မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ဆယ့်သုံး

အသက်နဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်

အသက်နဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်
  • အသက်ကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ။

  • ကိုယ်ဝန်ဖျက်ချတာကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ။

  • အသက်ကိုလေးမြတ်ကြောင်း ကျွန်ုပ်တို့ ဘယ်လိုတင်ပြနိုင်သလဲ။

၁။ သက်ရှိအားလုံးကို ဘယ်သူဖန်ဆင်းခဲ့သလဲ။

‘ယေဟောဝါဟာ မှန်တဲ့ဘုရား၊ အသက်ရှင်တဲ့ဘုရားဖြစ်’ တယ်လို့ ပရောဖက်ယေရမိ ပြောခဲ့တယ်။ (ယေရမိ ၁၀:၁၀) ဒါ့အပြင် ယေဟောဝါဘုရားသခင်ဟာ သက်ရှိအားလုံးကို ဖန်ဆင်းတဲ့သူဖြစ်တယ်။ ကောင်းကင်သတ္တဝါတွေက “ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိ” ကြတယ်လို့ ပြောခဲ့တယ်။ (ဗျာဒိတ် ၄:၁၁) ဘုရားသခင်ကိုချီးမွမ်းတဲ့ သီချင်းတစ်ပုဒ်မှာ ဘုရင်ဒါဝိဒ်က “ကိုယ်တော်ဟာ အသက်ရဲ့ပင်ရင်းဖြစ်တယ်” လို့စပ်ဆိုခဲ့တယ်။ (ဆာလံ ၃၆:၉ကဘ) ဒါကြောင့် အသက်ဆိုတာ ဘုရားသခင်ပေးတဲ့ ဆုကျေးဇူးဖြစ်တယ်။

၂။ ကျွန်ုပ်တို့ ဆက်အသက်ရှင်ဖို့ ဘုရားသခင် ဘာလုပ်ပေးထားသလဲ။

ကျွန်ုပ်တို့ အသက်ဆက်ရှင်နိုင်ဖို့လည်း ယေဟောဝါ ပြုလုပ်ပေးတယ်။ (တမန်တော် ၁၇:၂၈) ကျွန်ုပ်တို့စားဖို့ အစားအစာ၊ သောက်သုံးဖို့ ရေ၊ ရှူဖို့ လေနဲ့ နေထိုင်ဖို့ မြေကြီးကိုပါ ပြင်ဆင်ပေးတယ်။ (တမန်တော် ၁၄:၁၅-၁၇ ကိုဖတ်ပါ။) ဘဝကိုပျော်စရာဖြစ်စေဖို့ ဒါတွေကို ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ ဒါပေမဲ့ ဘဝမှာအပြည့်အဝပျော်ရွှင်ဖို့ ဘုရားသခင့်ပညတ်တော်တွေကိုလေ့လာပြီး အဲဒီအတိုင်း လိုက်လျှောက်ဖို့လိုတယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈

အသက်ကိုလေးမြတ်ကြောင်း တင်ပြပါ

၃။ အာဗေလကို သတ်လိုက်တာကို ယေဟောဝါ ဘယ်လိုရှုမြင်ခဲ့သလဲ။

ဘုရားသခင်က ကျွန်ုပ်တို့ကို ကိုယ့်ရဲ့အသက်ကိုရော တခြားသူတွေရဲ့အသက်ကိုပါ လေးမြတ်စေချင်တယ်။ သာဓကအနေနဲ့ အာဒံနဲ့ဧဝအချိန်ကို ပြန်ကြည့်တဲ့အခါ အာဒံနဲ့ဧဝရဲ့သား ကာဣနက ညီဖြစ်သူအာဗေလကို အရမ်းဒေါသထွက်ခဲ့တယ်။ ဒေါသထွက်ရင် ကြီးလေးတဲ့အပြစ် ပြုမိနိုင်တယ်ဆိုပြီး ကာဣနကို ယေဟောဝါသတိပေးခဲ့တယ်။ ကာဣနက သတိပေးချက်ကို နားမထောင်ခဲ့ဘူး။ သူက “ညီအာဗေလကို ရန်ဘက်ပြု၍သတ်” လိုက်တယ်။ (ကမ္ဘာဦး ၄:၃-၈) ညီဖြစ်သူကို သတ်လိုက်တဲ့အတွက် ကာဣနကို ယေဟောဝါ အပြစ်ပေးခဲ့တယ်။—ကမ္ဘာဦး ၄:၉-၁၁

