ဆီအဲရာလီယွန်နဲ့ဂီနီ
၁၉၄၈-၁၉၉၀ ‘လူအများကြီးကို ဖြောင့်မတ်လာစေ’—ဒံ ၁၂:၃ (အပိုင်း ၃)
ပိုရိုနဲ့ ရင်ဆိုင်ခြင်း
ဦးဆုံးတိုက်ခိုက်မှုက ကွိုင်ဒူးမြို့အနားက ရွာတစ်ရွာမှာ စတင်ခဲ့တယ်။ အဲဒီရွာမှာ အမျိုးသားအုပ်စုတစ်စုဟာ ကျမ်းစာလေ့လာနေကြပြီး အစည်းအဝေးတွေကို ပုံမှန်တက်နေကြတယ်။ ကီစီအမျိုးသားအများစုလိုပဲ သူတို့တွေဟာ နတ်ဆိုးပညာလိုက်စားတဲ့ ပိုရိုလျှို့ဝှက်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်။ “အဲဒီကျမ်းစာသင်သားတွေဟာ ရိုးရာနတ်ဆိုးကိုးကွယ်မှုတွေမှာ မပါဝင်တော့တဲ့အတွက် ပိုရိုခေါင်းဆောင်က ဒေါသထွက်တယ်” ဆိုပြီး ဆီအဲရာလီယွန်မှာအမှုဆောင်နေတဲ့ ဂိလဒ်ကျောင်းဆင်းသာသနာပြု ဂျိမ်း မာန်ဆာကပြောပြတယ်။ “ခေါင်းဆောင်နဲ့ သူ့ကိုထောက်ခံသူတွေက ကျမ်းစာသင်သားတွေကို ရိုက်နှက်၊ သူတို့ပစ္စည်းတွေကို ခိုးယူ၊ အိမ်တွေကို မီးရှို့၊ သူတို့တွေကို တုတ်နှောင်ပြီး အစာငတ်သေသွားအောင် ချုံတောထဲမှာ ပစ်ထားကြတယ်။ ဒေသခံအုပ်ချုပ်ရေးမှူးကလည်း ပိုရိုအဖွဲ့ဝင်တွေကို အားပေးအားမြှောက်လုပ်တယ်။ ဒီလိုနှိပ်စက်ခံရပေမဲ့ ကျမ်းစာသင်သားတွေဟာ အခိုင်အမာရပ်တည်ခဲ့ကြတယ်။”
ကွိုင်ဒူးမှာရှိတဲ့ ညီအစ်ကိုတွေက ဒီအကြောင်းတွေကို ရဲကို တိုင်လိုက်တဲ့အတွက် ပိုရိုခေါင်းဆောင်၊ သူ့သူငယ်ချင်းတွေနဲ့ ဒေသခံအုပ်ချုပ်ရေးမှူးတို့ အဖမ်းခံခဲ့ရတယ်။ သူတို့ကို စစ်ဆေးပြီး ပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်၊ ဒေသခံအုပ်ချုပ် ရေးမှူးကတော့ တစ်နှစ်နီးပါးလောက် ထောင်ချခံလိုက်ရတယ်။ ဒီတရားရေးအောင်မြင်မှုသတင်း ပျံ့သွားပြီး အစည်းအဝေးတွေကို စတက်ဖို့ လူသစ်တွေအတွက် တွန်းအားဖြစ်စေခဲ့တယ်။ နောက်ပိုင်းမှာ ဒေသခံအုပ်ချုပ်ရေးမှူးက စိတ်ပြောင်းလဲပြီး အမှန်တရားကို စိတ်ဝင်စားလာခဲ့တယ်။ သူအုပ်ချုပ်တဲ့ဒေသမှာ တိုက်နယ်စည်းဝေးပွဲ ကျင်းပတဲ့အခါ စည်းဝေးပွဲတက်သူတွေတည်းခိုဖို့ နေရာစီစဉ်ပေးခဲ့ပြီး နွားကြီးကြီးတစ်ကောင်ကိုတောင် လှူခဲ့တယ်။
