” (တိတု ၁:၁၆) ဒါကြောင့် ဘုရားသခင့်နှစ်သက်လက်ခံမှုရဖို့ ကျွန်ုပ်တို့ထံက ဘုရားသခင်တောင်းဆိုရာတွေကို သင်ယူပြီး အဲဒီအတိုင်းလုပ်ဆောင်ရမယ်။ ဘုရားသခင့်အလိုတော်အတိုင်း မလုပ်ဆောင်သူတွေကို ယေရှုက “မတရားသောအမှုကို ပြုသောသူတို့” ဆိုပြီး ခေါ်ဆိုခဲ့တယ်။ (မဿဲ ၇:၂၁-၂၃) ပိုဆိုးတာကတော့ အယူမှားဘာသာက ဘေးအန္တရာယ်ကိုတောင် ဖြစ်စေတယ်။

၄။ လမ်းနှစ်လမ်းနဲ့ပတ်သက်တဲ့ ယေရှုရဲ့စကားတွေက ဘာကိုဆိုလိုပါသလဲ၊ လမ်းတစ်လမ်းစီက ဘယ်နေရာကို ဦးတည်သလဲ။

ယေဟောဝါက ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းကို ထာဝရအသက်ရဖို့ အခွင့်အရေးပေးတယ်။ ဒါပေမဲ့ ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာမြေကြီးမှာ ထာဝစဉ်အသက်ရှင်ချင်တယ်ဆိုရင် ကျွန်ုပ်တို့က ဘုရားသခင်ကို နည်းမှန်လမ်းကျဝတ်ပြုပြီး အခုအချိန်မှာ ကိုယ်တော်နှစ်သက်လက်ခံတဲ့နည်းအတိုင်း အသက်ရှင်ရမယ်။ ဝမ်းနည်းစရာက လူများစွာဟာ အဲဒီလိုလုပ်ဖို့ ငြင်းဆန်နေကြတယ်။ ဒါကြောင့် ယေရှု ဒီလိုပြောခဲ့တာဖြစ်တယ်– “ကျဉ်းသောဂိတ်တံခါးမှ ဝင်ကြလော့။ ပျက်စီးခြင်းသို့ရောက်သောလမ်းသည် ကျယ်ဝန်းသောကြောင့် ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ရောက်သော လမ်းနှင့်ဂိတ်တံခါးမူကား ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့မြင်သောသူ နည်းကြ၏။” (မဿဲ ၇:၁၃၊ ၁၄) စစ်မှန်တဲ့ဘာသာက ထာဝရအသက်ကို ရစေတယ်။ အယူမှားဘာသာက ပျက်စီးခြင်းသို့ ရောက်စေတယ်။ ယေဟောဝါက ဘယ်သူ့ကိုမှ မပျက်စီးစေချင်ဘူး၊ ဒီအတွက် နေရာတိုင်းမှာရှိတဲ့လူတွေကို ကိုယ်တော့်အကြောင်းသင်ယူဖို့ အခွင့်အရေးပေးထားတယ်။ (၂ ပေတရု ၃:၉) အမှန်ပါပဲ၊ ကျွန်ုပ်တို့ ဘုရားသခင်ကို ဝတ်ပြုတဲ့နည်းလမ်းက ကျွန်ုပ်တို့ကို အသက်ရှင်စေ ဒါမှမဟုတ် သေစေနိုင်တယ်။

