ဒိုမီနီကန်သမ္မတနိုင်ငံ
ဆက်ဟောပြောခြင်း
သာသနာပြုတွေ လုပ်ငန်းကို လျှို့ဝှက်လုပ်ဆောင်ကြ
ပိတ်ပင်မှုကြောင့် ညီအစ်ကိုတွေအတွက် အင်မတန်ခက်ခဲတဲ့အချိန် စတင်လာတယ်။ ‘နိုင်ငံတော်ခန်းမတွေ ပိတ်လိုက်ရတယ်။ အစိုးရက လုပ်ငန်းကို လုံးဝပိတ်ပင်လိုက်တယ်။ ကျွန်မတို့ချစ်ရတဲ့ ညီအစ်ကိုညီအစ်မတွေဟာ စမ်းသပ်မှုတွေ၊ အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်’ လို့ သာသနာပြုညီအစ်မ အဲလ်မာ ပါစန် ပြောပြတယ်။ အလုပ်ဖြုတ်ခံရတာ၊ ထောင်ချခံရတာတွေ
လည်း ကြုံရတယ်။ ဒါပေမဲ့ ‘ယေဟောဝါရဲ့လမ်းညွှန်မှုနဲ့ ကာကွယ်မှုကို အကြိမ်ပေါင်းများစွာ ထင်ထင်ရှားရှားမြင်ခဲ့ရတယ်’ လို့ သူပြန်ပြောပြတယ်။ ညီအစ်ကိုတွေက ‘ယေဟောဝါရဲ့လမ်းညွှန်မှု’ ကို ယုံကြည်အားထားရင်းနဲ့ လုပ်ငန်းကို လျှို့ဝှက်လုပ်ဆောင်ခဲ့ကြတယ်။အသင်းတော်စည်းဝေးတွေ ကျင်းပလို့မရတော့ဘူး။ လဲန်နာ့ဒ် ဂျွန်ဆင် အခုလို ပြန်ပြောပြတယ်– ‘ညီအစ်ကိုတွေက အိမ်တွေမှာ အုပ်စုလေးတွေဖွဲ့ပြီး သိုသိုသိပ်သိပ် စုဝေးကြတယ်။ ကင်းမျှော်စင်ဆောင်းပါးတွေကို ဖယောင်းမိတ္တူကူးစက်နဲ့ကူးပြီး လေ့လာကြတယ်။ ဒီလိုအုပ်စုလေးတွေကနေတစ်ဆင့် ယေဟောဝါပေးတဲ့ခွန်အားကို သစ္စာရှိသူအားလုံး သိပ်တန်ဖိုးထားလေးမြတ်ခဲ့ကြတယ်။’
အဲဒီအချိန်အတွင်း အစိုးရက ညီအစ်ကိုတွေကို မပြတ်စောင့်ကြည့်နေပြီး အနှောင့်အယှက်ပေးတာတွေလည်း ပိုများလာတယ်။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မတွေ မကြောက်ကြဘူး။ ၁၉၅၀၊ စက်တင်ဘာ ၁၅ ရက် နေ့စွဲနဲ့ နိုင်ငံတော်သမ္မတဆီပေးပို့တဲ့စာမှာ အတွင်းရေးမှူး အန်ဂရီယာ အခုလိုရေးခဲ့တယ်– “ယေဟောဝါသက်သေအဖွဲ့ရဲ့ ဒါရိုက်တာ မစ္စတာလီ ရွိုင် ဘရန့်ဒ်နဲ့ တခြားဒါရိုက်တာတွေကို ရုံးမှာ ကျွန်တော် ခဏခဏခေါ်တွေ့တယ်။ ဒီနိုင်ငံမှာ တရားဝင်ပိတ်ပင်ထားတဲ့ သူတို့အသင်းနဲ့ပတ်သက်ပြီး ဝါဒဖြန့်တာအားလုံးကို ရပ်တန်းကရပ်ဖို့ သတိပေးတယ်။ ဒါပေမဲ့ သူတို့ကတော့ ဂရုစိုက်ပုံမရဘူး။ လျှို့ဝှက်နည်းနဲ့ ဆက်ပြီးဝါဒဖြန့်နေကြောင်း ဒေသအသီးသီးကနေ သတင်းနေ့စဉ်ရရှိနေတယ်။ ဒါက နိုင်ငံတော်အစိုးရရဲ့ သတိပေးချက်ကို မထီလေးစားလုပ်တာပဲ။” သူက ယေဟောဝါသက်သေအသင်းမှာ “အဓိကတာဝန်ရှိတဲ့ နိုင်ငံခြားသားဒါရိုက်တာတွေ” ကို ပြည်နှင်ဒဏ်ပေးဖို့ အကြံပြုပြီး စာကိုနိဂုံးချုပ်ထားတယ်။
“အားဆေးတစ်ခွက်”
၁၉၅၀ နှစ်ကုန်ပိုင်းမှာ ညီအစ်ကိုနောရ်နဲ့ ဟဲန်ရှယ်လ်တို့ ဒိုမီနီကန်နိုင်ငံကို လည်ပတ်တယ်။ အဲဒီနောက် သာသနာပြုတချို့ကို အာဂျင်တီးနား၊ ဂွာတီမာလာ