တခြား ပိုရိုခေါင်းဆောင်တွေက “ဥပဒေကိုအသုံးချပြီး ဒုက္ခရောက်အောင်ကြံစည်” ခဲ့ကြတယ်။ (ဆာ. ၉၄:၂၀၊ ကဘ) ပိုရိုနိုင်ငံရေးသမားတွေက ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ပိတ်ပင်ပေးဖို့ ပါလီမန်လွှတ်တော်ကို အဆိုပြုလွှာတစ်စောင် တင်ပြခဲ့တယ်။ ချားလ်စ် ချာပယ်လ်က ဒီလိုပြောပြတယ်– “ဒါပေမဲ့ ဒေသခံအုပ်ချုပ်ရေးမှူးက ကျွန်တော်တို့နဲ့ နှစ်နှစ်ကြာ လေ့လာခဲ့တဲ့အကြောင်းတွေကို လွှတ်တော်အစည်းအဝေးမှာ တင်ပြပြီး ကျွန်တော်တို့ဘက်ကနေ ခုခံပြောဆိုပေးခဲ့တယ်။ ကျွန်တော်တို့အဖွဲ့အစည်းက နိုင်ငံရေးနဲ့ကင်းရှင်းတယ်၊ ဒါ့အပြင် လူတွေကို ပညာပေးပြီး အကျင့်စာရိတ္တကောင်းအောင် အားပေးတယ်လို့ သူပြောခဲ့တယ်။ ပြီးတော့ တစ်နေ့မှာ သူကိုယ်တိုင် သက်သေခံတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ကြေညာလိုက်သေးတယ်။ ကျမ်းစာလေ့လာနေတဲ့ လွှတ်တော်အမတ် နောက်တစ်ယောက်ကလည်း အုပ်ချုပ်ရေးမှူးရဲ့အဆိုကို ထောက်ခံလိုက်တဲ့အခါ လွှတ်တော်က ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ပိတ်ပင်ပေးဖို့ အဆိုပြုလွှာကို ပယ်ချလိုက်တယ်။”
“ဘုရားသခင် မင်းကို ကျွေးပါစေ” ဆိုပြီး လှောင်ပြောင်ကြ
လျှို့ဝှက်အဖွဲ့တွေကနေ နုတ်ထွက်ခဲ့ကြတဲ့သူတွေဟာ မိသားစုဝင်တွေရဲ့ ဆန့်ကျင်မှုတွေကို အပြင်းအထန်ကြုံတွေ့ခဲ့ရတယ်။ ကွိုင်ဒူးမြို့က ဆယ်ကျော်သက်လူငယ် ဂျိုနသန် ဆယ်လူရဲ့ ဘိုးဘေးလေးဆက်ဟာ ဂျူးဂျူးနတ်ဆိုးပညာလိုက်စားတဲ့ ဘုန်းကြီးတွေဖြစ်တယ်။ သူ့ကိုလည်း အဲဒီအလုပ်ကို ဆက်ခံဖို့ လေ့ကျင့်ပေးနေတယ်။ သူ ကျမ်းစာစလေ့လာတဲ့အခါ နတ်ဆိုးနဲ့ဆိုင်တဲ့ ကိုးကွယ်မှုပုံစံအားလုံးကို စွန့်ပစ်လိုက်တယ်။ သူ့မိသားစုက ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်၊ သူ့ကို ကျောင်းထုတ်လိုက်တယ်၊ ခရစ်ယာန်အစည်းအဝေးတွေကို သွားရင် ထမင်းမကျွေးဘဲထားတယ်။ “ဘုရားသခင် မင်းကို ကျွေးပါစေ” ဆိုပြီး လှောင်ပြောင်ကြတယ်။ ဒါပေမဲ့ ဂျိုနသန် အခိုင်အမာရပ်တည်ခဲ့တယ်။ သူ တစ်ခါမှ မငတ်ခဲ့ပါဘူး။ သူ စာရေးတတ်၊ ဖတ်တတ်လာတယ်၊ နောက်ပိုင်းမှာ မှန်မှန်ရှေ့ဆောင်ဖြစ် လာတယ်။ သူ့ရဲ့အမေ အမှန်တရားကို လက်ခံလာတဲ့အခါ ဂျိုနသန် အရမ်းပျော်ခဲ့ရတယ်။
နိုင်ငံရဲ့တခြားနေရာတွေမှာ တိုးတက်လာ