စစ်မှန်တဲ့ဘာသာကို ခွဲခြားသိမြင်နိုင်ပုံ

၅။ စစ်မှန်တဲ့ဘာသာရဲ့ ဘာသာဝင်တွေကို ဘယ်လိုခွဲခြားသိမြင်နိုင်သလဲ။

‘အသက်လမ်း’ ကို ဘယ်လိုရှာတွေ့နိုင်သလဲ။ စစ်မှန်တဲ့ဘာသာဟုတ်မဟုတ်ဆိုတာကို အဲဒီဘာသာဝင်တွေရဲ့ အသက်ရှင်နေထိုင်ပုံကိုကြည့်ခြင်းအားဖြင့် သိနိုင်တယ်လို့ ယေရှုပြောခဲ့တယ်။ “သူတို့၏အသီးများအားဖြင့် သူတို့ကို သိလိမ့်မည်။ . . . ကောင်းသောအပင်တိုင်းသည် ကောင်းသောအသီးကို သီးတတ်ကြ၏” ဆိုပြီး ယေရှုပြောခဲ့တယ်။ (မဿဲ ၇:၁၆၊ ၁၇) နောက်တစ်နည်းနဲ့ပြောရရင် စစ်မှန်တဲ့ဘာသာရဲ့ ဘာသာဝင်တွေကို သူတို့ရဲ့ယုံကြည်ချက်တွေ၊ အမူအကျင့်တွေအားဖြင့် ခွဲခြားသိမြင်နိုင်မှာဖြစ်တယ်။ သူတို့က မစုံလင်သူတွေဖြစ်ပြီး အမှားတွေလုပ်တတ်ကြပေမဲ့ စစ်မှန်တဲ့ဝတ်ပြုသူတွေဟာ အုပ်စုလိုက်အနေနဲ့ ဘုရားသခင့်အလိုတော်ဆောင်ဖို့ ကြိုးစားကြတယ်။ စစ်မှန်တဲ့ဘာသာရဲ့ ဘာသာဝင်တွေကို ခွဲခြားသိမြင်နိုင်တဲ့ အချက်ခြောက်ချက်ကို သုံးသပ်ကြည့်ကြစို့။

၆၊ ၇။ စစ်မှန်တဲ့ဘုရားကို ဝတ်ပြုသူတွေဟာ ကျမ်းစာကို ဘယ်လိုရှုမြင်ကြသလဲ၊ ဒါနဲ့ပတ်သက်ပြီး ယေရှု ဘယ်လို ပုံသက်သေပြခဲ့သလဲ။

စစ်မှန်တဲ့ဘုရားကို ဝတ်ပြုကိုးကွယ်သူတွေရဲ့ သွန်သင်ချက်တွေက သမ္မာကျမ်းစာပေါ် အခြေခံတယ်။ ကျမ်းစာက ဒီလိုပြောတယ်– “ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် သွန်သင်ခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်စေရန် ဆုံးမခြင်းတို့တွင် အကျိုးရှိ၏။ ဤသို့ဖြင့် ဘုရားသခင်၏လူသည် ကောင်းသောအမှုအမျိုးမျိုးအတွက် အရည်အချင်းပြည့်ဝပြီး လုံးလုံးလျားလျား အသင့်ဖြစ်နေမည်အကြောင်းတည်း။” (၂ တိမောသေ ၃:၁၆၊ ၁၇) တမန်တော်ပေါလုက ခရစ်ယာန်ချင်းတွေထံ “သင်တို့သည် ငါတို့ထံမှကြားသိရသော ဘုရားသခင်၏တရားစကားတော်ကို ခံယူကြသောအခါ လူ၏စကားကဲ့သို့ မခံယူဘဲ၊ ဘုရားသခင်၏တရားစကားတော်ဖြစ်သည်ဟု အဖြစ်မှန်အတိုင်း ခံယူကြ၏” လို့ရေးခဲ့တယ်။ (၁ သက်သာလောနိတ် ၂:၁၃) ဒါကြောင့် စစ်မှန်တဲ့ဘာသာရဲ့ ယုံကြည်ချက်တွေနဲ့ အမူအကျင့်တွေက လူ့ရှုမြင်ချက်၊ ထုံးတမ်းစဉ်လာတွေအပေါ် အခြေမခံဘူး။ ဘုရားသခင့်စွမ်းအားတော်တိုက်တွန်းမှုနဲ့ ရေးထားတဲ့ သမ္မာကျမ်းစာအပေါ် အခြေခံတယ်။

ယေရှုခရစ်က သူ့ရဲ့သွန်သင်ချက်တွေကို ကျမ်းစာအပေါ် အခြေခံခြင်းအားဖြင့် ပုံသက်သေကောင်းပြခဲ့တယ်။ ကောင်းကင်ခမည်းတော်ထံ ဆုတောင်းရာမှာ ယေရှုက “ကိုယ်တော်၏တရားစကားတော်သည် အမှန်တရားဖြစ်ပါ၏” လို့ပြောခဲ့တယ်။ (ယောဟန် ၁၇:၁၇) ယေရှုဟာ ဘုရားသခင့်တရားစကားတော်ကို ယုံကြည်ပြီး သူ့ရဲ့သွန်သင်ချက်တိုင်းက ကျမ်းစာနဲ့ကိုက်ညီတယ်။ “ကျမ်းစာ၌ရေးထားသည်” ဆိုပြီး ကျမ်းစာကို မကြာခဏ ကိုးကားဖော်ပြလေ့ရှိတယ်။ (မဿဲ ၄:၄၊ ၇၊ ၁၀) အလားတူပဲ မျက်မှောက်ခေတ် ဘုရားသခင့်လူမျိုးဟာ သူတို့ရဲ့ကိုယ်ပိုင်ယူဆချက်တွေကို မသွန်သင်ကြဘူး။ ကျမ်းစာဟာ ဘုရားသခင့်တရားစကားတော် ဖြစ်တယ်ဆိုတဲ့အချက်ကို သူတို့ယုံကြည်ပြီး သူတို့ရဲ့သွန်သင်ချက်တွေက ကျမ်းစာအပေါ် လုံးလုံးအခြေခံတယ်။

