မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း နှစ်

သမ္မာကျမ်းစာ—ဘုရားသခင်ထံက စာအုပ်တစ်အုပ်

သမ္မာကျမ်းစာ—ဘုရားသခင်ထံက စာအုပ်တစ်အုပ်
  • သမ္မာကျမ်းစာဟာ ဘယ်အချက်တွေကြောင့် တခြားစာအုပ်တွေနဲ့ ကွာခြားသလဲ။

  • ကိုယ်ရေးကိုယ်တာပြဿနာတွေ ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ဘယ်လို အထောက်အကူပြုနိုင်သလဲ။

  • သမ္မာကျမ်းစာမှာပါတဲ့ ကြိုတင်ဟောကြားချက်တွေကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၁၊ ၂။ သမ္မာကျမ်းစာဟာ ဘုရားသခင်ထံကရတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လက်ဆောင်တစ်ခုလို့ ဘာကြောင့်ပြောနိုင်သလဲ။

ချစ်ခင်ရတဲ့ မိတ်ဆွေတစ်ယောက်ယောက်ဆီကနေ အထူးလက်ဆောင်တစ်ခု ရရှိခဲ့တဲ့အချိန်ကို သင် မှတ်မိသလား။ လက်ဆောင်ရတဲ့အခါမှာ ဘာများလဲဆိုပြီး စိတ်ဝင်စားသွားတယ်၊ ပျော်သွားတယ်မဟုတ်လား။ အမှန်တော့ လက်ဆောင်ပေးတယ်ဆိုတာ လက်ဆောင်ပေးသူက သင်နဲ့ခင်မင်ရင်းနှီးရတာကို သူ ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ဖော်ပြခြင်းဖြစ်တယ်။ သင်ရတဲ့ အမှတ်တရလက်ဆောင်အတွက် သူ့ကို ကျေးဇူးတင်ကြောင်းပြောမှာ သေချာတယ်။

သမ္မာကျမ်းစာဟာ ဘုရားသခင်ပေးတဲ့ လက်ဆောင်တစ်ခုဖြစ်တယ်၊ ဒီအတွက် ကျွန်ုပ်တို့ တကယ်ကျေးဇူးတင်ရမယ်။ တခြားဘယ်နေရာမှာမှ ရှာမတွေ့နိုင်တဲ့အကြောင်းအရာတွေကို ဒီထူးခြားတဲ့စာအုပ်ထဲမှာ ဖော်ပြထားတယ်။ ကြယ်အပြည့်နဲ့မိုးကောင်းကင်၊ ကမ္ဘာမြေကြီးနဲ့ ပထမဦးဆုံးလူယောက်ျား၊ မိန်းမကို ဖန်ဆင်းတဲ့အကြောင်း ဖော်ပြထားတယ်။ ဘဝပြဿနာတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းနိုင်တဲ့နည်းလမ်းကောင်းတွေ သမ္မာကျမ်းစာမှာ ပါတယ်။ ဘုရားသခင်က မိမိရဲ့ရည်ရွယ်ချက်ကို ဘယ်လိုပြည့်စုံစေမယ်၊ မြေကြီးကို ပိုကောင်းမွန်တဲ့အခြေအနေရောက်အောင် ဘယ်လိုလုပ်မယ်ဆိုတာ ရှင်းပြတယ်။ ကျမ်းစာဟာ တကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့ လက်ဆောင်တစ်ခုပါပဲ။

၃။ ကျွန်ုပ်တို့ကို သမ္မာကျမ်းစာပေးတယ်ဆိုတဲ့အချက်က ယေဟောဝါအကြောင်း ဘာဖော်ပြသလဲ၊ ဒီအချက်က ဘာကြောင့် ပျော်ရွှင်ကြည်နူးစေသလဲ။

သမ္မာကျမ်းစာဟာ ပျော်ရွှင်ကြည်နူးစေတဲ့ လက်ဆောင်တစ်ခုလည်းဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ ကျမ်းစာထဲမှာ လက်ဆောင်ပေးသူ ယေဟောဝါဘုရားသခင်အကြောင်းကို ဖော်ပြထားလို့ပဲ။ ဒီစာအုပ်ပေးတယ်ဆိုတဲ့အချက်က ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို သူ့အကြောင်း ကောင်းကောင်းသိစေချင်တယ်ဆိုတာ ဖော်ပြတယ်။ အမှန်ပါပဲ၊ ယေဟောဝါနဲ့ရင်းနှီးဖို့ ကျမ်းစာက သင့်ကိုကူညီပေးနိုင်တယ်။