နဲ့ ပွာတီရီကိုနိုင်ငံမှာ တာဝန်ပြန်ခန့်အပ်တယ်။ တချို့ကတော့ နိုင်ငံတွင်းမှာဆက်နေနိုင်ဖို့ အလုပ်ရှာကြတယ်။ ဥပမာ၊ ညီအစ်ကိုရွိုင်က လျှပ်စစ်ကုမ္ပဏီမှာ အလုပ်လုပ်ပြီး တချို့က အင်္ဂလိပ်စာသင်တဲ့အလုပ် လုပ်ကြတယ်။ အဲဒီသာသနာပြုတွေအကြောင်းကို ၁၉၅၁ နှစ်ချုပ်စာအုပ်မှာ အခုလိုရေးထားတယ်– “သူတို့တွေ နိုင်ငံကနေထွက်မသွားဘဲ ဆက်ရှိနေတာက သူတို့ဆီကနေ အမှန်တရားသင်ယူခဲ့သူတွေ၊ သခင်ရဲ့သစ္စာရှိနောက်လိုက်တွေအတွက် အားဆေးတစ်ခွက်ပါပဲ။ အလုပ်ကိုမစွန့်ဘဲ စွဲစွဲမြဲမြဲလုပ်တဲ့ သူတို့ရဲ့သတ္တိကို မြင်ရတော့ ညီအစ်ကိုညီအစ်မအားလုံး အားရဝမ်းသာဖြစ်ခဲ့ကြတယ်။”‘သူတို့တွေ နိုင်ငံကနေ ထွက်မသွားဘဲ ဆက်ရှိ နေတာက သစ္စာရှိသူတွေအတွက် အားဆေးတစ်ခွက်ပါပဲ’
အင်္ဂလိပ်စာသင်ပေးတဲ့ သာသနာပြုတစ်ယောက်ကတော့ ဒေါ်ရသီ လောရန့်စ်ပါ။ သူက အင်္ဂလိပ်စာသင်ပေးရင်းနဲ့ စိတ်ဝင်စားသူတွေကို ကျမ်းစာလည်းသင်ပေးတယ်။ ဒီနည်းနဲ့ လူများစွာကို အမှန်တရားရလာအောင် ကူညီပေးနိုင်ခဲ့တယ်။
ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တွေဟာ အမြဲစောင့်ကြည့်ခံနေရပေမဲ့ အမှုဆောင်လုပ်ငန်းကို တခြားနည်းတွေနဲ့ ဆက်လုပ်ခဲ့ကြတယ်။ တစ်ခါတလေ စာအုပ်တွေကို တစ်စစီဖြုတ်၊ စာရွက်အနည်းငယ်ကို အင်္ကျီအိတ်ကပ်ထဲ ဒါမှမဟုတ် စျေးဝယ်တဲ့အိတ်ထဲ ခေါက်ထည့်ပြီး တခြားသူတွေမရိပ်မိအောင် ဟောပြောကြတယ်။ လယ်ကွင်းလုပ်ငန်းမှတ်တမ်းစာရွက်ကို စျေးစာရင်းပုံစံလုပ်ကြတယ်။ စာအုပ်ကြီး၊ စာအုပ်ငယ်၊ မဂ္ဂဇင်း၊ ပြန်လည်ပတ်မှု၊ နာရီ အစား သင်္ဘောသီး၊ ပဲတောင့်ရှည်၊ ကြက်ဥ၊ ဂေါ်ဖီထုပ်၊ ဒေါက်ခွရွက်ဆိုပြီး ရေးကြ
တယ်။ ဖယောင်းမိတ္တူနဲ့ကူးထားတဲ့ ကင်းမျှော်စင်ကိုတော့ အဲဒီဒေသမှာပေါက်တဲ့ ယက်ကာပန်းပင် ဒါမှမဟုတ် ပီလောပီနံပင်လို့ ခေါ်ကြတယ်။တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်
၁၉၅၄၊ ဇွန်လ ၁၆ ရက်မှာ ရာဖေးလ် ထရူဟီယိုက ဗက်တီကင်နဲ့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်။ ဒါကြောင့် နိုင်ငံတွင်းမှာ ကက်သလစ်ဘုန်းကြီးတွေ အထူးအခွင့်အရေးတွေ ရလာတယ်။ အဲဒီအချိန်မှာ သက်သေခံတွေကို ပိတ်ပင်ထားတာ လေးနှစ်ရှိပြီ။ ဒါပေမဲ့ ၁၉၅၅ ခုနှစ်ရောက်တော့ တစ်နိုင်ငံလုံးမှာ ကြေညာသူ ၄၇၈ ယောက်ရှိနေပြီ။ အခက်အခဲအမျိုးမျိုးကြားမှာ အခုလိုတိုးပွားလာတာ ဘာကြောင့်ဖြစ်မလဲ။ ၁၉၅၆ နှစ်ချုပ်စာအုပ်မှာ အခုလိုဖော်ပြထားတယ်– “ကျွန်တော်တို့အားလုံးကို ခွန်အားဖြစ်စေတဲ့လျှို့ဝှက်ချက်ကတော့ ယေဟောဝါရဲ့စွမ်းအားတော်ပါပဲ။ ညီအစ်ကိုတွေဟာ စည်းလုံးပြီး ယုံကြည်ခြင်းခိုင်ခံ့နေကြတယ်။ သတ္တိရှိရှိ ရှေ့ကိုချီတက်နေကြတယ်။”
၁၉၅၅၊ ဇူလိုင်လမှာ ကမ္ဘာ့ဌာနချုပ်ကနေ သမ္မတထရူဟီယိုဆီ စာတစ်စောင်ရေးပို့ခဲ့တယ်။ စာထဲမှာ ယေဟောဝါသက်သေတွေရဲ့ ကြားနေမှုအကြောင်း အသေးစိတ်ရှင်းပြထားပြီး ‘ယေဟောဝါသက်သေတွေနဲ့ ကင်းမျှော်စင်သမ္မာကျမ်းစာနဲ့ဝေစာအသင်းကို ပိတ်ပင်ထားတာ ရုပ်သိမ်းပေးဖို့’ သမ္မတဆီ တောင်းဆိုခဲ့တယ်။ ဘာရလဒ် ရခဲ့သလဲ။