၈။ ယေဟောဝါကို ဝတ်ပြုခြင်းမှာ ဘယ်အရာပါဝင်သလဲ။

စစ်မှန်တဲ့ဘာသာတရားကို လိုက်စားသူတွေဟာ ယေဟောဝါတစ်ပါးတည်းကိုပဲ ဝတ်ပြုကိုးကွယ်ပြီး ဘုရားသခင့်နာမည်ကို လူတွေသိအောင် လုပ်ကြတယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “သင်၏ဘုရားသခင် ယေဟောဝါကို ကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။” (မဿဲ ၄:၁၀) ဒါကြောင့် ဘုရားသခင့်ကျေးကျွန်တွေဟာ ယေဟောဝါကလွဲလို့ တခြားဘယ်သူ့ကိုမှ ဝတ်မပြုကြဘူး။ ဒီဝတ်ပြုကိုးကွယ်မှုထဲမှာ စစ်မှန်တဲ့ဘုရားသခင်ရဲ့နာမည်က ဘာလဲ၊ ဘုရားသခင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ လူတွေသိအောင် လုပ်ဆောင်ခြင်းပါဝင်တယ်။ ဆာလံ ၈၃:၁၈ (ကဘ) မှာ “ယေဟောဝါလို့နာမည်ရှိတဲ့ ကိုယ်တော်တစ်ပါးတည်းသာ မြေကြီးတစ်ပြင်လုံးပေါ်မှာ အမြင့်ဆုံးအရှင်ဖြစ်တယ်” လို့ဖော်ပြထားတယ်။ ယေရှုက ဘုရားသခင်အကြောင်း လူတွေသိအောင် ကူညီပေးရာမှာ ပုံသက်သေပြခဲ့ပြီး ဒီလိုဆုတောင်းခဲ့တယ်– “ဤလောကထဲမှယူ၍ ကျွန်ုပ်ကိုပေးအပ်တော်မူသော သူတို့အား ကျွန်ုပ်သည် ကိုယ်တော်၏နာမကို ဖော်ပြပါပြီ။” (ယောဟန် ၁၇:၆) အဲဒီလိုပဲ၊ မျက်မှောက်ခေတ် စစ်မှန်တဲ့ဝတ်ပြုသူတွေဟာ ဘုရားသခင့်နာမည်၊ ကိုယ်တော့်ရည်ရွယ်ချက်တွေနဲ့ ဂုဏ်ရည်တော်တွေအကြောင်း တခြားသူတွေကို သွန်သင်ပေးကြတယ်။