၄။ မောရှေပညတ်မှာ အသက်နဲ့ပတ်သက်ပြီး ဘုရားသခင် ဘယ်လိုဖော်ပြခဲ့သလဲ။

အဲဒီလိုဖြစ်ပြီးလို့ နှစ်ပေါင်း ၂,၄၀၀ လောက်ကြာပြီးတဲ့နောက်မှာ အစ္စရေးလူတွေ ယေဟောဝါကို နည်းမှန်လမ်းကျဝတ်ပြုနိုင်ဖို့ သူတို့ကို ပညတ်တွေပေးခဲ့တယ်။ အဲဒီပညတ်တွေကို ပရောဖက်မောရှေကတစ်ဆင့် ပေးခဲ့လို့ တစ်ခါတလေ အဲဒါကို မောရှေပညတ်လို့ ခေါ်ကြတယ်။ မောရှေပညတ်ရဲ့ အပိုင်းတစ်ပိုင်းမှာ “လူ့အသက်ကို မသတ်နှင့်” လို့ဖော်ပြထားတယ်။ (တရားဟောရာ ၅:၁၇) ဒါက ဘုရားသခင်ဟာ လူ့အသက်ကို တန်ဖိုးထားကြောင်း၊ လူတွေကလည်း တခြားသူတွေရဲ့အသက်ကို တန်ဖိုးထားရမှာဖြစ်ကြောင်း အစ္စရေးလူမျိုးကို အသိပေးတာဖြစ်တယ်။

၅။ ကိုယ်ဝန်ဖျက်ချတာကို ကျွန်ုပ်တို့ ဘယ်လိုရှုမြင်သင့်သလဲ။

မမွေးသေးတဲ့ကလေးရဲ့ အသက်နဲ့ပတ်သက်ပြီးတော့ကော။ မောရှေပညတ်မှာ ဒီလိုပြောတယ်– “ယောက်ျားချင်း ခိုက်ရန်ဖြစ်တဲ့အခါ ကိုယ်ဝန်ဆောင်မိန်းမကို ထိခိုက်မိပြီး လမစေ့ဘဲ သားဖွားလိုက်ရတယ်။ ဒါပေမဲ့ သေလောက်တဲ့ဒဏ်ရာမရဘူးဆိုရင် ထိခိုက်အောင်လုပ်တဲ့သူက တရားသူကြီးတွေရဲ့ သဘောတူညီချက်အရ အဲဒီမိန်းမရဲ့ယောက်ျား တောင်းတဲ့အတိုင်း လျော်ကြေးပေးရမယ်။ ဒါပေမဲ့ သေလောက်တဲ့ဒဏ်ရာရခဲ့ရင် အသက်အတွက် အသက်ကိုပေးရမယ်။” (ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃ကဘ တို့ကိုဖတ်ပါ။) မောရှေပညတ်အရ မိခင်ရဲ့သားအိမ်အတွင်းမှာရှိတဲ့ ကလေးငယ်ကို သေစေခြင်းက မှားတဲ့လုပ်ရပ်ဖြစ်တယ်။ မမွေးသေးတဲ့ကလေးရဲ့ အသက်တောင်မှ ယေဟောဝါအတွက် တန်ဖိုးရှိတယ်။ (ဆာလံ ၁၂၇:၃) ဒါက ကိုယ်ဝန်ဖျက်ချတာ မှားတယ်ဆိုတာ ဖော်ပြတယ်။

၆။ ကျွန်ုပ်တို့ ဘာကြောင့် လူတွေကို မမုန်းသင့်တာလဲ။

အသက်ကိုလေးမြတ်ခြင်းထဲမှာ လူသားချင်းကို မှန်ကန်စွာရှုမြင်ခြင်း ပါဝင်တယ်။ သမ္မာကျမ်းစာက “မိမိညီအစ်ကိုကို မုန်းသောသူတိုင်း လူ့အသက်ကို သတ်သောသူဖြစ်၏။ လူ့အသက်ကို သတ်သောသူ၌ ထာဝရအသက်မတည်ကြောင်း သင်တို့သိကြ၏” လို့ပြောတယ်။ (၁ ယောဟန် ၃:၁၅) ကျွန်ုပ်တို့ထာဝရအသက်ရချင်တယ်ဆိုရင် လူလူချင်းမုန်းတီးတာကို ကျွန်ုပ်တို့စိတ်နှလုံးထဲကနေ ထုတ်ပစ်ရမယ်၊ အကြောင်းကတော့ မုန်းတီးခြင်းက လူသတ်မှု ဖြစ်စေနိုင်လို့ပဲ။ (၁ ယောဟန် ၃:၁၁၊ ၁၂) တစ်ဦးကိုတစ်ဦး ချစ်တတ်အောင် သင်ယူဖို့ အရေးကြီးတယ်။

