မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒိုမီနီကန်သမ္မတနိုင်ငံ

နားမကြားသူတွေထဲမှာ အမှန်တရားကိုဦးဆုံးလက်ခံခဲ့သူ

ဟိုစေး ပါရက်စ်

နားမကြားသူတွေထဲမှာ အမှန်တရားကိုဦးဆုံးလက်ခံခဲ့သူ
  • မွေးဖွားတဲ့နှစ် ၁၉၆၀

  • နှစ်ခြင်းခံတဲ့နှစ် ၁၉၈၂

  • ကိုယ်ရေးမှတ်တမ်းအကျဉ်း အသင်းတော်မှာ လက်သင်္ကေတပြစကားတတ်တဲ့သူ တစ်ယောက်မှမရှိပေမဲ့ လူငယ်လေးဟိုစေးဟာ ညီအစ်ကိုတွေပြတဲ့မေတ္တာကြောင့် အမှန်တရားကို နှစ်သက်လာခဲ့တယ်။

ကျွန်တော်ကလေးဘဝကတည်းက နားမကြားလို့ ဆွံ့အနားမကြားကျောင်းမှာ လက်သင်္ကေတပြစကား သင်ယူခဲ့တယ်။ အသက် ၁၁ နှစ်မှာ အိမ်နီးချင်းသက်သေခံမိသားစုက အသင်းတော်စည်းဝေးတက်ဖို့ ဖိတ်ခေါ်တဲ့အခါ အမှန်တရားကို သိခွင့်ရခဲ့တယ်။ ဟောပြောချက်တွေကို နားမလည်ပေမဲ့ ကျွန်တော့်ကို နွေးနွေးထွေးထွေးကြိုဆိုကြလို့ စည်းဝေးဆက်တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ညီအစ်ကိုညီအစ်မအများစုက ကျွန်တော့်ကို ထမင်းစားဖိတ်တယ်။ တခြားလုပ်ဆောင်မှုတွေမှာလည်းပါဝင်ဖို့ ဖိတ်ခေါ်ကြတယ်။

၁၉၈၂ ခုနှစ်မှာ ကြေညာသူဖြစ်လာပြီး အဲဒီနှစ်ကုန်ပိုင်းမှာ နှစ်ခြင်းခံတယ်။ ၁၉၈၄ ခုနှစ်မှာ နားမကြားတဲ့ညီအစ်မအေဗာနဲ့ လက်ထပ်ခဲ့တယ်။ ကျွန်တော်တို့က ကျမ်းစာအမှန်တရားတချို့ကို အပြည့်အဝနားမလည်ပေမဲ့ ထင်ရှားတဲ့အမှတ်အသားဖြစ်တဲ့ ချစ်ခြင်းမေတ္တာကြောင့် ဒါဟာ ယေဟောဝါအဖွဲ့အစည်းပဲဆိုတာ နားလည်ခဲ့တယ်။ အသင်းတော်နဲ့ပေါင်းသင်းရတာကလည်း ပျော်စရာပဲ။—ယော. ၁၃:၃၅

၁၉၉၂ ခုနှစ်မှာ ညီအစ်ကိုညီအစ်မတချို့ကို အမေရိကန်လက်သင်္ကေတပြစကားသင်ပေးဖို့ စီစဉ်ကြတယ်။ မကြာခင်မှာ အဲဒီညီအစ်ကိုညီအစ်မတွေက နားမကြားသူတွေကိုလိုက်ရှာပြီး သတင်းကောင်းဟောတယ်။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ပွာတီရီကိုနိုင်ငံကမောင်နှံတစ်စုံကို ဌာနခွဲကဖိတ်ခေါ်ပြီး ညီအစ်ကိုညီအစ်မ ၂၅ ယောက်ကို လက်သင်္ကေတပြစကားသင်ပေးတယ်။ ဒါကြောင့် လက်သင်္ကေတပြစကားနဲ့ဟောပြောခြင်းလုပ်ငန်း အရှိန်ရလာတယ်။

အဲဒီနှစ်နှောင်းပိုင်းမှာ ကျွန်တော်နဲ့အေဗာဟာ အသစ်ဖွဲ့စည်းထားတဲ့ လက်သင်္ကေတပြအုပ်စုမှာ စည်းဝေးတွေစတက်ခဲ့တယ်။ လက်သင်္ကေတပြစကားနဲ့ကျင်းပတဲ့ စည်းဝေးကိုတက်မှပဲ ကျမ်းစာသွန်သင်ချက်အသေးစိတ်ကို ကောင်းကောင်းနားလည်လာတယ်။ ယေဟောဝါရဲ့စကြဝဠာအချုပ်အခြာအာဏာကို စာတန်စိန်ခေါ်တဲ့အကြောင်း၊ ဘုရားသခင့်ရည်ရွယ်ချက်မှာ မေရှိယနိုင်ငံတော်ရဲ့အခန်းကဏ္ဍ စတာတွေပေါ့။

၁၉၉၅၊ ဒီဇင်ဘာ ၁ ရက်မှာ စန်တို ဒိုမင်ဂိုမြို့နဲ့ စန်တီယာဂိုမြို့မှာ လက်သင်္ကေတပြအသင်းတော်တွေ ဖွဲ့စည်းခဲ့တယ်။ ၂၀၁၄၊ ဩဂုတ်လရောက်တော့ လက်သင်္ကေတပြအသင်းတော် ၂၆ ခုနဲ့ အုပ်စု ၁၈ စုရှိနေပြီ။

ကျွန်တော်တို့မှာ သားသမီးသုံးယောက်ရှိတယ်။ လက်သင်္ကေတပြစကားကို မိခင်ဘာသာစကားအဖြစ်ပြောတတ်အောင် သူတို့ကိုသင်ပေးတယ်။ အခု သားအကြီးဆုံးအီဘာက အမေရိကန်နိုင်ငံဌာနခွဲမှာ လက်သင်္ကေတပြဘာသာပြန်လုပ်ငန်းကို ကူညီပေးနေတယ်။ ကျွန်တော်က အသင်းတော်အမှုထမ်းအဖြစ်၊ အေဗာကတော့ မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်နေကြတယ်။