၉၊ ၁၀။ စစ်မှန်တဲ့ခရစ်ယာန်တွေဟာ ဘယ်နည်းတွေနဲ့ အချင်းချင်းမေတ္တာပြကြသလဲ။

စစ်မှန်တဲ့ဘုရားကို ကိုးကွယ်ဝတ်ပြုသူတွေဟာ အချင်းချင်းအပေါ် ကိုယ်ကျိုးမရှာတဲ့ စစ်မှန်တဲ့မေတ္တာကို တင်ပြကြတယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) အစောပိုင်းခရစ်ယာန်တွေမှာ အဲဒီလိုမေတ္တာ ရှိခဲ့ကြတယ်။ ဘုရားသခင်ပြသစေလိုတဲ့မေတ္တာက လူမျိုးရေး၊ လူနေမှုအဆင့်အတန်း၊ နေထိုင်တဲ့နိုင်ငံကို မကြည့်ဘဲ တခြားသူတွေကိုချစ်ခင်စေတယ်။ ဒီမေတ္တာက လူတွေကို တကယ့်ညီအစ်ကိုအသင်းအပင်းတစ်ခုဖြစ်အောင် ပေါင်းစည်းပေးတယ်။ (ကောလောသဲ ၃:၁၄ ကိုဖတ်ပါ။) အယူမှားဘာသာရဲ့အသင်းသားတွေမှာ အဲဒီလိုမေတ္တာပြည့်ဝတဲ့ ညီအစ်ကိုအသင်းအပင်း မရှိဘူး။ ဘယ်လိုသိရသလဲ။ သူတို့တွေက နိုင်ငံရေး ဒါမှမဟုတ် လူမျိုးရေးကွဲပြားမှုတွေကြောင့် အချင်းချင်းသတ်ဖြတ်ကြတယ်။ စစ်မှန်တဲ့ခရစ်ယာန်တွေက မိမိတို့ရဲ့ ခရစ်ယာန်ညီအစ်ကိုတွေအပါအဝင် တခြားဘယ်သူ့ကိုမဆို သတ်ဖြတ်ဖို့အတွက် လက်နက်မကိုင်ကြဘူး။ ကျမ်းစာမှာ ဒီလိုပြောတယ်– ‘ဘုရားသခင်၏သားသမီးများနှင့် စာတန်၏သားသမီးများသည် ဤသို့ကွဲပြားထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကို ကျင့်မနေသူတိုင်း ဘုရားသခင်နှင့် မစပ်ဆိုင်။ မိမိညီအစ်ကိုကို မုန်းသောသူတိုင်းလည်း ဘုရားသခင်နှင့် မစပ်ဆိုင်။ . . . အချင်းချင်းချစ်ကြရမည်။ ဆိုးညစ်သူနှင့်စပ်ဆိုင်၍ မိမိညီကိုသတ်သူ ကာဣနကဲ့သို့ မဖြစ်သင့်။’—၁ ယောဟန် ၃:၁၀-၁၂; ၄:၂၀၊ ၂၁

၁၀ တကယ်တော့ စစ်မှန်တဲ့မေတ္တာဆိုတာ တခြားသူတွေကို မသတ်ရုံလောက်ပဲ မဟုတ်ဘူး။ စစ်မှန်တဲ့ခရစ်ယာန်တွေက မိမိတို့ရဲ့အချိန်၊ ခွန်အားနဲ့ ဥစ္စာပစ္စည်းတွေကို အချင်းချင်းကူညီအားပေးရာမှာ ကိုယ်ကျိုးမဖက် အသုံးပြုကြတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဘေးအန္တရာယ်တွေ ရင်ဆိုင်ရချိန်မှာ အချင်းချင်းကူညီကြတယ်၊ တခြားသူတွေကို ရိုးရိုးသားသားဆက်ဆံကြတယ်။ “လူတိုင်းကို ကောင်းမှုပြု” ပါဆိုတဲ့ ကျမ်းစာဆုံးမစကားကို သူတို့ရဲ့အသက်တာမှာ လက်တွေ့ကျင့်သုံးကြတယ်။—ဂလာတိ ၆:၁၀

၁၁။ ယေရှုခရစ်ကို ကျွန်ုပ်တို့ကိုကယ်တင်ဖို့ ဘုရားသခင်အသုံးပြုသူအဖြစ် လက်ခံဖို့ ဘာကြောင့်အရေးကြီးတာလဲ။

၁၁ စစ်မှန်တဲ့ခရစ်ယာန်တွေဟာ ယေရှုခရစ်ကို ကျွန်ုပ်တို့ကိုကယ်တင်ဖို့ ဘုရားသခင်အသုံးပြုသူအဖြစ် လက်ခံကြတယ်။ ကျမ်းစာမှာ ဒီလိုပြောတယ်– “ငါတို့ကယ်တင်ခြင်းရရန် ကောင်းကင်အောက်တွင် နာမတစ်ခုတည်းသာ လူတို့ကို ပေးထား၏။ ကယ်တင်ခြင်းကို အခြားမည်သူ့ထံကမျှ မရနိုင်ကြောင်း သိကြပါစေ။” (တမန်တော် ၄:၁၂) အခန်း ၅ မှာ သိခဲ့ရတဲ့အတိုင်း ယေရှုက နာခံမှုရှိတဲ့လူသားတွေအတွက် မိမိအသက်ကို ရွေးနုတ်ဖိုးအဖြစ် စွန့်ခဲ့တယ်။ (မဿဲ ၂၀:၂၈) ဒါ့အပြင် ယေရှုဟာ မြေကြီးတစ်ပြင်လုံးကို အုပ်ချုပ်မယ့် ကောင်းကင်နိုင်ငံတော်မှာ ဘုရားသခင်ခန့်အပ်ထားတဲ့ဘုရင်လည်း ဖြစ်တယ်။ ကျွန်ုပ်တို့က ထာဝရအသက်ရချင်တယ်ဆိုရင် ယေရှုရဲ့စကားကိုနားထောင်ပြီး သူ့ရဲ့သွန်သင်ချက်တွေကိုကျင့်သုံးဖို့ ဘုရားသခင် တောင်းဆိုထားတယ်။ ဒါကြောင့် သမ္မာကျမ်းစာမှာ “သားတော်ကို ယုံကြည်ကြောင်းတင်ပြသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ငြင်းပယ်သူမူကား အသက်ကို ရလိမ့်မည်မဟုတ်” လို့ဖော်ပြထားတယ်။—ယောဟန် ၃:၃၆