၇။ အသက်ကိုတန်ဖိုးမထားကြောင်း ဖော်ပြတဲ့ အမူအကျင့်တချို့က ဘာတွေလဲ။

ကိုယ့်အသက်ကို လေးမြတ်ကြောင်းတင်ပြခြင်းနဲ့ ပတ်သက်ပြီးတော့ကော။ ပုံမှန်ဆိုရင်တော့ လူတွေက မသေချင်ကြဘူး၊ ဒါပေမဲ့ လူတချို့က ပျော်ရွှင်မှုရဖို့ အသက်အန္တရာယ်ရှိတဲ့အရာတွေကို ပြုလုပ်ကြတယ်။ ဥပမာ၊ လူများစွာက ဆေးရွက်ကြီးသုံးကြတယ်၊ ကွမ်းဝါးကြတယ်၊ အပျော်သဘောနဲ့ မူးယစ်ဆေးဝါးတွေ သုံးကြတယ်။ အဲဒါတွေက ခန္ဓာကိုယ်ကို ပျက်စီးစေပြီး သုံးစွဲသူရဲ့အသက်ကိုတောင် သေဆုံးစေတယ်။ အဲဒီအရာတွေကိုသုံးစွဲသူဟာ အသက်ကို မြင့်မြတ်တဲ့အရာအဖြစ် မရှုမြင်သူဖြစ်တယ်။ အဲဒါတွေက ဘုရားသခင့်အမြင်မှာ မသန့်ရှင်းတဲ့အကျင့်တွေဖြစ်တယ်။ (ရောမ ၆:၁၉; ၁၂:၁; ၂ ကောရိန္သု ၇:၁ တို့ကိုဖတ်ပါ။) ကျွန်ုပ်တို့ဟာ ဘုရားသခင်နှစ်သက်လက်ခံတဲ့နည်းနဲ့ ကိုယ်တော့်ကိုဝတ်ပြုနိုင်ဖို့ အဲဒီအကျင့်တွေကို စွန့်ပစ်ရမယ်။ အဲဒီလိုလုပ်ဖို့ ခက်ကောင်းခက်မှာဖြစ်ပေမဲ့ ယေဟောဝါက ကျွန်ုပ်တို့လိုအပ်တဲ့အကူအညီ ပေးနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့အသက်ကို ဘုရားသခင်ထံကရတဲ့ ဆုကျေးဇူးအဖြစ်ရှုမြင်ပြီး အဲဒီရှုမြင်ချက်နဲ့အညီ အသက်ရှင်နေထိုင်ဖို့ ကြိုးစားအားထုတ်တာကို ကိုယ်တော်တန်ဖိုးထားတယ်။

၈။ ဘေးကင်းရေးကို ဘာကြောင့် အလေးထားဖို့လိုသလဲ။

ကျွန်ုပ်တို့က အသက်ကို လေးမြတ်တန်ဖိုးထားတယ်ဆိုရင် ဘေးကင်းလုံခြုံမှုကို အမြဲဦးစားပေးရမယ်ဆိုတာ စိတ်စွဲမှတ်ထားရမယ်။ ပေါ့ဆမှု၊ အပျော်အပါး ဒါမှမဟုတ် စိတ်လှုပ်ရှားမှုအတွက် စွန့်စားတာမျိုး ကျွန်ုပ်တို့ လုပ်မှာမဟုတ်ဘူး။ မဆင်မခြင်ကားမောင်းတာ၊ ကြမ်းတမ်းတဲ့ ဒါမှမဟုတ် အသက်အန္တရာယ်ရှိတဲ့ အားကစားနည်းတွေကို ရှောင်မှာဖြစ်တယ်။ (ဆာလံ ၁၁:၅) ရှေးခေတ်အစ္စရေးလူမျိုးကိုပေးတဲ့ ဘုရားသခင့်ပညတ်မှာ ဒီလိုဖော်ပြထားတယ်– “အိမ်သစ်ဆောက်တဲ့အခါ အိမ်မိုးပတ်လည်မှာ နံရံနိမ့်လုပ်ရမယ်။ အိမ်မိုးပေါ်ကနေ တစ်ယောက်ယောက် ပြုတ်ကျလို့ သင့်အိမ်သားတွေအပေါ် သွေးပြစ်သင့်တာမျိုး မဖြစ်စေဖို့ပဲ။” (တရားဟောရာ ၂၂:၈ကဘ) ဒီပညတ်မှာဖော်ပြထားတဲ့မူအရ သင့်အိမ်ကိုလာလည်တဲ့သူ တစ်ယောက်ယောက် ခလုတ်တိုက်လဲ၊ ချော်ကျပြီး ပြင်းထန်တဲ့အနာတရမဖြစ်စေဖို့ လှေကား စတဲ့အရာတွေက ခိုင်ခိုင်ခံ့ခံ့ ရှိရမှာဖြစ်တယ်။ ကိုယ်ပိုင်ကား ဒါမှမဟုတ် မော်တော်ဆိုင်ကယ်ရှိတယ်ဆိုရင် သင့်ယာဉ်ဟာ ဘေးကင်းစွာမောင်းနိုင်တဲ့ အခြေအနေမှာရှိကြောင်း သေချာစေပါ။ သင့်အိမ် ဒါမှမဟုတ် သင့်ကား၊ မော်တော်ဆိုင်ကယ်ကြောင့် သင်နဲ့တခြားသူတွေကို အန္တရာယ်မဖြစ်ပါစေနဲ့။