၄။ သမ္မာကျမ်းစာ ထုတ်ဝေဖြန့်ချိတာနဲ့ပတ်သက်ပြီး ဘယ်အချက်ကို သင် မှတ်သားမိသလဲ။

သင့်မှာ ကျမ်းစာရှိတယ်ဆိုရင် ကမ္ဘာပေါ်မှာ အဖြန့်ဝေရဆုံးစာအုပ်ကို သင်ပိုင်ဆိုင်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကျမ်းစာကို တစ်အုပ်လုံးအနေနဲ့ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအနေနဲ့ဖြစ်စေ ဘာသာစကား ၂,၅၀၀ ကျော်နဲ့ ပုံနှိပ်ထုတ်ဝေခဲ့ပြီးပြီဖြစ်လို့ ကမ္ဘာ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ရဲ့လက်ထဲမှာ ဒီစာအုပ်ရှိနေပြီ။ ပျမ်းမျှတွက်ရင် တစ်ပတ်ကို အုပ်ရေတစ်သန်းကျော် ထုတ်ဝေဖြန့်ချိနေတယ်။ ကျမ်းစာကို တစ်အုပ်လုံးအနေနဲ့ရော၊ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါ အုပ်ရေ သန်းထောင်နဲ့ချီ ထုတ်ဝေခဲ့ပြီးပြီ။ သေချာတာက ကျမ်းစာလို စာအုပ်မျိုး မရှိဘူးဆိုတာပဲ။

“ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာ” ကို ဘာသာစကားများစွာနဲ့ရရှိနိုင်

၅။ ကျမ်းစာဟာ ဘယ်လိုနည်းနဲ့ “ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့်ရေးထား” တာဖြစ်သလဲ။

ဒါ့အပြင် ကျမ်းစာဟာ “ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထား” တာဖြစ်တယ်။ (၂ တိမောသေ ၃:၁၆ ကိုဖတ်ပါ) ဘယ်လိုနည်းနဲ့လဲ။ သမ္မာကျမ်းစာကပဲ “သန့်ရှင်းသောစွမ်းအားတော် တိုက်တွန်းခြင်းအားဖြင့် ဘုရားသခင်ထံတော်မှစကားကို လူတို့ ပရောဖက်ပြုခြင်းဖြစ်၏” လို့အဖြေပေးတယ်။ (၂ ပေတရု ၁:၂၁) ဥပမာ၊ အသက်ကြီးနေပြီဖြစ်တဲ့ အဖေက သူ့သားကို သူ့ကိုယ်စား စာတစ်စောင်ရေးခိုင်းတယ်။ အဲဒီစာထဲမှာ အဖေ့ရဲ့အတွေးအခေါ်တွေ၊ အဖေပြောချင်တာတွေ ပါတယ်။ ဒါကြောင့် ဒီစာက သားရဲ့စာမဟုတ်ဘူး၊ အဖေ့ရဲ့စာဖြစ်တယ်။ အဲဒီလိုပဲ၊ ကျမ်းစာမှာပါတဲ့အကြောင်းအရာတွေက ဘုရားသခင်ရဲ့သတင်းစကားတွေ ဖြစ်တယ်၊ ဒီစာအုပ်ကိုရေးတဲ့သူတွေရဲ့ သတင်းစကားမဟုတ်ဘူး။ ဒါကြောင့် ကျမ်းစာတစ်အုပ်လုံးဟာ “ဘုရားသခင်၏ တရားစကားတော်” အမှန်ဖြစ်တယ်။—၁ သက်သာလောနိတ် ၂:၁၃

ရှေ့နောက်ညီပြီး တိကျမှန်ကန်

၆၊ ၇။ ကျမ်းစာမှာပါတဲ့အကြောင်းအရာတွေဟာ ရှေ့နောက်ညီညွတ်တယ်ဆိုတဲ့အချက်က ဘာကြောင့် ထူးခြားသလဲ။