၁၉၆၀ မှာ ဘို၊ ဖရီးတောင်း၊ ကီစီ၊ ကွိုင်ဒူး၊ လန်ဆာ၊ မက်ဘရက်ကာ၊ မာကန်နီ၊ မော်အန်ဘ၊ ပေါ့လိုကို၊ ဝါတာလူနဲ့ ကာဘလာမြောက်ပိုင်းစတဲ့ ဒေသတွေမှာ အသင်းတော်တွေနဲ့ သီးခြားအုပ်စုတွေ ရှိလာတယ်။ အဲဒီနှစ်မှာပဲ ကြေညာသူအရေအတွက်က ၁၈၂ ယောက်ကနေ ၂၈၂ ယောက်ထိ တိုးလာတယ်။ ဂါနာနဲ့ နိုင်ဂျီရီးယားက အထူးရှေ့ဆောင်တွေကလည်း တိုးများလာတဲ့အသင်းတော်တွေကို ကူညီပေးဖို့ ရောက်လာခဲ့ကြတယ်။
ကြေညာသူလူသစ်အများစုက လူမျိုးစုနှစ်စုထဲက ဖြစ်တယ်၊ တစ်မျိုးက ဖရီးတောင်းမြို့ထဲနဲ့ မြို့ဝန်းကျင်မှာနေကြတဲ့ ကရီအိုလူမျိုးစုထဲက ဖြစ်ပြီး နောက်တစ်မျိုးက အရှေ့ပိုင်းပြည်နယ်တွေမှာ နေကြတဲ့ ကီစီလူမျိုးစုထဲကဖြစ်တယ်။ သတင်းကောင်း ဆက်ပျံ့နှံ့နေတဲ့အတွက် တခြားလူမျိုးစုတွေလည်း စိတ်၀င်စားလာကြတယ်။ အဲဒီလူမျိုးစုတွေထဲမှာ မြောက်ပိုင်းက ကူရန်ကို၊ လင်ဘနဲ့ ထဲမ်နီလူမျိုးစု၊ တောင်ပိုင်းက မဲန်ဒီလူမျိုးနဲ့ တခြားလူမျိုးစုတွေ ပါဝင်တယ်။
၁၉၆၁ ခုနှစ်မှာ အရှေ့ပိုင်း ဖရီးတောင်းအသင်းတော်က သူတို့ရဲ့နိုင်ငံတော်ခန်းမကို အပ်နှံပွဲလုပ်ခဲ့ကြတယ်။ အဲဒီနောက် ကွိုင်ဒူးအသင်းတော်ရဲ့ ခုံ ၃၀၀ ဆံ့တဲ့ အုတ်နဲ့ဆောက်ထားတဲ့ နိုင်ငံတော်ခန်းမကို အပ်နှံခဲ့တယ်၊ အဲဒီခန်းမဟာ စည်းဝေးကြီးခန်းမအဖြစ် နှစ်ဆတိုးချဲ့ထားတာ ဖြစ်တယ်။ အဲဒီနောက် သိပ်မကြာခင်မှာ အကြီးအကဲအယောက် ၄၀ ဟာ ဆီအဲရာလီယွန်နိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ နိုင်ငံတော်ဓမ္မအမှုကျောင်းကို တက်ရောက်ခဲ့ကြတယ်။ အဲဒီနှစ်မှာပဲ ညီအစ်ကိုတွေဟာ ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာကို လူထုကိုဝေငှတဲ့ ကင်ပိန်းတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ကြတယ်။
ယေဟောဝါက သူ့လူတွေကို တကယ် ကောင်းချီးပေးခဲ့တယ်။ ၁၉၆၂၊ ဇူလိုင် ၂၈ ရက်မှာ ယေဟောဝါသက်သေတွေရဲ့ အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားများအသင်းကို ဆီအဲရာလီယွန်အစိုးရဆီမှာ တရားဝင်အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်နိုင်ခဲ့တယ်။
ဂီနီမှာ ဟောပြောဖို့ အခွင့်အလမ်းပွင့်လာ