၉။ အသက်ကိုလေးမြတ်တယ်ဆိုရင် တိရစ္ဆာန်တွေကို ကျွန်ုပ်တို့ ဘယ်လိုပြုမူမလဲ။

တိရစ္ဆာန်တွေရဲ့အသက်နဲ့ ပတ်သက်ပြီးတော့ကော။ တိရစ္ဆာန်အသက်ကလည်း ဖန်ဆင်းရှင်အတွက် မြင့်မြတ်ပါတယ်။ လူတွေ စားဖို့၊ ဝတ်ဖို့ ဒါမှမဟုတ် အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် တိရစ္ဆာန်တွေကို သတ်ဖြတ်တာကို ဘုရားသခင်ခွင့်ပြုခဲ့တယ်။ (ကမ္ဘာဦး ၃:၂၁; ၉:၃; ထွက်မြောက်ရာ ၂၁:၂၈) ဒါပေမဲ့ တိရစ္ဆာန်တွေကို မညှာမတာ နှိပ်စက်ညှဉ်းဆဲတာ၊ အပျော်သဘောနဲ့ သတ်ဖြတ်တာကမှားတယ်၊ အသက်ရဲ့မြင့်မြတ်မှုကို လုံးဝအလေးမထားကြောင်း ဖော်ပြရာရောက်တယ်။—သုတ္တံ ၁၂:၁၀

သွေးကိုလေးမြတ်ကြောင်း တင်ပြပါ

၁၀။ အသက်နဲ့အသွေးက ဆက်နွှယ်နေတယ်ဆိုတာ ဘုရားသခင် ဘယ်လိုဖော်ပြခဲ့သလဲ။

၁၀ အာဗေလကို ကာဣနသတ်ပြီးတဲ့နောက် ကာဣနကို ယေဟောဝါက “သင့်ညီအသွေး၏အသံသည် မြေထဲက ငါ့ကိုအော်ဟစ်လျက် ရှိသည်” လို့ပြောခဲ့တယ်။ (ကမ္ဘာဦး ၄:၁၀) ဘုရားသခင်ပြောတဲ့ အာဗေလရဲ့အသွေးဆိုတာက အာဗေလရဲ့အသက်ကို ဆိုလိုတာဖြစ်တယ်။ ကာဣနက အာဗေလကိုသတ်ခဲ့တဲ့အတွက် အခု ကာဣန အပြစ်ပေးခံရတော့မယ်။ တရားမျှတစွာစီရင်ပေးဖို့ အာဗေလရဲ့အသွေး၊ ဒါမှမဟုတ် အသက်က ယေဟောဝါကို ဟစ်ခေါ်နေသလို ဖြစ်တယ်။ အသက်နဲ့အသွေးက ဆက်စပ်မှုရှိတယ်ဆိုတာ နောဧခေတ် ရေလွှမ်းမိုးပြီးတဲ့နောက်မှာ ထပ်မံဖော်ပြခဲ့တယ်။ ရေလွှမ်းမိုးဘေးမတိုင်ခင်က လူတွေဟာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံနဲ့ အစေ့အဆန်တွေကိုပဲ စားသုံးခဲ့ကြတယ်။ ရေလွှမ်းမိုးဘေးပြီးတဲ့နောက် ယေဟောဝါက နောဧနဲ့သူ့သားတွေကို “အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည် အသီးအရွက်ကဲ့သို့ သင်တို့စားစရာဖို့ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏” လို့ပြောခဲ့တယ်။ ဒါပေမဲ့ “သွေးကအသက်ဖြစ်လို့ သွေးပါတဲ့အသားကိုတော့ သင်တို့ မစားရဘူး” ဆိုပြီး ဘုရားသခင်တားမြစ်ခဲ့တယ်။ (ကမ္ဘာဦး ၁:၂၉; ၉:၃၊ ၄ကဘ) ရှင်းနေတာက ယေဟောဝါရဲ့အမြင်မှာ သတ္တဝါတွေရဲ့ အသက်နဲ့အသွေးက ဆက်နွှယ်နေတယ်။

