ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့သွန်သင်ခြင်း
အာဖရိက
နိုင်ငံပေါင်း ၅၈
လူဦးရေ ၉၇၉,၆၈၅,၇၀၂
ကြေညာသူ ၁,၃၆၃,၃၈၄
ကျမ်းစာသင်အံမှု ၃,၂၆၅,၃၁၄
“အခု ကျွန်တော် မဟာဗာဗုလုန်ကနေထွက်ဖို့ အသင့်ဖြစ်နေပြီ”
ယူဂန်ဒါနိုင်ငံမှာနေတဲ့ တောမ်ဆင်လို့ခေါ်တဲ့ လူငယ်လေးဟာ သူ့ရဲ့ဘာသာကို မကျေမနပ်ဖြစ်လာတယ်။ ဘုန်းကြီးက တစ်ချိန်လုံး ပိုက်ဆံအကြောင်းပဲပြောနေလို့ ဘာသာရေးဝတ်ပြုပွဲတွေကို သူမသွားတော့ဘူး။ ဒါပေမဲ့ ကျမ်းစာကိုတော့ နေ့တိုင်းဖတ်တယ်။ သူက ဗျာဒိတ်ကျမ်းကို အထူးစိတ်ဝင်စားတယ်၊ အဲဒါကို အဓိပ္ပာယ်ဖွင့်ပြီး သူ့ရဲ့မှတ်စုစာအုပ်မှာ ရေးမှတ်ထားတယ်။ ညီအစ် ကိုတစ်ယောက်က တောမ်ဆင်ကို သူအလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်လေးတစ်ခုမှာ ကျမ်းစာဖတ်နေတာ တွေ့လိုက်ရတယ်။ သူတို့ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တောမ်ဆင်က သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲစာအုပ်ကို လက်ခံလိုက်တယ်။ တစ်ညထဲမှာပဲ အဲဒီစာအုပ်ကို အပြီးဖတ်လိုက်တယ်။ နောက်တစ်နေ့မှာ ညီအစ်ကိုဟာ ဖုန်းမှာ “ခင်ဗျားပြောပြခဲ့တဲ့ အကြောင်းအရာတွေအတွက် သခင်ကိုကျေးဇူးတင်ပါတယ်။ မဟာဗာဗုလုန်ကနေထွက်ဖို့ ကျွန်တော် အခုအသင့်ဖြစ်နေပြီ” ဆိုတဲ့စာကို ရခဲ့တယ်။ တောမ်ဆင်ဟာ အောက်ခြေမှတ်ချက်တွေနဲ့ နောက်ဆက်တွဲမှာ ရည်ညွှန်းထားတဲ့စာအုပ်အားလုံးကို တောင်းခဲ့တယ်။ သူဟာ တကယ်တော်တဲ့ကျမ်းစာသင်သားဖြစ်လာပြီး မြန်မြန်ဆန်ဆန် တိုးတက်လာတယ်။ ၂၀၁၂ ခုနှစ်မှာကျင်းပတဲ့ ‘သင့်စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ’ ခရိုင်စည်းဝေးကြီးမှာ နှစ်ခြင်းခံလိုက်တယ်။ ၂၀၁၃၊ မတ်လမှာ တောမ်ဆင်ဟာ မှန်မှန်ရှေ့ဆောင်ဖြစ်လာပြီး မဟာဗာဗုလုန်ကနေထွက်ဖို့လိုတယ်ဆိုတာ တခြားလူတွေသိအောင် ကူညီပေးနေတယ်။
ညီအစ်ကိုရှစ်ယောက်နဲ့ ကျမ်းစာသင်ခဲ့သူ