၁၂။ ဤလောကနဲ့မသက်ဆိုင်ခြင်း ဆိုတဲ့အထဲမှာ ဘာပါဝင်သလဲ။

၁၂ စစ်မှန်တဲ့ဝတ်ပြုသူတွေဟာ လောကနဲ့မသက်ဆိုင်ကြဘူး။ ရောမအုပ်စိုးရှင်ပိလတ်ရှေ့ တရားစီရင်ခံရချိန်မှာ ယေရှုက “ငါ၏နိုင်ငံသည် ဤလောကနှင့်မသက်ဆိုင်” လို့ပြောခဲ့တယ်။ (ယောဟန် ၁၈:၃၆) ယေရှုရဲ့နောက်လိုက်စစ်တွေဟာ ဘယ်နိုင်ငံမှာပဲနေထိုင်ပါစေ သူတို့က ကောင်းကင်နိုင်ငံတော်ရဲ့ လက်အောက်ခံတွေဖြစ်တဲ့အတွက် ဒီလောကရဲ့နိုင်ငံရေးကိစ္စတွေမှာ လုံးဝ မပါဝင်မပတ်သက်ကြဘူး။ သူတို့တွေဟာ နိုင်ငံရေးအငြင်းပွားမှုတွေမှာလည်း မပါဝင်ကြဘူး။ ဒါ့အပြင် ယေဟောဝါကိုဝတ်ပြုသူတွေဟာ တခြားသူတွေ နိုင်ငံရေးပါတီဝင်တာ၊ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တာ၊ မဲထည့်တာတွေနဲ့ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ကြဘူး။ စစ်မှန်တဲ့ဝတ်ပြုသူတွေက နိုင်ငံရေးမှာ ကြားနေကြပေမဲ့ ဥပဒေကို လိုက်နာကြပါတယ်။ ဘာကြောင့်လဲ။ သမ္မာကျမ်းစာက သူတို့ကို အစိုးရဖြစ်တဲ့ “အထက်မင်းအာဏာစက်ကို လူတိုင်း လက်အောက်ခံလျက်နေစေ” လို့ အမိန့်ပေးထားလို့ပဲ။ (ရောမ ၁၃:၁) ဘုရားသခင့်တောင်းဆိုချက်နဲ့ နိုင်ငံရေးစနစ်ရဲ့တောင်းဆိုချက် မတူတဲ့အခါမှာ စစ်မှန်တဲ့ဝတ်ပြုသူတွေက “လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်ရမည်” လို့ပြောခဲ့တဲ့ တမန်တော်တွေရဲ့ပုံသက်သေကို လိုက်လျှောက်ကြတယ်။—တမန်တော် ၅:၂၉; မာကု ၁၂:၁၇

၁၃။ ယေရှုရဲ့နောက်လိုက်စစ်တွေဟာ ဘုရားသခင့်နိုင်ငံတော်ကို ဘယ်လိုရှုမြင်ကြသလဲ၊ ဒါကြောင့် သူတို့ ဘယ်အရာကို လုပ်ဆောင်ကြသလဲ။

၁၃ ဘုရားသခင့်နိုင်ငံတော်ဟာ လူသားတွေအတွက် တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်တယ်ဆိုတဲ့အကြောင်းကို ယေရှုရဲ့နောက်လိုက်စစ်တွေ ဟောပြောနေကြတယ်။ “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်” လို့ ယေရှု ကြိုဟောခဲ့တယ်။ (မဿဲ ၂၄:၁၄) ယေရှုခရစ်ရဲ့နောက်လိုက်စစ်တွေဟာ လူ့ပြဿနာတွေဖြေရှင်းဖို့ လူ့အုပ်စိုးရှင်တွေကို မျှော်ကိုးဖို့ အားပေးမယ့်အစား ဘုရားသခင့်ကောင်းကင်နိုင်ငံတော်က လူသားတွေအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ကြောင်း ကြေညာကြတယ်။ (ဆာလံ ၁၄၆:၃) အဲဒီကောင်းမွန်တဲ့အစိုးရအတွက် ဆုတောင်းဖို့ ယေရှု ဒီလိုသင်ပေးခဲ့တယ်– “နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။” (မဿဲ ၆:၁၀) အဲဒီကောင်းကင်နိုင်ငံတော်က “အထက်ဆိုခဲ့ပြီးသော [ယခုတည်ရှိနေသော] နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်” ဆိုပြီး ကျမ်းစာမှာ ကြိုဟောထားတယ်။—ဒံယေလ ၂:၄၄၊ ၄၅