ကျမ်းစာကို ဘီစီ ၁၅၁၃ မှာစရေးခဲ့ပြီး ရေးသားပြီးစီးဖို့ နှစ်ပေါင်း ၁,၆၀၀ ကျော် ကြာခဲ့တယ်။ ကျမ်းရေးသူတွေဟာ ခေတ်ကာလအမျိုးမျိုးမှာ အသက်ရှင်ခဲ့ကြပြီး ဘဝအခြေအနေတွေလည်း မတူကြဘူး။ တချို့က လယ်သမား၊ တံငါသည်၊ သိုးထိန်းတွေဖြစ်ပြီး တချို့ကတော့ ပရောဖက်၊ တရားသူကြီး၊ ဘုရင်တွေ ဖြစ်တယ်။ ခရစ်ဝင်ကျမ်းရေးသူ လုကာက ဆရာဝန်တစ်ဦးဖြစ်တယ်။ ကျမ်းရေးသူတွေရဲ့ ဘဝနောက်ခံတွေက မတူညီကြပေမဲ့ ကျမ်းစာဟာ အစကနေ အဆုံးအထိ ရှေ့နောက်ညီတယ်။ *

ကျမ်းစာရဲ့ ဦးဆုံးကျမ်းဖြစ်တဲ့ ကမ္ဘာဦးကျမ်းမှာ လူ့ပြဿနာတွေ စတင်ပေါ်ပေါက်လာပုံကို ဖော်ပြတယ်။ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းမှာ ကမ္ဘာမြေတစ်ခုလုံး သာယာလှပတဲ့ဥယျာဉ် ဒါမှမဟုတ် ပရဒိသု ဖြစ်လာမယ်ဆိုတာကို ဖော်ပြတယ်။ ကျမ်းစာမှာပါတဲ့ အကြောင်းအရာအားလုံးက နှစ်ထောင်ချီကြာတဲ့ လူ့သမိုင်းကြောင်းကို ဖော်ပြတယ်၊ ဒီသမိုင်းကြောင်းတွေက ဘုရားသခင့်ရည်ရွယ်ချက်နဲ့ အဲဒီရည်ရွယ်ချက် ဘယ်လိုပြည့်စုံလာမယ်ဆိုတာကို တစ်နည်းနည်းနဲ့ ဖော်ပြတယ်။ ကျမ်းစာရဲ့ ရှေ့နောက်ညီညွတ်မှုက အထင်ကြီးလေးစားစရာကောင်းပါတယ်၊ ဘုရားသခင်ထံကလာတဲ့ စာအုပ်က ဒီလိုပဲဖြစ်ရမှာပေါ့ဆိုပြီး ကျွန်ုပ်တို့ ယုံကြည်စိတ်ချကြပါလိမ့်မယ်။

၈။ သမ္မာကျမ်းစာဟာ သိပ္ပံပညာနဲ့ကိုက်ညီတယ်ဆိုတာဖော်ပြတဲ့ ဥပမာတွေကိုပြောပြပါ။

သမ္မာကျမ်းစာဟာ သိပ္ပံပညာနဲ့လည်း ကိုက်ညီတယ်။ ဒီအထဲမှာ ကျမ်းစာရေးတဲ့ခေတ်ကလူတွေ မသိသေးတဲ့အချက်အလက်တွေတောင် ပါတယ်။ ဥပမာ၊ ဝတ်ပြုရာကျမ်းမှာ ရှေးခေတ်အစ္စရေးလူမျိုးအတွက် ကူးစက်ရောဂါ ကာကွယ်ရေး၊ တစ်ကိုယ်ရေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ပညတ်တွေပါရှိတယ်။ အဲဒီအချိန်တုန်းက အစ္စရေးလူမျိုးတွေရဲ့ ပတ်ဝန်းကျင်နိုင်ငံကလူတွေဟာ ဒီအကြောင်းတွေကို မသိခဲ့ကြဘူး။ ကမ္ဘာမြေကြီးရဲ့ပုံသဏ္ဌာန်နဲ့ပတ်သက်ပြီး အလွဲလွဲအမှားမှား ထင်မြင်ယူဆနေချိန်မှာ ကျမ်းစာက ကမ္ဘာကြီးဟာ စက်ဝိုင်း၊ ဒါမှမဟုတ် စက်လုံးပုံသဏ္ဌာန်ရှိတယ်ဆိုပြီး ဖော်ပြခဲ့တယ်။ (ဟေရှာယ ၄၀:၂၂) လိပ်ကြီးတစ်ကောင်ပေါ်မှာရပ်နေတဲ့ ဆင်လေးကောင်က ကမ္ဘာကြီးကိုထမ်းထားတယ်လို့ လူတချို့ ယုံကြည်လက်ခံနေချိန်မှာ ကျမ်းစာက “မြေကြီးကို အခုအခံမရှိဆွဲထား” တယ်လို့ တိကျမှန်ကန်စွာ ပြောခဲ့တယ်။ (ယောဘ ၂၆:၇) သမ္မာကျမ်းစာဟာ သိပ္ပံပညာအကြောင်း ရှင်းပြတဲ့စာအုပ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သိပ္ပံပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ဖော်ပြတဲ့အခါ တိကျမှန်ကန်တယ်။ သမ္မာကျမ်းစာဟာ ဘုရားသခင်ထံကလာတဲ့စာအုပ်ဖြစ်လို့ ဒီလိုပဲဖြစ်ရမယ် မဟုတ်လား။

