မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန

ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန

ယေဟောဝါရဲ့အဖွဲ့အစည်းဟာ အရှိန်အဟုန်နဲ့တိုးတက်နေတာကြောင့် ဒေသများစွာမှာ နိုင်ငံတော်ခန်းမတွေ၊ စည်းဝေးပွဲခန်းမတွေ၊ သင်တန်းကျောင်းအဆောက်အအုံတွေ၊ ဘာသာပြန်ရုံးခွဲတွေ၊ ဌာနခွဲအဆောက်အအုံတွေ ပိုလိုအပ်လာတယ်။ ဒါကြောင့် ၂၀၁၃၊ အောက်တိုဘာလမှာ အုပ်ချုပ်ရေးအဖွဲ့က အဆောက်အအုံတွေ ဒီဇိုင်းဆွဲတာ၊ ဆောက်လုပ်တာ၊ မွမ်းမံတာ၊ ပြုပြင်ထိန်းသိမ်းတာကို အထိရောက်ဆုံးနဲ့ အသက်သာဆုံးလုပ်ဆောင်နိုင်ဖို့ ဌာနအသစ်တစ်ခုကို ဖွဲ့စည်းလိုက်တယ်။ အဲဒီဌာနသစ်ကို ကမ္ဘာချီ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန လို့ခေါ်တယ်။ နယူးယောက်၊ ဘရွတ်ကလင် ကမ္ဘာ့ဌာနချုပ်မှာ တည်ရှိပြီး အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပုံနှိပ်ထုတ်ဝေရေးကော်မတီလက်အောက်မှာ လုပ်ဆောင်တယ်။

ဒီဌာနသစ်က ဩစတြေးလျ၊ ဂျာမနီ၊ တောင်အာဖရိက၊ အမေရိကန်ပြည်ထောင်စု ဌာနခွဲတွေမှာရှိတဲ့ ဒေသန္တရ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနတွေကို ကြီးကြပ်ပေးတယ်။ အဲဒီဌာနတွေက သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို စီမံညွှန်ကြားပေးတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးလုပ်ငန်းကို အရှိန်မြှင့်တင်ဖို့ပါပဲ။ အရင်တုန်းကဆိုရင် ဒေသန္တရဆောက်လုပ်ရေးကော်မတီရဲ့အကူအညီ ဒါမှမဟုတ် ငွေကြေးအခက်အခဲရှိတဲ့နိုင်ငံတွေအတွက်အစီအစဉ်ရဲ့ အကူအညီနဲ့ နိုင်ငံတော်ခန်းမတွေဆောက်လုပ်ခဲ့တယ်။ အခု အဲဒီအစီအစဉ်နှစ်ခုကို ပေါင်းလိုက်ပြီး နှစ်ခုစလုံးရဲ့နည်းစနစ်တွေကို ဆောက်လုပ်ရေးလုပ်ငန်း အရှိန်မြှင့်တင်ရာမှာ အကောင်းဆုံးအသုံးပြုနေပြီ။

နိုင်ငံတော်ခန်းမနဲ့စည်းဝေးပွဲခန်းမတွေ ပိုလိုအပ်နေတာကို ဖြည့်ဆည်းပေးနိုင်ဖို့ ဌာနခွဲတိုင်းမှာ ဒေသခံ ဒီဇိုင်း/ဆောက်လုပ်ရေးဌာနကို ဖွဲ့စည်းခဲ့တယ်။ ဒီဌာနက ဌာနခွဲကော်မတီဆီ တိုက်ရိုက်အစီရင်ခံရတယ်။ အခုလို ပြုပြင်ပြောင်းလဲလိုက်တဲ့အတွက် ဌာနခွဲအားလုံးဟာ နိုင်ငံတော်ခန်းမနဲ့စည်းဝေးပွဲခန်းမတွေ ဆောက်လုပ်ရာမှာ ဒေသခံညီအစ်ကိုတွေကို ကူညီပေးမယ့် အချိန်ပြည့်ဆောက်လုပ်ရေးအမှုထမ်းတွေကို ခန့်အပ်နိုင်ပြီ။

၂၀၁၄၊ ဧပြီလမှာ ဘာသာပြန်ရုံးခွဲ ၉၀၊ စည်းဝေးပွဲခန်းမ ၃၅ ခုနဲ့ ဌာနခွဲဆောက်လုပ်ရေးစီမံကိန်း ၁၃၀ အပါအဝင် စီမံကိန်းကြီး ၂၇၀ ကျော်ကို ဆောက်လုပ်နေဆဲဖြစ်တယ်။ ဒါ့အပြင် နိုင်ငံတော်ခန်းမ ၁၄,၀၀၀ ကျော်ကို ဆောက်လုပ်ဖို့ ဒါမှမဟုတ် အကြီးစားပြုပြင်မွမ်းမံဖို့ အရေးတကြီးလိုအပ်နေတယ်။

ယေဟောဝါရဲ့ စည်းလုံးတဲ့လူမျိုးတော်ဟာ နိုင်ငံ၊ ယဉ်ကျေးမှု၊ ဘာသာစကားအတားအဆီးတွေကို ကျော်လွှားပြီး သန့်ရှင်းတဲ့နာမတော်ကို ချီးမွမ်းဂုဏ်တင်စရာဖြစ်စေတဲ့ အဆောက်အအုံတွေ ဆောက်လုပ်နေကြတယ်။ ဒါကိုတွေ့ရတာ တကယ့်ကိုယုံကြည်ခြင်းခိုင်ခံ့စေတယ် မဟုတ်လား။ ကမ္ဘာ့ဌာနချုပ်၊ ဝန်ထမ်းရေးရာကော်မတီရုံးခန်းမှာ အမှုဆောင်တဲ့ ဒန် မော်လ်ချန် အခုလိုပြောတယ်– “လုပ်စရာတွေ အများကြီးရှိနေသေးတယ်။ ဒါကြောင့် ဒီလုပ်ငန်းအတွက် ညီအစ်ကိုညီအစ်မတွေ ဆုတောင်းပေးတာ၊ အလှူငွေထည့်ဝင်တာကို ကျွန်တော်တို့ ကျေးဇူးတင်လေးမြတ်ပါတယ်။ စီမံကိန်းတွေမှာ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလားပေးဆပ်နေတဲ့ ညီအစ်ကိုညီအစ်မတွေကိုလည်း သိပ်ကျေးဇူးတင်ပါတယ်။”