ဒိုမီနီကန်သမ္မတနိုင်ငံ
ကက်သလစ်ချာ့ခ်ျနဲ့ ထရူဟီယို
ကက်သလစ်ချာ့ခ်ျနဲ့ ထရူဟီယိုရဲ့ဆက်ဆံရေး ဘယ်လိုရှိသလဲ။ နိုင်ငံရေးဆန်းစစ်လေ့လာသူတစ်ယောက် အခုလိုပြောပြတယ်– “ထရူဟီယိုအုပ်ချုပ်တဲ့ ၁၉၃၀-၁၉၆၁ ခုနှစ်အတွင်း ချာ့ခ်ျနဲ့ဒိုမီနီကန်အစိုးရဟာ အပြန်အလှန် အားပေးထောက်ခံခဲ့ကြတယ်။ စစ်အာဏာရှင်က ချာ့ခ်ျကိုမျက်နှာသာပေးပြီး ချာ့ခ်ျကလည်း သူ့ကိုထောက်ခံတယ်။”
၁၉၅၄ ခုနှစ်မှာ ထရူဟီယိုက ရောမကိုသွားပြီး ပုပ်ရဟန်းမင်းနဲ့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်။ ထရူဟီယိုရဲ့ လူယုံတော်ဖြစ်ဖူးတဲ့ ကာမန် အော်နီးစ် အခုလိုရေးတယ်– “ဒိုမီနီကန်ချာ့ခ်ျဟာ ထရူဟီယိုကို အားတက်သရော ထောက်ခံတဲ့အတွက် [ချာ့ခ်ျဟာ] ‘ခေါင်းဆောင်ကြီး’ [ထရူဟီယို] အတွက် အကြီးအကျယ် အထောက်အကူဖြစ်ခဲ့တယ်။ စစ်အစိုးရကိုထောက်ခံတဲ့ အထင်ကရ ဝါဒဖြန့်ချိရေးသမားတွေထဲမှာ ဂိုဏ်းအုပ်ဘုန်းကြီး ရီကာဒို ပစ်တီနီနဲ့ အော့တေးဗီယို ဘီရာ့စ်တို့ ဦးဆောင်တဲ့ ဘုန်းကြီးတွေပါတယ်။”
အော်နီးစ် အခုလို ဆက်ရှင်းပြတယ်– “ပုပ်ရဟန်းမင်းက အခါအခွင့်သင့်တိုင်း ထရူဟီယိုဆီကို လှိုက်လှဲတဲ့နှုတ်ခွန်းဆက်စကား ပို့သတယ်။ . . . ၁၉၅၆ ခုနှစ်မှာ
[ထရူဟီယို] ကမကထပြုတဲ့ ကက်သလစ်ယဉ်ကျေးမှုညီလာခံကို စီယူဒက် ထရူဟီယိုမြို့မှာ ကျင်းပတယ်။ ပုပ်ရဟန်းမင်းရဲ့ အထူးကိုယ်စားလှယ် ဖရန်စစ္စ ကာဒီနယ် စပဲလ်မဲန်း တက်ရောက်ပြီး လှိုက်လှဲနွေးထွေးတဲ့ နှုတ်ခွန်းဆက်စကား ယူဆောင်လာတယ်။ နယူးယောက်မြို့ကနေ ရောက်ရှိလာတဲ့ ကာဒီနယ် စပဲလ်မန်းကို စစ်ဦးစီးချုပ် [ထရူဟီယို] ကိုယ်တိုင် ၀မ်းမြောက်၀မ်းသာ ကြိုဆိုခဲ့တယ်။ သူတို့နှစ်ယောက် ရင်းရင်းနှီးနှီး ပွေ့ဖက်နှုတ်ဆက်နေပုံကို နောက်တစ်နေ့ထုတ် ဒိုမီနီကန်သတင်းစာအားလုံးရဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့တယ်။”၁၉၆၀ ပြည့်နှစ်မှာ တိုင်းမ် မဂ္ဂဇင်းက အခုလိုပြောတယ်– “ထရူဟီယိုနဲ့ချာ့ခ်ျရဲ့ဆက်ဆံရေးဟာ အခုချိန်ထိ အဆင်ပြေနေတုန်းပဲ။ အမေရိကန်ဂိုဏ်းချုပ်ကြီး၊ ဂိုဏ်းအုပ်ဘုန်းကြီး ရီကာဒို ပစ်တီနီဟာ အခု အသက် ၈၃ နှစ်ရှိပြီ၊ မျက်စိလည်းကွယ်သွားပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့လေးနှစ်တုန်းက နယူးယောက်တိုင်းမ် မဂ္ဂဇင်းဆီ သူပေးပို့တဲ့စာမှာ ထရူဟီယိုကို ချီးမွမ်းထားပြီး ‘ပြည်သူလူထုက အဲဒီ “စစ်အာဏာရှင်” ကို ချစ်ခင်လေးစားကြတယ်’ လို့ပြောခဲ့တယ်။”
ကက်သလစ်ချာ့ခ်ျက ထရူဟီယိုရဲ့ ရက်စက်တဲ့စစ်အုပ်ချုပ်မှုကို အနှစ်သုံးဆယ်ကြာ သစ္စာရှိရှိထောက်ခံခဲ့ပေမဲ့ နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲလာတာနဲ့အမျှ ချာ့ခ်ျရဲ့ရပ်တည်ချက်လည်း စတင်ပြောင်းလဲလာတယ်။ နိုင်ငံရေးဆန်းစစ်လေ့လာသူက အခုလိုရှင်းပြတယ်– “စစ်အုပ်ချုပ်မှုကို ပိုဆန့်ကျင်လာကြပြီး နောက်ပိုင်းမှာ နိုင်ငံအတွင်း ဒီမိုကရေစီစနစ် တည်ထောင်ဖို့ ကြိုးစားလာကြတယ်။ ဒါကြောင့် ထရူဟီယိုရဲ့ မိတ်ဆွေဟောင်းဖြစ်တဲ့ ချာ့ခ်ျအနေနဲ့ သူ့ရပ်တည်ချက်ကို မဖြစ်မနေ ပြောင်းလဲခဲ့ရတယ်။”
နောက်ဆုံး၊ ၂၀၁၁ ခုနှစ်မှာ ချာ့ခ်ျက ဒိုမီနီကန်ပြည်သူလူထုကို တောင်းပန်ရတဲ့ အခြေအနေဖြစ်လာတယ်။ ဒိုမီနီကန် တူဒေး သတင်းစာမှာ ဂိုဏ်းအုပ်အမှာစာကို အခုလို ကိုးကားဖော်ပြထားတယ်– ‘ကျွန်တော်တို့ ကျူးလွန်ခဲ့တဲ့အမှားတွေအတွက် တောင်းပန်ပါတယ်။ ယုံကြည်ခြင်း၊ ခံယူချက်နဲ့ တာ၀န်တွေအတိုင်း အမြဲမှန်မှန်ကန်ကန် မလုပ်နိုင်ခဲ့ဘူးဆိုတာ ၀န်ခံပါတယ်။ ဒါကြောင့် ဒိုမီနီကန်ပြည်သူအားလုံး ကျွန်တော်တို့ကို ခွင့်လွှတ်နားလည်ပေးဖို့ အသနားခံချင်ပါတယ်။’