အခု အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂီနီ (အရင်တုန်းက ပြင်သစ်ဂီနီ လို့ခေါ်) နိုင်ငံကို ကြည့်ကြစို့။ ၁၉၅၈ ခုနှစ် မတိုင်ခင်တုန်းက ညီအစ်ကိုတချို့ဟာ ဂီနီနိုင်ငံကိုဖြတ်သွားရင်း လူတချို့ကို ဟောပြောခဲ့ကြတယ်၊ ပြင်သစ်ကိုလိုနီ အာဏာပိုင်တွေက ကျွန်တော်တို့ရဲ့လုပ်ငန်းကို ဆန့်ကျင်ကြတယ်။ ဒါပေမဲ့ ၁၉၅၈ ခုနှစ်မှာ အခွင့်အလမ်းတွေ ပွင့်လာတယ်၊ ဂီနီနိုင်ငံမှာ ပြင်သစ်အုပ်ချုပ်ရေးကို ပယ်ဖျက်လိုက်ပြီး လွတ်လပ်တဲ့သမ္မတနိုင်ငံ ဖြစ်လာတယ်။
အဲဒီနှစ်နောက်ပိုင်းမှာ ဒါဟိုမေ (အခု ဘီနင်) နိုင်ငံက အသက် ၃၀ ကျော် ပြင်သစ်စကားပြော ညီအစ်ကိုမန်ဝဲလ် ဒီရိုဂိုဟာ ဖရီးယားမြို့က ဘောက်ဆိုက်သတ္တုတွင်းမှာ အလုပ်လုပ်ခဲ့တယ်။ အဲဒီမြို့က ကိုနာကရီမြို့တော်ကနေ မြောက်ဘက် မိုင် ၅၀ (ကီလိုမီတာ ၈၀) အကွာမှာရှိတယ်။ ဘယ်သူမှမဟောရသေးတဲ့ အဲဒီ ဒေသမှာ ဟောပြောဖို့ ထက်သန်နေတဲ့အတွက် မန်ဝဲလ်က စာပေတွေနဲ့ အထူးရှေ့ဆောင်တွေ ပို့ပေးဖို့ ပြင်သစ်ဌာနခွဲရုံးကို စာရေးခဲ့တယ်။ သူ့ရဲ့စာကို ဒီလို နိဂုံးချုပ်ထားတယ်– “ဒီမှာ စိတ်ဝင်စားသူတွေ အရမ်းများနေလို့ ဒီအလုပ်ကို ကူညီပေးပါလို့ ယေဟောဝါကို ကျွန်တော်ဆုတောင်းနေတယ်။”
ပြင်သစ်ဌာနခွဲက မန်ဝဲလ်ကို ဖြစ်နိုင်ရင် ဂီနီမှာပဲဆက်နေဖို့ အားပေးစာတစ်စောင်ရေးခဲ့တယ်။ ညီအစ်ကိုမန်ဝဲလ်ကို အမှုဆောင်လုပ်ငန်းမှာ လေ့ကျင့်ပေးဖို့အတွက် ဌာနခွဲက အထူးရှေ့ဆောင်တစ်ယောက် ပို့ပေးခဲ့တယ်။ အားပေးကူညီမှုတွေကြောင့် မန်ဝဲလ်တိုးတက်လာပြီး သူသေဆုံးတဲ့ ၁၉၆၈ ခုနစ်အထိ ဖရီးယားမြို့မှာ ထက်ထက်သန်သန် ဟောပြောခဲ့တယ်။
၁၉၆၀ ခုနှစ်မှာ ကိုနာကရီမြို့ကို ဇုန်ကြီးကြပ်မှူး ဝီလ်ဖရက်ဒ် ဂုချ် လည်ပတ်တဲ့အခါ အာဖရိကလူမျိုး ညီအစ်ကိုနှစ်ယောက် ဟောပြောနေတာကို တွေ့ခဲ့တယ်။ ဂီနီနိုင်ငံကို ပြင်သစ်ဌာနခွဲက ကြီးကြပ်မယ့်အစား ဆီအဲရာလီယွန်ဌာနခွဲက ကြီးကြပ်ဖို့ ညီအစ်ကို ဂုချ်က ထောက်ခံခဲ့တယ်။ ဒီအပြောင်းအလဲက ၁၉၆၁၊ မတ်လ ၁ ရက်နေ့မှာ စတင်ခဲ့တယ်။ တစ်လကြာပြီးနောက်မှာ ဂီနီနိုင်ငံရဲ့ ပထမဦးဆုံးအသင်းတော်ကို ကိုနာကရီမှာ ဖွဲ့စည်းခဲ့တယ်။
မိုးသစ်တောဒေသမှာ အမှန်တရားထွန်းလင်း