၁၁။ နောဧခေတ်ကတည်းကစပြီး သွေးအသုံးပြုခြင်းကို ဘုရားသခင် ဘယ်လိုတားမြစ်ခဲ့သလဲ။

၁၁ ကျွန်ုပ်တို့က သွေးကိုမစားသုံးခြင်းအားဖြင့် သွေးကိုလေးမြတ်ကြောင်း တင်ပြကြတယ်။ အစ္စရေးလူတွေကို ယေဟောဝါပေးတဲ့ ပညတ်မှာ ဒီလိုမိန့်မှာထားတယ်– “တစ်စုံတစ်ယောက်သည် မုဆိုးလုပ်၍ စားစရာဖို့ သား၊ ငှက်ကိုဖမ်းမိလျှင် အသွေးကိုသွန်၍ မြေနှင့်ဖုံးရမည်။ . . . ‘ထိုကြောင့် သင်တို့သည် တစ်စုံတစ်ခုသော ကိုယ်ခန္ဓာ၏အသွေးကို မစားရ’ ဟု ဣသရေလအမျိုးသားတို့အား ငါအမိန့်တော်ရှိ၏။” (ဝတ်ပြုရာ ၁၇:၁၃၊ ၁၄) တိရစ္ဆာန်အသွေးမစားရဆိုတဲ့ပညတ်ကို အစ္စရေးလူမျိုးမတိုင်ခင် အနှစ် ၈၀၀ ခန့်က နောဧကို ဘုရားသခင် ဦးဆုံးပေးခဲ့တယ်။ အဲဒီပညတ်က ဆက်တည်ရှိနေဆဲဖြစ်တယ်။ ယေဟောဝါရဲ့အမြင်က ရှင်းပါတယ်– ကိုယ်တော့်ကျေးကျွန်တွေဟာ တိရစ္ဆာန်အသားကို စားနိုင်တယ်၊ အသွေးကိုတော့ မစားရဘူး။ အသွေးကို မြေပေါ်သွန်ခဲ့ကြရတယ်၊ ဒါက သတ္တဝါတွေရဲ့အသက်ကို ဘုရားသခင်ထံ ပြန်ပေးခြင်းဖြစ်တယ်။

၁၂။ ပထမရာစုနဲ့ ယနေ့ထိတိုင် သက်ဆိုင်နေဆဲဖြစ်တဲ့ သွေးနဲ့ပတ်သက်တဲ့ ဘယ်ပညတ်ကို သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ပေးခဲ့သလဲ။

၁၂ ခရစ်ယာန်တွေမှာလည်း အလားတူပညတ်ရှိတယ်။ ပထမရာစုအချိန်မှာ ယေရှုရဲ့နောက်လိုက်တွေကိုဦးဆောင်တဲ့ တမန်တော်တွေနဲ့ တခြားအမျိုးသားတွေက ခရစ်ယာန်အသင်းသားအားလုံး ဘယ်ပညတ်တွေကို နာခံသင့်ကြောင်းဆုံးဖြတ်ဖို့ စုဝေးခဲ့ကြတယ်။ သူတို့ ဒီလိုဆုံးဖြတ်ခဲ့ကြတယ်– ‘လိုက်နာအပ်သော ဤအရာများမှတစ်ပါး အခြားသောဝန်ကို သင်တို့အပေါ်ထပ်မတင်ရန် သန့်ရှင်းသောစွမ်းအားတော်နှင့် ငါတို့သည် သဘောတူကြ၏။ ရုပ်ပုံရှေ့ပူဇော်ထားရာများ၊ သွေး၊ လည်ညှစ်သတ်သော [အသားထဲမှာ အသွေးရှိနေသော] တိရစ္ဆာန်များ၊ မတရားမေထုန်ပြုခြင်းစသည်တို့ကို ကြဉ်ရှောင်လျက်နေရမည်။’ (တမန်တော် ၁၅:၂၈၊ ၂၉; ၂၁:၂၅) ဒါကြောင့် ကျွန်ုပ်တို့က ‘သွေးကို ကြဉ်ရှောင်လျက်နေရ’ မယ်။ ဘုရားသခင့်အမြင်မှာ သွေးကိုရှောင်ခြင်းက ရုပ်ပုံကိုးကွယ်ခြင်း၊ လိင်အကျင့်ယိုယွင်းခြင်းတို့ကို ရှောင်ခြင်းလိုပဲ အရေးကြီးတယ်။