၉။ (က) သမ္မာကျမ်းစာဟာ သမိုင်းနဲ့ကိုက်ညီပြီး ယုံကြည်စိတ်ချရတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ခ) ကျမ်းရေးသူတွေရဲ့ရိုးသားမှုက ကျမ်းစာနဲ့ပတ်သက်ပြီး ဘာဖော်ပြသလဲ။

ကျမ်းစာမှတ်တမ်းတွေဟာ သမိုင်းနဲ့ကိုက်ညီပြီး ယုံကြည်စိတ်ချရတယ်။ ကျမ်းစာမှတ်တမ်းတွေက တိကျမှန်ကန်တယ်။ လူတွေရဲ့နာမည်ကိုပဲ ဖော်ပြတာမဟုတ်ဘဲ သူ့ရဲ့ဆွေစဉ်မျိုးဆက်ကိုပါ ဖော်ပြပေးတယ်။ * လောကသမိုင်းပညာရှင်တွေကတော့ သူတို့လူမျိုးရဲ့ ကျၡုံးမှုတွေကို ဖော်ပြလေ့မရှိဘူး၊ ဒါပေမဲ့ ကျမ်းစာရေးသူတွေဟာ သူတို့ကိုယ်တိုင်နဲ့ သူတို့လူမျိုးရဲ့ချို့ယွင်းချက်တွေကို အမှန်အတိုင်း ရိုးရိုးသားသားပဲ မှတ်တမ်းတင်ရေးသားကြတယ်။ သာဓကအနေနဲ့ တောလည်ရာကျမ်းမှာ ကျမ်းရေးသူမောရှေက သူကြီးလေးတဲ့အမှားလုပ်မိလို့ ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမခံခဲ့ရတဲ့အကြောင်း ဝန်ခံရေးသားထားတယ်။ (တောလည်ရာ ၂၀:၂-၁၂) အဲဒီလိုရိုးသားမှုမျိုးကို တခြားသမိုင်းမှတ်တမ်းတွေမှာ သိပ်မတွေ့ရဘူး၊ ကျမ်းစာမှာတော့ တွေ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစာအုပ်ဟာ ဘုရားသခင်ဆီကလာတဲ့အတွက်ကြောင့်ပဲ။

အကျိုးပြု ဉာဏ်ပညာပါတဲ့စာအုပ်

၁၀။ သမ္မာကျမ်းစာက ဘာကြောင့် လက်တွေ့ကျ အသုံးဝင်တဲ့စာအုပ်ဖြစ်သလဲ။

၁၀ သမ္မာကျမ်းစာဟာ ဘုရားသခင့်စွမ်းအားတော်တိုက်တွန်းမှုနဲ့ ရေးသားထားတဲ့အတွက် “သွန်သင်ခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်စေရန်ဆုံးမခြင်းတို့တွင် အကျိုးရှိ” တယ်။ (၂ တိမောသေ ၃:၁၆) ကျမ်းစာဟာ လက်တွေ့ကျ အသုံးဝင်တဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်။ လူတွေရဲ့သဘာဝကို အတွင်းကျကျ ဖော်ပြပေးတယ်။ ဒီအကြောင်းအရာတွေကို ရေးသားစေတဲ့ ယေဟောဝါဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်လို့ ဒီအချက်က အံ့ဩစရာမဟုတ်ပါဘူး။ ကျွန်ုပ်တို့ ဘာတွေစဉ်းစားနေတယ်၊ ဘယ်လိုခံစားနေရတယ် ဆိုတာကို ကျွန်ုပ်တို့ကိုယ်တိုင်ထက် ယေဟောဝါက ပိုသိတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ပျော်ရွှင်ဖို့ ဘယ်အရာလိုအပ်တယ်ဆိုတာကိုလည်း သိတယ်။ ကျွန်ုပ်တို့ရှောင်သင့်တဲ့ ဘဝလမ်းစဉ်တွေကိုလည်း ကိုယ်တော်သိတယ်။