ဂျင်မီဟာ မော်ရေးရှပ်စ်နိုင်ငံရဲ့မြို့တော် ပေါ့တ်လူးဝစ်မှာ ကြီးပြင်းခဲ့တယ်။ အသက်ဆယ့်ခြောက်နှစ်မှာ အရက်စသောက်ခဲ့ပြီး သိပ်မကြာခင်မှာ နေ့တိုင်းသောက်ပြီး မူးနေတော့တယ်။ အရက်မူးပြီး အသိစိတ်လွတ်သွားတတ်လို့ ခဏခဏ ထောင်ထဲရောက်တယ်။ တစ်ခါတလေ တစ်ရက်တည်းမှာပဲ ရမ်သုံးပုလင်းနဲ့ စီးကရက်အလိပ် ခြောက်ဆယ်သောက်တယ်။ ပိုက်ဆံမရှိတော့ဘူးဆိုရင် ပြတင်းပေါက်သန့်ရှင်းရေးမှာသုံးတဲ့ အရက်ပြန်သောက်တယ်။ သူ့အမေရဲ့ အော်ဒီကလုံးရေမွှေးကိုတောင် သောက်တယ်။ လူတစ်ယောက်ကသူ့ကို သေတော့မယ့်ရုပ်ပေါက်နေပြီလို့ ပြောတဲ့အခါ သူအရက်ဖြတ်တဲ့နေရာကိုသွားတယ်။ အဲဒီမှာ တစ်နှစ်ခွဲလောက်နေလိုက်တယ်၊ ဒါပေမဲ့ ဘာမှမထူးဘူး။
နောက်ဆုံးမှာ ဂျင်မီဟာ ယေဟောဝါသက်သေတွေနဲ့တွေ့ပြီး ကျမ်းစာသင်အံမှုလက်ခံလိုက်တယ်။ တစ်ခါတလေ ကျမ်းစာသင်ရာကနေထွက်သွားပြီး အရက်သွားသောက်တယ်။ ဒီလိုနဲ့ သူ့ကို ကျမ်းစာသင်ပေးတာ ညီအစ်ကိုရှစ်ယောက်တောင် ရှိလာတယ်။ နောက်ဆုံးမှာ ဂျင်မီဟာ သူ့ဘဝပုံစံကို ပြောင်းလဲရတော့မယ်ဆိုတာ သိလာတယ်။ သူ ဒီလိုပြောတယ်– “ဟေဗြဲ ၄:၁၂ မှာ ပါတဲ့ သန်လျက်က ကျွန်တော့်နှလုံးကို ထွင်းဖောက်နေတယ်လို့ ခံစားရတယ်။ တစ်နေ့ကျမ်းစာဖတ်နေတုန်း သုတ္တံ ၂၄:၁၆ မှာပါတဲ့ ‘ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်’ ဆိုတာကို တွေ့သွားတယ်။ အဲဒါက ကျွန်တော့်ဘဝကို ပြောင်းလဲသွားစေတယ်။” ညီအစ်ကိုခုနစ်ယောက်နဲ့ ကျမ်းစာဖတ်ရင်း “လဲ” ပြီးနောက်မှာ ရှစ်ယောက်မြောက်ညီအစ်ကိုရဲ့ အကူအညီနဲ့ ပြန် “ထ” ဖို့ သူဆုံးဖြတ်လိုက်တယ်။ ဂျင်မီဟာ ခွန်အားရဖို့ ယေဟောဝါဆီ ဆုတောင်းအသနားခံတယ်၊ အသင်းတော်စည်းဝေးတွေကို တက်ပြီး သူ့ရဲ့အကျင့်ဆိုးတွေကို ဖြတ်ပစ်လိုက်တယ်။ ၂၀၀၃ မှာ သူ နှစ်ခြင်းခံပြီး ၂၀၁၂ မှာ မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ အခုဆိုရင် ရိုဒရီဂတ်စ်ကျွန်းမှာရှိတဲ့ အသင်းတော်တစ်ခုမှာ အမှုထမ်းဖြစ်နေပြီ။