ဆရာဝန်က သင့်ကို အရက်ရှောင်ပါလို့ပြောရင် အရက်ကို သင့်သွေးကြောထဲ သွင်းမလား

၁၃။ သွေးကိုကြဉ်ရှောင်ခြင်းပညတ်မှာ ဘာကြောင့် သွေးသွင်းခြင်းပါဝင်သလဲဆိုတာ ရှင်းပြပါ။

၁၃ သွေးကိုကြဉ်ရှောင်ခြင်းပညတ်မှာ သွေးသွင်းတာပါသလား။ ပါပါတယ်။ ဥပမာ၊ ဆရာဝန်က သင့်ကို အရက်ရှောင်ရမယ်လို့ ပြောတယ်ဆိုပါစို့။ ဒါက အရက်ကိုမသောက်ဘဲ သွေးကြောထဲသွင်းနိုင်တယ်လို့ ဆိုလိုတာလား။ မဟုတ်ပါဘူး။ အဲဒီလိုပဲ သွေးကိုကြဉ်ရှောင်ခြင်းဆိုတာက ကျွန်ုပ်တို့ရဲ့ကိုယ်ခန္ဓာထဲ ဘယ်နည်းနဲ့မှ အဝင်မခံခြင်းဖြစ်တယ်။ ဒါကြောင့် သွေးကိုကြဉ်ရှောင်ခြင်းပညတ်က ကျွန်ုပ်တို့ရဲ့သွေးကြောထဲ သွေးသွင်းဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုခြင်းဖြစ်တယ်။

၁၄၊ ၁၅။ ဆရာဝန်တွေက သွေးသွင်းရမယ်လို့ ပြောတဲ့အခါ ခရစ်ယာန်တစ်ဦး ဘယ်လိုတုံ့ပြန်မလဲ၊ ဘာကြောင့်လဲ။

၁၄ ခရစ်ယာန်တစ်ဦးက အပြင်းအထန် ထိခိုက်ဒဏ်ရာရတယ် ဒါမှမဟုတ် အကြီးစားခွဲစိတ်မှုလုပ်ဖို့ လိုအပ်လာတယ်ဆိုရင်ကော။ သွေးသွင်းရမယ်၊ သွေးမသွင်းရင် သေမယ်ဆိုပြီး ဆရာဝန်တွေက ပြောတယ်ဆိုရင်ကော။ တကယ်တော့ ခရစ်ယာန်ဖြစ်သူဟာ မသေချင်ပါဘူး။ ဘုရားသခင်ပေးတဲ့ အသက်ဆုကျေးဇူးကို ကာကွယ်ဖို့ကြိုးစားရာမှာ သွေးသွင်းခြင်းမပါတဲ့ တခြားကုသနည်းတွေကို လက်ခံမှာဖြစ်တယ်။ ဒါကြောင့် ရနိုင်မယ်ဆိုရင် အဲဒီလိုဆေးကုသမှုကို ရှာဖွေပြီး သွေးအစား တခြားနည်းတစ်မျိုးမျိုးကို လက်ခံမှာဖြစ်တယ်။

၁၅ ခရစ်ယာန်တစ်ဦးက ဒီလောကစနစ်မှာ အသက်အနည်းငယ် ထပ်ရှည်ဖို့အတွက် ဘုရားသခင့်ပညတ်ကို ချိုးဖောက်မလား။ ယေရှုက “မိမိအသက်ကို ကယ်လိုသောသူတိုင်း အသက်ၡုံးလိမ့်မည်။ ငါ့ကြောင့် အသက်ၡုံးသောသူတိုင်း အသက်ကို တွေ့လိမ့်မည်” လို့ပြောခဲ့တယ်။ (မဿဲ ၁၆:၂၅) ကျွန်ုပ်တို့ မသေချင်ကြပါဘူး။ ဒါပေမဲ့ ဘုရားသခင့်ပညတ်ကိုချိုးဖောက်ပြီး လက်ရှိအသက်ကိုကယ်ဖို့ ကြိုးစားမယ်ဆိုရင် ထာဝရအသက်ဆုံးၡုံးမယ့် အန္တရာယ်ရှိတယ်။ ဘုရားသခင့်ပညတ်တွေက ဖြောင့်မတ်မှန်ကန်တယ်ဆိုပြီး ယုံကြည်စိတ်ချတာက ပညာရှိရာကျတယ်၊ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့် ကျွန်ုပ်တို့သေဆုံးသွားမယ်ဆိုရင်တောင် ကျွန်ုပ်တို့ရဲ့အသက်ပေးရှင်က လူသေတွေကို အသက်ပြန်ရှင်အောင်လုပ်ပေးတဲ့အချိန်မှာ ကျွန်ုပ်တို့ကိုသတိရမယ်၊ အဖိုးထိုက်အသက်ဆုကို ပြန်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါ။—ယောဟန် ၅:၂၈၊ ၂၉; ဟေဗြဲ ၁၁:၆