၁၁၊ ၁၂။ (က) မဿဲအခန်းကြီး ၅-၇ မှာ ယေရှု ဘယ်အကြောင်းအရာတွေကို ပြောခဲ့သလဲ။ (ခ) ကျမ်းစာမှာ လက်တွေ့ကျတဲ့ တခြားဘယ်အကြောင်းအရာတွေကို သုံးသပ်ထားသလဲ၊ ကျမ်းစာမှာပါတဲ့ ဆုံးမစကားတွေက ဘာကြောင့် အမြဲလက်တွေ့ကျပြီး အသုံးဝင်သလဲ။

၁၁ မဿဲအခန်းကြီး ၅ ကနေ ၇ မှာ ပါတဲ့ ယေရှုပြောခဲ့တဲ့စကားတွေကို သုံးသပ်ကြည့်ပါ။ ဒီအကောင်းဆုံးသွန်သင်ချက်ထဲမှာ စစ်မှန်တဲ့ပျော်ရွှင်မှု ရှာတွေ့နည်း၊ အငြင်းပွားမှုဖြေရှင်းနည်း၊ ဆုတောင်းနည်း၊ ဥစ္စာပစ္စည်းတွေအပေါ် မှန်ကန်တဲ့သဘောထား စတဲ့အချက်တွေအပါအဝင် အကြောင်းအရာမျိုးစုံကို ယေရှုပြောခဲ့တယ်။ ဒီစကားတွေက ယနေ့အချိန်အထိ လက်တွေ့ကျ အသုံးဝင်နေဆဲပဲ။

၁၂ ကျမ်းစာမှာပါတဲ့ ကောင်းမြတ်တဲ့ကျင့်ဝတ်မူတချို့က မိသားစုဘဝ၊ အလုပ်အကိုင်၊ လူလူချင်းဆက်ဆံရေးတို့နဲ့ ပတ်သက်တယ်။ ကျမ်းစာမှာပါတဲ့ ကျင့်ဝတ်မူတွေဟာ လူတိုင်းနဲ့သက်ဆိုင်ပြီး အဲဒီမှာပါတဲ့ဆုံးမစကားတွေက အမြဲ အကျိုးရရှိစေတယ်။ ကျမ်းစာမှာပါတဲ့ ဉာဏ်ပညာက ကျွန်ုပ်တို့အတွက် အကျိုးရှိတယ်လို့ ပရောဖက်ဟေရှာယကတစ်ဆင့် ဘုရားသခင် ဒီလိုပြောခဲ့တယ်– “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။”—ဟေရှာယ ၄၈:၁၇

အနာဂတ်အကြောင်း ကြိုဟောတဲ့စာအုပ်

ကျမ်းရေးသူဟေရှာယက ဗာဗုလုန်ကျဆုံးခြင်းအကြောင်း ကြိုပြောခဲ့

၁၃။ ယေဟောဝါရဲ့စွမ်းအားတော်က ပရောဖက်ဟေရှာယကို ဗာဗုလုန်နဲ့ပတ်သက်တဲ့ ဘယ်အသေးစိတ်အချက်အလက်တွေကို ဖော်ပြခဲ့သလဲ။

၁၃ ကျမ်းစာမှာ အနာဂတ်အကြောင်း ကြိုဟောထားတာတွေ အများကြီးပါရှိပြီး အများစုက ဖြစ်ပြီးသွားပြီ။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ဗာဗုလုန်မြို့ ဖျက်ဆီးခံရမယ်ဆိုတာကို ပရောဖက်ဟေရှာယကတစ်ဆင့် ဘီစီ ရှစ်ရာစုမှာ ယေဟောဝါ ကြိုပြောခဲ့တယ်။ ပရောဖက်ဆိုတာက ဘုရားသခင့်သတင်းစကားကို လူတွေကို ပြောပြရသူဖြစ်တယ်။ (ဟေရှာယ ၁၃:၁၉; ၁၄:၂၂၊ ၂၃) မြို့ ဘယ်လိုသိမ်းပိုက်ခံရမယ်ဆိုတာ အသေးစိတ်ဖော်ပြထားတယ်။ ကျူးကျော်ဝင်ရောက်လာတဲ့စစ်တပ်တွေဟာ တိုက်ပွဲမဖြစ်ပွားဘဲ ဗာဗုလုန်မြစ်ရေကို ခန်းခြောက်စေပြီး မြို့တွင်းကို ချီတက်လာကြမယ်။ ဒါတင်မကသေးဘူး။ ဗာဗုလုန်ကို သိမ်းပိုက်မယ့်ဘုရင်ရဲ့နာမည်က ကုရုဖြစ်တယ်ဆိုတာကိုတောင် ပရောဖက်ဟေရှာယ ကြိုပြောခဲ့တယ်။—ဟေရှာယ ၄၄:၂၇–၄၅:၂ ကိုဖတ်ပါ