“ယေဟောဝါနဲ့ ကောင်းကင်တမန်တွေက ကျွန်မရဲ့မိတ်ဆွေဖြစ်လာလိမ့်မယ်”
ကင်ညာနိုင်ငံက အသက်ခုနစ်ဆယ်ရှိတဲ့ မေရီဟာ တစ်သက်လုံး ပရက်စ်ဘီတေးရီးယန်းချာ့ချ်အသင်းသားတစ်ယောက်ဖြစ်ခဲ့တယ်။ သူဟာ အလှူငွေကောက်ခံရာမှာ ကူညီပေးပြီး သူ့ဒေသမှာရှိတဲ့ ချာ့ချ်တစ်ခုဆောက်နိုင်ဖို့ မတည်ပေးခဲ့တယ်။ သူ့သားတစ်ယောက်က ယေဟောဝါသက်သေဖြစ်သွားတာကို သူမကြိုက်ဘူး။ သားက မေရီကို အသင်းတော်စည်းဝေးတွေတက်ဖို့ ဖိတ်ခေါ်တယ်၊ ဒါပေမဲ့ မေရီက ကျမ်းစာအကြောင်းကို သူ့မိခင်ဘာသာစကားဖြစ်တဲ့ ကီကူယူစကားနဲ့ပဲ နားထောင်ချင်တယ်၊ ဆွာဟီလီဘာသာစကားနဲ့ နားမထောင်ချင်ဘူးလို့ပြောပြီး မသွားဘူး။ နောက်ဆုံးတော့ မေရီဟာ ခရိုင်စည်းဝေးတစ်ခုတက်ဖို့ ဖိတ်ခေါ်တာကို လက်ခံလိုက်တယ်၊ အဲဒီစည်းဝေးမှာ ကီကူယူစကားနဲ့ဟောမှာဖြစ်တယ်။ စည်းဝေးကြီးမှာ သူက အသက်ကြီးသူတွေအတွက် သတ်မှတ်ထားတဲ့နေရာမှာထိုင်တယ်။ သူ့ကို ကြင်ကြင်နာနာ၊ မေတ္တာပါပါ ဆက်ဆံတာကို သူသိပ်သဘောကျသွားတယ်။ သူ့ရဲ့ချာ့ချ်မှာ ဒီလိုမေတ္တာမျိုး တစ်ခါမှ မခံစားဖူးဘူးလို့ မေရီကပြောတယ်။ မေရီဟာ ဟောပြောချက်အားလုံး ကို အာရုံစိုက်နားထောင်ခဲ့ပြီး သူကြားရတာတွေကို သိပ်သဘောကျသွားတယ်။ သူ့ကို ဘုရားသခင့်စကားနားထောင်ပါ ဘရိုရှာနဲ့ကျမ်းစာသင်ပေးမယ်လို့ပြောတော့ သူချက်ချင်းလက်ခံတယ်။
လပိုင်းလောက် ကျမ်းစာလေ့လာပြီးတဲ့အခါ မေရီဟာ ယေဟောဝါသက်သေ ဖြစ်ချင်လာတယ်၊ ဒါနဲ့ ချာ့ချ်ကနေ နုတ်ထွက်လိုက်တယ်။ ချာ့ချ်ခေါင်းဆောင်တွေက ဒေါသထွက်ကြတယ်။ မေရီနဲ့စကားပြောဖို့ နိုင်ရိုဘီမြို့တော်က ပါစတာတစ်ယောက်ကို ခေါ်လိုက်တယ်။ ပါစတာက မေရီကို ချာ့ချ်ကနေ ထွက်မသွားဖို့ ဖျောင်းဖျခဲ့တယ်၊ ဒါပေမဲ့ မေရီလက်မခံဘူး။ ပါစတာက “ခင်ဗျား ချာ့ချ်ကနေထွက်သွားရင် ဘယ်သူနဲ့ အပေါင်းအသင်းလုပ်မလဲ။ အခု ခင်ဗျားမှာ ချာ့ချ်အသင်းသား မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေ အများကြီးရှိတယ်မဟုတ်လား” လို့ပြောတယ်။