၁၆။ ဘုရားသခင့်ကျေးကျွန်တွေက သွေးနဲ့ပတ်သက်ပြီး ဘယ်လို အခိုင်အမာ ဆုံးဖြတ်ချက်ချထားကြသလဲ။

၁၆ ယနေ့ ဘုရားသခင်ရဲ့ သစ္စာရှိကျေးကျွန်တွေက သွေးနဲ့ပတ်သက်တဲ့ ကိုယ်တော့်ညွှန်ကြားချက်ကိုလိုက်နာဖို့ အခိုင်အမာဆုံးဖြတ်ထားကြတယ်။ သူတို့တွေက ဘယ်နည်းနဲ့မှ သွေးကို စားကြမှာမဟုတ်ဘူး။ ဆေးကုသမှုခံယူတဲ့အခါမှာလည်း သွေးသွင်းမှာမဟုတ်ဘူး။ * သူတို့အတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာကို သွေးကိုဖန်ဆင်းတဲ့အရှင် သိတယ်ဆိုတာ သူတို့ယုံကြည်စိတ်ချကြတယ်။ သင်ရော အဲဒီလို ယုံကြည်ပါသလား။

သွေးကို မှန်မှန်ကန်ကန် အသုံးပြုနိုင်တဲ့ တစ်ခုတည်းသောနည်း

၁၇။ ရှေးအစ္စရေးခေတ်မှာ ယေဟောဝါဘုရားသခင်လက်ခံတဲ့ တစ်ခုတည်းသော သွေးအသုံးပြုနည်းက ဘာလဲ။

၁၇ မောရှေပညတ်မှာ သွေးကို မှန်မှန်ကန်ကန် အသုံးပြုနိုင်တဲ့ တစ်ခုတည်းသောနည်းကို အလေးပေးဖော်ပြခဲ့တယ်။ ဝတ်ပြုရေးနဲ့ပတ်သက်ပြီး ရှေးအစ္စရေးလူမျိုးကို ယေဟောဝါ ဒီလို တောင်းဆိုခဲ့တယ်– “ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ သင်တို့ပြုသောအပြစ်ကိုဖြေစေခြင်းငှာ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကား အသွေးဖြစ်သတည်း။” (ဝတ်ပြုရာ ၁၇:၁၁) အစ္စရေးလူတွေ အပြစ်ပြုမိတဲ့အခါ တိရစ္ဆာန်တစ်ကောင်ကို ယဇ်ပူဇော်ပြီး အကောင်ရဲ့အသွေးတချို့ကို ဝတ်ပြုရာတဲတော်မှာရှိတဲ့ ယဇ်ပလ္လင်၊ နောက်ပိုင်းမှာ ဗိမာန်တော်မှာရှိတဲ့ ယဇ်ပလ္လင်ပေါ်ဖျန်းခြင်းအားဖြင့် ဘုရားသခင့် ခွင့်လွှတ်မှုရနိုင်ကြတယ်။ သွေးကို မှန်မှန်ကန်ကန်အသုံးပြုနိုင်တဲ့ တစ်ခုတည်းသောနည်းကတော့ ယဇ်ပူဇော်တဲ့အခါ အဲဒီလိုအသုံးပြုခြင်း ဖြစ်တယ်။

၁၈။ ယေရှုအသွေးသွန်းလောင်းခဲ့တဲ့အတွက် ကျွန်ုပ်တို့ ဘာအကျိုးကျေးဇူးတွေ၊ ကောင်းချီးတွေ ရရှိနိုင်သလဲ။