၁၄၊ ၁၅။ ဗာဗုလုန်နဲ့ပတ်သက်ပြီး ပရောဖက်ဟေရှာယ ကြိုတင်ဟောထားတဲ့အတိုင်း ဘယ်လို အသေးစိတ် ဖြစ်ပျက်ခဲ့သလဲ။

၁၄ အဲဒီလိုကြိုပြောပြီး နောက်နှစ်ပေါင်း ၂၀၀ လောက်ဖြစ်တဲ့ ဘီစီ ၅၃၉၊ အောက်တိုဘာ ၅ ရက် ညသန်းခေါင်ကျော်မှာ စစ်တပ်တစ်တပ်ဟာ ဗာဗုလုန်မြို့အနီးမှာ တပ်ချခဲ့တယ်။ စစ်တပ်ရဲ့တပ်မှူးက ဘယ်သူလဲ။ ပါးရှားဘုရင် ကုရုပါပဲ။ ဒီလိုနဲ့ ကြိုပြောထားတဲ့အဖြစ်အပျက်တစ်ခု တကယ်ဖြစ်ပျက်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒါပေမဲ့ ကြိုဟောထားတဲ့အတိုင်း ကုရုရဲ့စစ်တပ်ဟာ တိုက်ပွဲမဖြစ်ပွားဘဲ ဗာဗုလုန်မြို့ထဲ ဝင်လို့ရပါ့မလား။

၁၅ အဲဒီနေ့ညမှာ ဗာဗုလုန်မြို့သားတွေဟာ ပွဲလုပ်နေကြပြီး သူတို့ရဲ့ မြို့ရိုးကြီးကြောင့် လုံခြုံမှုရှိတယ်လို့ ယူမှတ်ခဲ့ကြတယ်။ အဲဒီအချိန်အတွင်းမှာ ကုရုက မြို့ကိုဖြတ်ပြီးစီးဆင်းတဲ့ မြစ်ရေကို လမ်းလွှဲလိုက်တယ်။ မကြာခင်မှာပဲ မြစ်ရေလျော့ကျသွားလို့ စစ်သားတွေဟာ မြစ်ကြမ်းပြင်ကိုဖြတ်ပြီး မြို့ရိုးအနား ချဉ်းကပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကုရုရဲ့စစ်တပ်က ဗာဗုလုန်မြို့ရိုးကို ဘယ်လိုကျော်ဖြတ်နိုင်မလဲ။ အဲဒီညမှာ အကြောင်းတစ်ခုခုကြောင့် မြို့ရဲ့ဂိတ်တံခါးကြီးတွေကို ပေါ့ပေါ့ဆဆ ဖွင့်ထားကြတယ်။

၁၆။ (က) ဗာဗုလုန်ရဲ့နောက်ဆုံးရလဒ်နဲ့ပတ်သက်ပြီး ဟေရှာယ ဘယ်လိုကြိုဟောခဲ့သလဲ။ (ခ) ဗာဗုလုန်ပျက်စီးခြင်းအကြောင်း ပရောဖက်ဟေရှာယ ကြိုပြောခဲ့တာတွေက ဘယ်လောက်အထိ မှန်ကန်ခဲ့သလဲ။

၁၆ ဗာဗုလုန်နဲ့ပတ်သက်ပြီး “ထိုမြို့၌ ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှ မနေရ။ ထိုမြို့၌ အာရပ်လူသည် တဲကိုမျှ မဆောက်ရ။ သိုးထိန်းတို့သည် သိုးခြံကိုမျှ မလုပ်ရကြ” လို့ကြိုဟောထားတယ်။ (ဟေရှာယ ၁၃:၂၀) မြို့တော်ပျက်စီးခြင်းအကြောင်းထက်မက ကြိုတင်ဟောခဲ့တယ်။ ဗာဗုလုန်ဟာ ထာဝစဉ် လူသူကင်းမဲ့တဲ့နေရာဖြစ်မယ်ဆိုပြီး ဖော်ပြထားတယ်။ ပြောတဲ့အတိုင်း တကယ်ဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထားကို သင် မြင်တွေ့နိုင်ပါတယ်။ အီရတ်နိုင်ငံ၊ ဘက်ဂဒက်မြို့တောင်ဘက် မိုင် ၅၀ ခန့်အကွာမှာရှိတဲ့ လူသူမနေထိုင်တဲ့ ရှေးဗာဗုလုန်မြို့ဟောင်းနေရာက “ဖျက်ဆီးခြင်း၏တံမြက်စည်းဖြင့် လှည်းမည်” လို့ ဟေရှာယကတစ်ဆင့် ယေဟောဝါပြောတဲ့အတိုင်း တကယ်ဖြစ်ခဲ့တယ်ဆိုတဲ့ သာဓကပဲ။—ဟေရှာယ ၁၄:၂၂၊ ၂၃ *