၁၄။ ဘယ်ဘာသာရေးအဖွဲ့က စစ်မှန်တဲ့ဝတ်ပြုရေးအတွက် တောင်းဆိုချက်တွေကို ပြည့်မီတယ်လို့ သင်ယူဆသလဲ။

၁၄ ကျွန်ုပ်တို့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာပေါ် အခြေခံပြီး ကိုယ့်ကိုယ်ကို ဒီလိုမေးပါ– ‘ဘယ်ဘာသာရေးအဖွဲ့က သူတို့ရဲ့သွန်သင်ချက်အားလုံးကို ကျမ်းစာပေါ်အခြေခံပြီး ယေဟောဝါရဲ့နာမည်ကို လူတွေသိရှိအောင် လုပ်ဆောင်နေပါသလဲ။ ဘယ်အဖွဲ့က ဘုရားသခင် ပြသစေလိုတဲ့မေတ္တာကို လက်တွေ့ကျင့်သုံးပြီး ယေရှုခရစ်ကို ယုံကြည်ကြောင်းတင်ပြသလဲ။ ဘယ်ဘာသာရေးအဖွဲ့က လောကနိုင်ငံရေးနဲ့မပတ်သက်ဘဲ ဘုရားသခင့်နိုင်ငံတော်သာလျှင် လူသားတွေအတွက် တစ်ခုတည်းသော စစ်မှန်တဲ့မျှော်လင့်ချက်ဖြစ်ကြောင်း ကြွေးကြော်နေပါသလဲ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာရေးအဖွဲ့အားလုံးထဲမှာ ဘယ်အဖွဲ့က အဲဒီတောင်းဆိုချက်အားလုံးကို ပြည့်မီသလဲ။’ ယေဟောဝါသက်သေတွေပဲဆိုတာ ရှင်းနေပါတယ်။ဟေရှာယ ၄၃:၁၀-၁၂ ကိုဖတ်ပါ။

သင် ဘာလုပ်မလဲ

၁၅။ ဘုရားသခင်ရှိတယ်ဆိုတာ ယုံကြည်ဖို့အပြင် ဘယ်အရာကို ကိုယ်တော်တောင်းဆိုသလဲ။

၁၅ ဘုရားသခင့်စိတ်တော်နဲ့တွေ့ဖို့ဆိုတာ ဘုရားသခင်ကို ယုံကြည်ရုံနဲ့မရဘူး။ အမှန်တော့ နတ်ဆိုးတွေတောင် ဘုရားသခင်ရှိတယ်ဆိုတဲ့အချက်ကို ယုံကြည်ကြတယ်လို့ ကျမ်းစာကဖော်ပြတယ်။ (ယာကုပ် ၂:၁၉) ဒါပေမဲ့ နတ်ဆိုးတွေက ဘုရားသခင့်အလိုတော်ကို မဆောင်ရွက်ကြဘူး၊ ကိုယ်တော့်နှစ်သက်လက်ခံမှုကိုလည်း မရကြဘူး။ ဘုရားသခင့် နှစ်သက်လက်ခံမှုရဖို့အတွက် ကိုယ်တော် အမှန်တကယ်ရှိကြောင်းကို ယုံကြည်ရုံသာမက ကိုယ်တော့်အလိုတော်ကိုလည်း လုပ်ဆောင်ရမယ်။ ဒါ့အပြင် အယူမှားဘာသာကနေထွက်ပြီး စစ်မှန်တဲ့ဝတ်ပြုရေးကို သက်ဝင်ယုံကြည်ရမယ်။