မေရီက “ယေဟောဝါနဲ့ ကောင်းကင်တမန်တွေက ကျွန်မရဲ့မိတ်ဆွေဖြစ်လာလိမ့်မယ်။ သက်သေခံတွေလည်း ကျွန်မရဲ့မိတ်ဆွေတွေ ဖြစ်လာလိမ့်မယ်” လို့ပြန်ပြောတယ်။
မေရီကို ဘယ်လိုမှဖျောင်းဖျလို့မရတာနဲ့ ပါစတာလည်း ပြန်သွားတယ်။ မေရီဟာ ကျမ်းစာလေ့လာရာမှာ တိုးတက်လာတယ်၊ အစည်းအဝေးလုပ်တဲ့နေရာက သူနေတဲ့နေရာနဲ့ ဝေးပေမဲ့ အစည်းအဝေးအားလုံးကို တက်တယ်။ မကြာသေး ခင်က သူ ကားမရလို့ မိုးတောထဲမှာ နှစ်နှစ်ရီကြာလမ်းလျှောက်ပြီး စည်းဝေးတက်ခဲ့တယ်။ အိမ်နီးချင်းတွေက အတိုက်အခံလုပ်ပေမဲ့ နှစ်ခြင်းခံဖို့ သူ ဆုံးဖြတ်ထားတယ်။
ပါစတာက သူ့ကို လဲကျအောင်လုပ်လိုက်တယ်
အက်ရှတန်လို့ခေါ်တဲ့ ၁၄ နှစ်အရွယ်မိန်းကလေးတစ်ယောက်ဟာ ကင်မရွန်းနိုင်ငံမှာနေတယ်။ ယေဟောဝါသက်သေတွေနဲ့ သူကျမ်းစာ စလေ့လာတဲ့အခါ သူ့ဦးလေးနဲ့အဒေါ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်။ သူတို့နဲ့အတူ ပင်တီကော်စတယ်လ်ချာ့ချ်တက်ဖို့ အတင်း ဖိအားပေးတယ်။ တစ်နေ့မှာ ဓမ္မဆရာက အဲဒီမှာရှိနေသူတွေ “သန့်ရှင်းသောဝိညာဉ်တော်” ရအောင် လုပ်ပေးတယ်ဆိုပြီး သူတို့ရဲ့ခေါင်းပေါ်မှာ လက်ကို တင်လိုက်တာနဲ့ လူတွေအားလုံး လဲကျကုန်တယ်။ အက်ရှတန်တစ်ယောက်တည်းပဲ မလဲကျဘူး။ ပါစတာက အထပ်ထပ်ဆုတောင်းပေမဲ့ အက်ရှတန်က မတ်မတ်ပဲ ရပ်နေတယ်။ ဒါနဲ့ ပါစတာက အက်ရှတန် လဲကျသွားအောင် ခြေထိုးခံလိုက်တယ်။ အိမ်ပြန်ရောက်တဲ့အခါ အက်ရှတန်က သူ့ဦးလေးနဲ့အဒေါ်ကို အဲဒီအကြောင်း ပြန်ပြောပြတော့ သူတို့ကမယုံဘူး။ အဲဒီအချိန်မှာပဲ ဘယ်တော့မှ ချာ့ချ်ကို မသွားတော့ဘူးလို့ သူဆုံးဖြတ်လိုက်တယ်။ အခု အက်ရှတန်ဟာ မိသားစုနဲ့ အိမ်နီးချင်းတွေရဲ့ စော်ကားပြောဆိုမှုတွေ ခံရပေမဲ့မှာ နိုင်ငံတော်ခန်းမမှာ စည်းဝေးတွေ မှန်မှန်တက်နေတယ်။
လမ်းလျှောက်တတ်ခါစ ကလေးတစ်ယောက်ရဲ့ ဖိတ်ခေါ်မှု