ဗာဗုလုန်အပျက်အယွင်းများ

၁၇။ သမ္မာကျမ်းစာမှာ ကြိုဟောထားတဲ့အချက်တွေ တကယ်ဖြစ်လာတာက ယုံကြည်ခြင်းကို ဘယ်လိုခိုင်ခံ့စေသလဲ။

၁၇ သမ္မာကျမ်းစာဟာ အနာဂတ်အကြောင်းကြိုပြောတဲ့ ယုံကြည်စိတ်ချရတဲ့ စာအုပ်ဖြစ်တယ်ဆိုတာကို လေ့လာတာက ယုံကြည်ခြင်းကို ခိုင်ခံ့စေပါတယ်။ ယေဟောဝါဘုရားသခင်ဟာ အတိတ်က ကိုယ်တော့်ကတိတော်တွေကို ပြည့်စုံစေခဲ့ပြီဖြစ်လို့ ကမ္ဘာမြေကြီးက သာယာလှပတဲ့ဥယျာဉ်လို ဖြစ်လာမယ်ဆိုတဲ့ ကတိတော်ကိုလည်း ပြည့်စုံစေမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ (တောလည်ရာ ၂၃:၁၉ ကိုဖတ်ပါ) ‘မုသားနှင့်ကင်းစင်တဲ့ဘုရားသခင် ရှေးကာလကတည်းက ကတိထား’ ခဲ့တဲ့ ထာဝရအသက်ကို ကျွန်ုပ်တို့ မျှော်လင့်နေကြတယ်။—တိတု ၁:၂ *

‘ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်၏’

၁၈။ တမန်တော်ပေါလုက “ဘုရားသခင်၏တရားစကားတော်” နဲ့ပတ်သက်ပြီး ဘယ်အချက်ကို အလေးအနက်ဖော်ပြခဲ့သလဲ။

၁၈ ဒီအခန်းမှာ လေ့လာခဲ့တာတွေက ကျမ်းစာဟာ အမှန်တကယ်ထူးခြားတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်ဆိုတာ အထင်အရှားဖော်ပြတယ်။ ဒါပေမဲ့ ကျမ်းစာရဲ့အဖိုးတန်မှုက ရှေ့နောက်ညီတာ၊ သိပ္ပံအရ၊ သမိုင်းအရ တိကျမှန်ကန်တာ၊ အကျိုးပြုတဲ့ဉာဏ်ပညာ၊ ယုံကြည်စိတ်ချရတဲ့ ကြိုတင်ဟောကြားချက် စတာတွေကြောင့်ပဲ မဟုတ်ပါဘူး။ ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏။ မည်သည့်သန်လျက်ထက်မဆို ထက်၍ လူ့အပြင်ပန်းနှင့် အတွင်းသဘောကိုလည်းကောင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ခွဲခြား၍ ထွင်းဖောက်တတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း ပိုင်းခြားသိမြင်တတ်၏။”—ဟေဗြဲ ၄:၁၂

၁၉၊ ၂၀။ (က) ကိုယ့်ကိုယ်ကိုဆန်းစစ်ဖို့ သမ္မာကျမ်းစာက ဘယ်လိုအထောက်အကူပြုနိုင်သလဲ။ (ခ) ဘုရားသခင်ပေးတဲ့ ထူးခြားတဲ့လက်ဆောင် သမ္မာကျမ်းစာအတွက် ကျေးဇူးတင်ကြောင်း သင် ဘယ်လိုဖော်ပြနိုင်သလဲ။