သတင်းကောင်းက ဂီနီနိုင်ငံတောင်ပိုင်းကိုလည်း ပျံ့နှံ့သွားတယ်။ လိုင်ဘေးရီးယားမှာနေတဲ့ ကီစီအမျိုးသား ဖဲလ်လာ ဂွန်ဒူက သူ့ရဲ့ဇာတိ ဖီဒီဒူးရွာကို ပြန်သွားခဲ့တယ်၊ အဲဒီရွာက ဂတ်ကဒူးမြို့ကနေ မြောက်ဘက် ရှစ်မိုင် (၁၃ ကီလိုမီတာ) အကွာမှာရှိတယ်။ ပရဒိသုခဘုံပျောက်ဆုံးသွားခြင်းမှ ပရဒိသုခဘုံပြန်လည်ရရှိသည်အထိ စာအုပ်ကို သူယူသွားတယ်။ စာမဖတ်နိုင်ပေမယ့် စာအုပ်မှာပါတဲ့ပုံတွေနဲ့ ကီစီလူမျိုးတွေကို ရှင်းပြခဲ့တယ်။ သူ ဒီလိုပြန်ပြောပြတယ်– “ဒီစာအုပ်နဲ့ တော်တော်များများ ဆွေးနွေးဖြစ်ခဲ့တယ်၊ လူတွေက ဒီစာအုပ်ကို အာဒံနဲ့ဧဝစာအုပ်လို့ ခေါ်ကြတယ်။”
ဖဲလ်လာဟာ လိုင်ဘေးရီးယားကို ပြန်သွားခဲ့တယ်။ သူ နှစ်ခြင်းခံလိုက်ပြီး နောက်ဆုံးမှာ အထူးရှေ့ဆောင်ဖြစ်လာတယ်။ တစ်လနှစ်ကြိမ် သူ့ဇာတိရွာ ဖီဒီဒူးကိုပြန်ပြီး လူ ၃၀ ရှိတဲ့ အုပ်စုတစ်စုနဲ့ ကျမ်းစာသင်အံမှုလုပ်တယ်။ မကြာခင်မှာပဲ လိုင်ဘေးရီးယားက ကီစီလူမျိုး အထူးရှေ့ဆောင်ဖြစ်တဲ့ ဘောဘောစီစီက သူနဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်။ သူတို့နှစ်ယောက်က ဂတ်ကဒူးမှာ နောက်အုပ်စု တစ်စုနဲ့ ကျမ်းစာသင်အံမှု စတင်ခဲ့ကြတယ်။ ဒီအုပ်စုနှစ်ခုစလုံးက အသင်းတော်တွေဖြစ်လာတယ်။
ကီစီလူမျိုးတော်တော်များများ သက်သေခံဖြစ်လာတဲ့အခါ ရွာသူကြီးက သူတို့ရဲ့အမူအကျင့်ကောင်းကို သတိထားမိခဲ့တယ်။ သက်သေခံတွေက အလုပ်ကြိုးစားတယ်၊ ရိုးသားတယ်၊ ရွာတွေမှာ အေးအေးဆေးဆေး နေကြတယ်။ ဒါနဲ့ ညီအစ်ကိုတွေက ဖီဒီဒူးမှာ နိုင်ငံတော်ခန်းမဆောက်လုပ်ဖို့ ခွင့်ပြုချက်တောင်းတဲ့အခါ သူကြီးတွေက မြေ ရှစ်ဧက (၃ ဟက်တာ) ပေးခဲ့တယ်။ ဒီနိုင်ငံတော်ခန်းမက ဂီနီနိုင်ငံမှာ ပထမဆုံးဖြစ်ပြီး ၁၉၆၄ ခုနှစ် အစောပိုင်းလောက်မှာ ဆောက်လုပ်ပြီးစီးခဲ့တယ်။
ကိုနာကရီမြို့က အုံကြွမှုများ
တစ်ချိန်တည်းမှာပဲ ကိုနာကရီမြို့မှာ ပြဿနာ စဖြစ်ပွားခဲ့တယ်။ နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် အစိုးရအာဏာပိုင်တွေက နိုင်ငံခြားသားတွေအပေါ် သံသယဝင်လာကြတယ်။ ဂိလဒ်သာသနာပြုလေးယောက်ကို ဗီဇာတွေသိမ်းပြီး နိုင်ငံကနေ နှင်ထုတ်လိုက်တယ်။ မှားယွင်းတဲ့စွဲချက်တွေနဲ့ ဂါနာလူမျိုးညီကိုနှစ်ယောက် အဖမ်းခံရပြီး နှစ်လနီးပါးလောက် ထောင်ချခံလိုက်ရတယ်။