၁၈ ခရစ်ယာန်စစ်တွေက မောရှေပညတ်အတိုင်း လိုက်စရာမလိုတော့တဲ့အတွက် တိရစ္ဆာန်ယဇ်ပူဇော်ပြီး အသွေးကို ယဇ်ပလ္လင်ပေါ်မှာဖျန်းဖို့ မလိုတော့ဘူး။ (ဟေဗြဲ ၁၀:၁) ဒါပေမဲ့ ရှေးအစ္စရေးခေတ်တုန်းက ယဇ်ပလ္လင်မှာသွေးကိုအသုံးပြုခဲ့တာက ဘုရားသခင့်သားတော်၊ ယေရှုခရစ်ရဲ့ တန်ဖိုးကြီးတဲ့ပူဇော်သက္ကာကို ကြိုတင်ဖော်ပြခဲ့ခြင်းဖြစ်တယ်။ ဒီစာအုပ်ရဲ့ အခန်း ၅ မှာ ကျွန်ုပ်တို့ လေ့လာခဲ့တဲ့အတိုင်း ယေရှုက ပူဇော်သက္ကာအဖြစ် မိမိအသွေးကိုသွန်းပြီး ကျွန်ုပ်တို့အတွက် ကိုယ်တော်ရဲ့လူသားအသက်ကို ပေးခဲ့တယ်။ အဲဒီနောက် ကောင်းကင်ကိုတက်ကြွပြီး ကိုယ်တော့်အသွေးရဲ့တန်ဖိုးကို ဘုရားသခင်ထံ တစ်ကြိမ်တည်းနဲ့အပြီး ဆက်သခဲ့တယ်။ (ဟေဗြဲ ၉:၁၁၊ ၁၂) ဘုရားသခင်က ယေရှုအသွေးရဲ့တန်ဖိုးကို အခြေခံပြီး ကျွန်ုပ်တို့ရဲ့အပြစ်တွေကို ခွင့်လွှတ်တယ်၊ ထာဝရအသက်ရဖို့ လမ်းဖွင့်ပေးခဲ့တယ်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) သွေးကို အဲဒီနည်းနဲ့အသုံးပြုခြင်းက အရမ်းအရေးကြီးတယ်ဆိုတာ ဒီအချက်ကဖော်ပြတယ်။ (၁ ပေတရု ၁:၁၈၊ ၁၉) ယေရှုသွန်းခဲ့တဲ့အသွေးရဲ့ အကျိုးကျေးဇူးကို ယုံကြည်မှသာ ကျွန်ုပ်တို့ ကယ်တင်ခြင်းရမယ်။

အသက်နဲ့သွေးကို လေးမြတ်ကြောင်း ဘယ်လိုတင်ပြနိုင်သလဲ

၁၉။ ‘လူအပေါင်းတို့၏သွေးပြစ်နှင့် ကင်းလွတ်’ ဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

၁၉ အသက်ဆုကျေးဇူးကို မေတ္တာနဲ့ပြင်ဆင်ပေးတဲ့အတွက် ယေဟောဝါဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ရမှာဖြစ်တယ်။ ကျေးဇူးတင်တယ်ဆိုရင် ယေရှုရဲ့ရွေးနုတ်ဖိုးပူဇော်သက္ကာကို ယုံကြည်ခြင်းအားဖြင့် ထာဝစဉ်အသက်ရှင်ခွင့်ရနိုင်ကြောင်း တခြားသူတွေကို ပြောပြဖို့ လှုံ့ဆော်ခံရသင့်တယ်မဟုတ်လား။ ဘုရားသခင်လိုပဲ လူသားတွေရဲ့အသက်ကို အလေးထားခြင်းက စိတ်ထက်သန်မှု၊ ဇွဲနဲ့ အဲဒီအကြောင်းပြောဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးမှာဖြစ်တယ်။ (ယေဇကျေလ ၃:၁၇-၂၁ ကိုဖတ်ပါ။) ကျွန်ုပ်တို့ဟာ ဒီတာဝန်ကို လုံ့လစိုက်လုပ်ဆောင်မယ်ဆိုရင် တမန်တော်ပေါလုလိုပဲ ‘လူအပေါင်းတို့၏သွေးပြစ်နှင့် ငါ ကင်းလွတ်၏။ အကြောင်းမူကား ဘုရားသခင်၏အကြံတော်အားလုံးကို သင်တို့အား မထိမ်ချန်ဘဲ ပြောပြခဲ့ပြီ’ လို့ပြောနိုင်ကြမယ်။ (တမန်တော် ၂၀:၂၆၊ ၂၇) ဘုရားသခင်နဲ့ ကိုယ်တော့်ရည်ရွယ်ချက်တွေအကြောင်း လူတွေကိုပြောပြခြင်းက အသက်နဲ့သွေးကို အလွန်လေးမြတ်ကြောင်း ဖော်ပြတဲ့ အကောင်းဆုံးနည်းဖြစ်တယ်။

^ စာပိုဒ်၊ 16 သွေးအစား တခြားရွေးချယ်စရာတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာအတွက် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သွေးသည် သင့်အသက်ကို မည်သို့ကယ်နိုင်သနည်း ဘရိုရှာ “သွေးသွင်းခြင်းအစား အရည်အသွေးကောင်းသော ရွေးချယ်စရာများ” အခန်း ကိုကြည့်ပါ။