၁၆။ အယူမှားဝတ်ပြုရေးမှာ ပါဝင်ပတ်သက်နေတယ်ဆိုရင် ဘာလုပ်သင့်ပါသလဲ။

၁၆ အယူမှားဝတ်ပြုရေးမှာ မပါဝင်ရဘူးလို့ တမန်တော်ပေါလု ပြောခဲ့တယ်။ ‘“ထို့ကြောင့် ထိုသူတို့အထဲမှထွက်၍ တသီးတခြားနေကြလော့။ မသန့်ရှင်းသောအရာကို မတို့မထိကြနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံမည်” ဟူ၍ ယေဟောဝါမိန့်တော်မူ၏’ ဆိုပြီး သူရေးခဲ့တယ်။ (၂ ကောရိန္သု ၆:၁၇; ဟေရှာယ ၅၂:၁၁) ဒါကြောင့် စစ်မှန်တဲ့ခရစ်ယာန်တွေက အယူမှားဝတ်ပြုရေးနဲ့ ဆက်နွှယ်နေတဲ့အရာမှန်သမျှကို ရှောင်ကြဉ်ကြပါတယ်။

၁၇၊ ၁၈။ “မဟာဗာဗုလုန်” ဆိုတာ ဘာလဲ၊ “သူ၏အထဲမှထွက်” ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၇ အယူမှားဘာသာရေးပုံစံအားလုံးဟာ “မဟာဗာဗုလုန်” ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ * (ဗျာဒိတ် ၁၇:၅) အဲဒီအမည်က နောဧခေတ် ရေလွှမ်းမိုးဘေးနောက်ပိုင်း အယူမှားဘာသာရေး အစပြုခဲ့တဲ့ ရှေးဗာဗုလုန်မြို့ကို ပြန်သတိရစေတယ်။ မျက်မှောက်ခေတ် အယူမှားဘာသာရေးမှာ အများဆုံးတွေ့ရတဲ့ သွန်သင်ချက်တွေနဲ့ ဓလေ့ထုံးစံတွေဟာ ရှေးဗာဗုလုန်ကနေ အစပြုလာတာဖြစ်တယ်။ ဥပမာ၊ ဗာဗုလုန်လူမျိုးတွေက သုံးပါးပေါင်းတစ်ဆူဘုရားတွေကို ကိုးကွယ်ခဲ့ကြတယ်။ ယနေ့အချိန်မှာလည်း ဘာသာတရားများစွာရဲ့ အဓိကသွန်သင်ချက်က သုံးပါးပေါင်းတစ်ဆူဖြစ်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက စစ်မှန်တဲ့တစ်ဆူတည်းသောဘုရားသခင်က ယေဟောဝါဖြစ်တယ်၊ ယေရှုခရစ်က သားတော်ဖြစ်တယ်ဆိုပြီး ရှင်းရှင်းလင်းလင်း သွန်သင်ထားတယ်။ (ယောဟန် ၁၇:၃) ဗာဗုလုန်လူမျိုးတွေဟာ လူသေပြီးတဲ့နောက်မှာ မသေနိုင်တဲ့ဝိညာဉ်ကျန်ရစ်တယ်၊ အဲဒီဝိညာဉ်က ညှဉ်းဆဲတဲ့နေရာမှာ ဒုက္ခခံရနိုင်တယ်လို့ ယုံကြည်ကြတယ်။ ယနေ့အချိန်မှာလည်း မသေနိုင်တဲ့ဝိညာဉ်က မီးငရဲမှာ နှိပ်စက်ခံရနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ဘာသာတရားအများစုက သွန်သင်ကြတယ်။

၁၈ ရှေးဗာဗုလုန်ဝတ်ပြုရေးက ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့ခဲ့တဲ့အတွက် မျက်မှောက်ခေတ် မဟာဗာဗုလုန်ကို ကမ္ဘာ့အယူမှားဘာသာရေးအင်ပါယာအဖြစ် သတ်မှတ်တာက သင့်လျော်ပါတယ်။ ဒီကမ္ဘာ့အယူမှားဘာသာရေးအင်ပါယာက ရုတ်တရက် အဆုံးတိုင်သွားမယ်ဆိုတာကိုလည်း သမ္မာကျမ်းစာမှာ ကြိုဟောထားတယ်။ (ဗျာဒိတ် ၁၈:၈) ဒါကြောင့် မဟာဗာဗုလုန်နဲ့ပတ်သက်တဲ့အရာ မှန်သမျှနဲ့ သီးခြားနေဖို့ ဘာကြောင့်အရေးကြီးတယ်ဆိုတာ သင်သိပါသလား။ ယေဟောဝါဘုရားသခင်က သင့်ကို အချိန်ရှိနေသေးစဉ်မှာ “သူ၏အထဲမှ” မြန်မြန်ထွက်စေချင်တယ်။ဗျာဒိတ် ၁၈:၄ ကိုဖတ်ပါ။