သူတို့ ပြန်လွတ်လာတော့ နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ညီအစ်ကို အီမာနူဝဲလ် အိုဝူဆူ-အန်စာဟာ ချက်ချင်း ပြန်အဖမ်းခံရပြီး ထိတ်လန့်စရာကောင်းတဲ့အခြေအနေတွေကို ကြုံခဲ့ရတယ်။ ညစ်ပတ်ပေစုတ်နေတဲ့ ထောင်အကျဉ်းခန်းကနေ သူဒီလို စာရေးခဲ့တယ်– “ကျွန်တော် ဘုရားရေးရာမှာတော့ ကျန်းမာနေပါတယ်၊ ဒါပေမဲ့ အမြဲအဖျားရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဟောနေတုန်းပဲ။ ပြီးခဲ့တဲ့လ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော် ၆၇ နာရီပါဝင်ခဲ့တယ်။ ကျမ်းစာသင်သားနှစ်ယောက်က ကျွန်တော်နဲ့အတူ ဟောပြောနေပြီ။” သူ့ရဲ့ ကျမ်းစာသင်သားတစ်ယောက်က သက်သေခံဖြစ်လာတယ်။ နောက်ငါးလကြာတဲ့အခါ ညီကိုအိုဝူဆူ-အန်စာ ပြန်လွတ်လာပြီး ဆီအဲရာလီယွန်နိုင်ငံကို ပြည်နှင်ဒဏ် ပေးခံရတယ်။ ဒါနဲ့ ကိုနာကရီမြို့မှာ ကြေညာသူတစ်ယောက်တည်းပဲ ကျန်ခဲ့တယ်။
၁၉၆၉ ခုနှစ်မှာ နိုင်ငံရေးအခြေအနေ ငြိမ်သက်လာတဲ့အခါ ကိုနာကရီမြို့ကို အထူးရှေ့ဆောင်တွေ ရောက်လာကြတယ်။ အာဏာပိုင်တွေဆီကနေ ခွင့်ပြုချက်ရတဲ့အတွက် နိုင်ငံတော်ခန်းမကို ဆောက်လုပ်ပြီး ဆိုင်းဘုတ်တောင် တင်လိုက်တယ်။ မကြာခင်မှာပဲ စိတ်ဝင်စားသူ ၃၀ လောက်ဟာ အစည်းအဝေးတွေကို ပုံမှန်တက်ရောက်လာကြတယ်။
အဖမ်းခံရနိုင်တဲ့အတွက်ကြောင့် အစပိုင်းမှာတော့ ညီအစ်ကိုညီအစ်မတွေက သတိနဲ့ ဟောပြောခဲ့ကြတယ်။ ဒါပေမဲ့ ပိုပြီးသတ္တိရှိလာတဲ့အခါ တိုးချဲ့ဟောပြော ခဲ့ကြတယ်။ ၁၉၇၃ ခုနှစ်အတွင်းမှာ ဒီအသင်းတော်ငယ်လေးက ဝေစာ ၆,၀၀၀ လောက် ဝေငှခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ ကြေညာသူတွေဟာ ရုံးတွေ၊ စီးပွားရေးရပ်ကွက်တွေမှာ မဂ္ဂဇင်းတွေကို စတင်ဝေငှခဲ့ကြတယ်။ အစိုးရအာဏာပိုင်တွေနဲ့ လူထုက ကျွန်တော်တို့ရဲ့လုပ်ငန်းအကြောင်းကို တဖြည်းဖြည်း သိလာကြတယ်။ ၁၉၉၃၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ ကြေညာသူတွေရဲ့ စိတ်ရှည်မှုနဲ့ မပြတ်ကြိုးစားအားထုတ်မှုကြောင့် ဂီနီနိုင်ငံမှ ယေဟောဝါသက်သေများရဲ့ ခရစ်ယာန်အသင်းဆိုပြီး တရားဝင်မှတ်ပုံတင်ခွင့် ရရှိခဲ့ကြတယ်။