၁၉ ကျမ်းစာမှာပါတဲ့ ဘုရားသခင့် “စကားတော်” ဒါမှမဟုတ် သတင်းစကားကို ဖတ်ရှုခြင်းက ကျွန်ုပ်တို့ရဲ့အသက်တာကို ပြောင်းလဲစေနိုင်တယ်။ ပိုကောင်းတဲ့နည်းလမ်းနဲ့ ကိုယ့်ကိုယ်ကိုဆန်းစစ်ဖို့ အထောက်အကူပြုနိုင်တယ်။ ဘုရားသခင်ကိုချစ်ပါတယ်လို့ ကျွန်ုပ်တို့ ပြောကြမယ်၊ ဒါပေမဲ့ ဘုရားသခင့်စွမ်းအားတော်တိုက်တွန်းမှုနဲ့ ရေးသားထားတဲ့ ကျမ်းစာသွန်သင်ချက်တွေကို ကျွန်ုပ်တို့လိုက်နာခြင်း၊ မလိုက်နာခြင်းက ကျွန်ုပ်တို့ရဲ့တကယ့်စိတ်ကူး၊ နှလုံးအကြံအစည်အမှန်ကို ဖော်ပြပါလိမ့်မယ်။

၂၀ ကျမ်းစာက တကယ်ပဲ ဘုရားသခင်ထံကလာတဲ့စာအုပ် ဖြစ်တယ်။ ဖတ်ရှု၊ လေ့လာ၊ တန်ဖိုးထားအပ်တဲ့ စာအုပ်လည်းဖြစ်တယ်။ ကျမ်းစာပါအကြောင်းအရာတွေကို ဆက်ပြီး လေ့လာခြင်းအားဖြင့် ဘုရားသခင်ပေးတဲ့ ဒီလက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြပါ။ အဲဒီအတိုင်းလုပ်မယ်ဆိုရင် လူသားတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကို သင် ကောင်းကောင်း နားလည်လာပါလိမ့်မယ်။ အဲဒီရည်ရွယ်ချက်က ဘာလဲ၊ ဘယ်လိုပြည့်စုံလာမလဲဆိုတာကို နောက်အခန်းမှာ လေ့လာမယ်။

^ စာပိုဒ်၊ 6 ကျမ်းစာရဲ့အပိုင်းတချို့ဟာ တခြားအပိုင်းတွေနဲ့ မကိုက်ညီဘူးလို့ တချို့သူတွေပြောကြပေမဲ့ ဒီပြောဆိုချက်တွေက အခြေအမြစ်မရှိဘူး။ ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်တော်လော၊ လူ့နှုတ်ထွက်လောစာအုပ် အခန်း ၇ ကိုကြည့်ပါ။

^ စာပိုဒ်၊ 9 ဥပမာ၊ ယေရှုရဲ့ဆွေစဉ်မျိုးဆက်စာရင်း အသေးစိတ်ကို လုကာ ၃:၂၃-၃၈ မှာ ဖော်ပြထားတယ်။

^ စာပိုဒ်၊ 16 သမ္မာကျမ်းစာမှာပါတဲ့ ကြိုတင်ဟောကြားချက်တွေနဲ့ပတ်သက်ပြီး ထပ်ဆင့်အချက်အလက်တွေကို ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ် ဆိုတဲ့စာစောင် စာမျက်နှာ ၂၇-၉ မှာကြည့်ပါ။

^ စာပိုဒ်၊ 17 ဗာဗုလုန်ပျက်စီးခြင်းက ဖြစ်ပျက်ခဲ့ပြီးသား ကျမ်းစာကြိုတင်ဟောကြားချက်တွေထဲက တစ်ခုလောက်ပဲဖြစ်တယ်။ တခြားဥပမာတွေထဲမှာ တုရုနဲ့ နိနေဝေမြို့ ပျက်စီးခြင်းလည်း ပါဝင်တယ်။ (ယေဇကျေလ ၂၆:၁-၅; ဇေဖနိ ၂:၁၃-၁၅) ဒါ့အပြင် ဒံယေလရဲ့ ကြိုတင်ဟောကြားချက်မှာ ဗာဗုလုန်အင်ပါယာရဲ့နောက်ပိုင်း ပေါ်လာမယ့် ကမ္ဘာ့အင်ပါယာတွေကို အစဉ်အတိုင်း ကြိုဟောထားတယ်။ အဲဒီအထဲမှာ မီဒို-ပါးရှားနဲ့ ဂရိပါတယ်။ (ဒံယေလ ၈:၅-၇၊ ၂၀-၂၂) ယေရှုခရစ်မှာပြည့်စုံခဲ့တဲ့ ကြိုတင်ဟောကြားချက်တွေအကြောင်း ဆွေးနွေးတင်ပြချက်ကို နောက်ဆက်တွဲ “ယေရှုခရစ်—ကျမ်းစာမှာကြိုဟောထားတဲ့မေရှိယ” မှာ ကြည့်ပါ။