အယ်နီပါဟာ အသက် ၁၇ လပဲရှိသေးပေမဲ့ ပြီးခဲ့တဲ့နှစ် အင်ဂိုလာနိုင်ငံမှာကျင်းပတဲ့ ခရိုင်စည်းဝေးကြီး ဖိတ်စာဝေတဲ့ကင်ပိန်းမှာ ထက်ထက်သန်သန် ပါဝင်ခဲ့တယ်။ အယ်နီပါရဲ့တာဝန်က တံခါးခေါက်ဖို့နဲ့ သူ့အမေ မိတ်ဆက်စကားပြောနေချိန်မှာ အိမ်ရှင်ကို ဖိတ်စာပေးဖို့ဖြစ်တယ်။ အရမ်းထက်သန်တဲ့ အယ်နီပါဟာ သူ့အမေ စကားပြောလို့မပြီးခင်မှာပဲ နောက်တစ်အိမ်ကို တံခါးခေါက်ချင်နေပြီ။ အိမ်ရှင်တွေက အဲဒါကို သိပ်သဘောကျကြတယ်။ ဥပမာ၊ ခရိုင်စည်းဝေးနောက်ဆုံးနေ့မှာ အမျိုးသမီးတစ်ယောက်က အယ်နီပါဆီလာပြီး “သမီးလေးကို လိုက်ရှာနေတာ၊ အခုလိုတွေ့ရလို့ သိပ်ဝမ်းသာတယ်၊ ဒီစည်းဝေးကိုတက်ဖို့ ကျွန်မကို ဖိတ်တာက ဒီသမီးလေးပဲ” လို့ပြောတယ်။
ဖိနှိပ်မခံချင်တော့ဘူး
မာဒါဂတ်စကာကျွန်း၊ အန်တာဗီရာနမ်ဘိုအသင်းတော်က ကြေညာသူတွေဟာ ၂၀၁၂၊ သြဂုတ်လမှာ ယေဟောဝါသက်သေဖြစ်ချင်တယ်လို့ ပြောတဲ့အုပ်စုတစ်စုနဲ့ တွေ့ခဲ့တယ်။ အဲဒီအုပ်စုကလူတွေဟာ အပြောနဲ့အလုပ်မညီတဲ့ ချာ့ချ်ခေါင်းဆောင်တွေ ဖိနှိပ်တာကို ခံနေကြရတယ်။ သူတို့ချာ့ချ်မှာ ကျမ်းစာသင်ပေးတဲ့အစီအစဉ်မရှိဘူး၊ သူတို့ရဲ့ယုံကြည်ချက်တွေကို ရှင်းပြတဲ့စာပေတွေလည်း မရှိဘူးလို့ ချာ့ချ်အသင်းသားတွေက ပြောကြတယ်။ အလှူငွေတွေ အများကြီးထည့်ရတယ်၊ စည်းလုံးမှုမရှိဘူး၊ ခရစ်ယာန်မေတ္တာစစ်လည်း မရှိဘူးလို့ ပြောပြကြတယ်။ ယေဟောဝါသက်သေတွေမှာ အဲဒီလိုပြဿနာတွေမရှိဘူးဆိုတာ သူတို့သိတယ်လို့လည်း ပြောကြတယ်။
နောက်ပိုင်းမှာ အဲဒီအုပ်စုက ဌာနခွဲရုံးကို ဒီလိုစာရေးခဲ့တယ်– “ယေဟောဝါရဲ့အမှုတော်ကိုဆောင်တော့မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကို ခင်ဗျားတို့သိအောင် စာရေးလိုက်တာပါ။ ဒါပေမဲ့ ကျွန်တော်တို့က အဝေးကြီးမှာနေတယ်။ တချို့ဆိုရင် စည်းဝေးတက်ဖို့ ၉ နာရီကနေ ၁၅ နာရီနီးပါး လမ်းလျှောက်ရတယ်။ ဒါကြောင့် ကျွန်တော်တို့ကို ကျမ်းစာသင်ပေးဖို့ တစ်ယောက်ယောက်ကိုလွှတ်ပေးပါလို့ တောင်းဆိုပါတယ်။ ယေဟောဝါကိုချစ်တဲ့မေတ္တာ တိုးများလာအောင် ကျွန်တော်တို့ကို တစ်ယောက်ယောက်က