ယေဟောဝါကို ဝတ်ပြုသူတွေနဲ့အတူ ကိုယ်တော့်အမှုတော်ကိုဆောင်ခြင်းအားဖြင့် သင်ဆုံးၡုံးခဲ့ရာထက် အဆများစွာ ပြန်ရပါလိမ့်မယ်

၁၉။ ယေဟောဝါကိုဝတ်ပြုခြင်းကြောင့် သင် ဘာရရှိမလဲ။

၁၉ အယူမှားဘာသာကို ဝတ်မပြုတော့ဘူးလို့ သင်ဆုံးဖြတ်တဲ့အတွက် တချို့က သင့်ကို အပေါင်းအသင်းလုပ်တော့မှာမဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါကို ဝတ်ပြုသူတွေနဲ့အတူ ကိုယ်တော့်အမှုတော်ကိုဆောင်ခြင်းအားဖြင့် သင်ဆုံးၡုံးခဲ့ရာထက် အဆများစွာ ပြန်ရပါလိမ့်မယ်။ ယေရှုနောက်လိုက်ဖို့အတွက် တခြားအရာတွေကို စွန့်ခဲ့ကြတဲ့ ယေရှုရဲ့အစောပိုင်းတပည့်တွေလိုပဲ သင့်မှာ ယုံကြည်ချင်းတူတဲ့ ညီအစ်ကို၊ ညီအစ်မများစွာ ရှိလာမှာဖြစ်တယ်။ မေတ္တာစစ်တင်ပြသူတွေဖြစ်တဲ့ သန်းနဲ့ချီတဲ့ စစ်မှန်တဲ့ခရစ်ယာန်တွေရဲ့ ကမ္ဘာချီမိသားစုကြီးမှာ သင်လည်း တစ်ဦးအပါအဝင် ဖြစ်လာပါလိမ့်မယ်။ “အနာဂတ်ကာလ” မှာရမယ့် အလွန်ကောင်းတဲ့ ထာဝရအသက်မျှော်လင့်ချက်ကိုလည်း သင်ပိုင်ဆိုင်ရမှာဖြစ်တယ်။ (မာကု ၁၀:၂၈-၃၀ ကိုဖတ်ပါ။) အချိန်တန်တဲ့အခါ သင့်ယုံကြည်ချက်ကြောင့် သင့်ကို အပေါင်းအသင်းမလုပ်ခဲ့သူတွေဟာ ကျမ်းစာသွန်သင်ချက်ကို အသေအချာစူးစမ်းပြီး ယေဟောဝါကိုဝတ်ပြုတဲ့သူတွေတောင် ဖြစ်လာနိုင်ပါတယ်။

၂၀။ စစ်မှန်တဲ့ဘာသာတရားကို လိုက်စားသူတွေအတွက် ဘယ်အနာဂတ်ရှိသလဲ။

၂၀ ဘုရားသခင်က မကြာမီ ဒီလောကစနစ်ဆိုးကို အဆုံးတိုင်စေပြီး ကိုယ်တော့်နိုင်ငံတော် အုပ်ချုပ်မှုအောက်ရှိ ဖြောင့်မတ်တဲ့ကမ္ဘာသစ်နဲ့ အစားထိုးမယ်လို့ သမ္မာကျမ်းစာက သွန်သင်တယ်။ (၂ ပေတရု ၃:၉၊ ၁၃) အဲဒါက တကယ့်ကိုကောင်းတဲ့ကမ္ဘာ ဖြစ်မယ်။ အဲဒီဖြောင့်မတ်တဲ့စနစ်သစ် ရောက်လာတဲ့အခါ ဘာသာတစ်ခု၊ စစ်မှန်တဲ့ဝတ်ပြုရေးပုံစံတစ်ခုတည်းပဲ ရှိတော့မယ်။ အခုအချိန်မှာ စစ်မှန်တဲ့ဝတ်ပြုသူတွေနဲ့အတူ ပူးပေါင်းဖို့ လုပ်စရာရှိတာတွေကို လုပ်ဆောင်ခြင်းက ပညာရှိလမ်းစဉ် မဟုတ်လား။

^ စာပိုဒ်၊ 17 မဟာဗာဗုလုန်က ကမ္ဘာ့အယူမှားဘာသာရေးအင်ပါယာကို ကိုယ်စားပြုကြောင်း ထပ်ဆင့်အချက်အလက်တွေအတွက် နောက်ဆက်တွဲ ““မဟာဗာဗုလုန်” ကို ခွဲခြားသတ်မှတ်ခြင်း” ကိုကြည့်ပါ။