မကူညီပေးဘူးဆိုရင် ယေဟောဝါအမှုတော်ကိုဆောင်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ဆန္ဒ ပြည့်ဝမှာမဟုတ်ဘူး။ ကျွန်တော်တို့အုပ်စုမှာ ရွာသုံးရွာကလာတဲ့ လူ ၂၁၅ ယောက်ရှိတယ်။ ကျွန်တော်တို့ကိုးကွယ်တဲ့ဘာသာတွေက မတူဘူး၊ ဒါပေမဲ့ အခု ကျွန်တော်တို့အားလုံးက ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ နာခံပြီး အမှုဆောင်ချင်ပါတယ်။ ခင်ဗျားတို့ ကူညီပေးမယ်လို့ ယုံကြည်ပါတယ်။”
ညီအစ်ကိုတွေဟာ အဲဒီအုပ်စုကလူတွေနဲ့တွေ့ဖို့ ပထမရွာကို ကိုးနာရီကြာ လမ်းလျှောက်ရတယ်။ အဲဒီမှာ သူတို့ စည်းဝေးတစ်ခုလုပ်ပေးခဲ့တာ တက်ရောက်သူ ၆၅ ယောက်ရှိတယ်။ အဲဒီသတင်းက ချက်ချင်းပျံ့သွားတယ်၊ ဒုတိယရွာကလူတွေကလည်း သူတို့ဆီ လာလည်ပတ်စေချင်တယ်၊ ကျမ်းစာသင်ချင်တယ်လို့ ပြောကြတယ်။ ဒါနဲ့ ညီအစ်ကိုတွေလည်း ဒုတိယရွာကို လေးနာရီကြာ လမ်းလျှောက်သွားပြီး စည်းဝေးတစ်ခုလုပ်ပေးတယ်၊ အဲဒီမှာတက်ရောက်သူ ၈၀ ရှိတယ်။ အဲဒီမှာ နောက်ထပ်နှစ်နာရီကြာ လမ်းလျှောက်ရတဲ့ရွာကလူတွေနဲ့တွေ့ပြီး သူတို့ကလည်း သူတို့ဆီလာဖို့ တောင်းဆိုကြတယ်။ ညီအစ်ကိုတွေကလည်း လိုက်လျောပေးပြီး အဲဒီနေရာမှာ စည်းဝေးတစ်ခုလုပ်ပေးခဲ့တယ်၊ အဲဒီမှာ တက်ရောက်သူ ၅၀ ကျော်တယ်။
အဲဒီရွာတွေထဲက လူ ၃၀ ကျော်ဟာ အသွားချည်းပဲတစ်ရက်ခွဲ လမ်းလျှောက်ရတဲ့ မန်ဟန်နိုရိုမြို့မှာစည်းဝေးပွဲ လာတက်ကြတယ်။ အဲဒီထဲက နှစ်ဆယ့်ငါးယောက်ဟာ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်မှုအတွက် လာကြတယ်။ အဲဒီထဲမှာ ဇနီးမောင်နှံတွေ၊ မိသားစုလိုက်နဲ့ အသက်ကြီးသူတွေပါတယ်။ သူတို့အားလုံးဟာ တစ်အိမ်တည်းမှာပဲ စုတည်းကြပြီး သူတို့လေ့လာထားတာတွေကို ဆွေးနွေးကြတယ်၊ ညနက်တဲ့အထိ မေးခွန်းတွေမေးကြတယ်။ ဘာသာရေးခေါင်းဆောင်တွေရဲ့ ဖိနှိပ်မှုကိုခံရလို့ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရေးမှာ ပူးပေါင်းမယ့်သူတွေ အများကြီးရှိသေးတယ်လို့ ရွာသားတွေက ပြောကြတယ်။