ဒိုမီနီကန်သမ္မတနိုင်ငံ
“နိုင်ငံတော်မျှော်လင့်ချက်က အိပ်မက်မဟုတ်ဘူး”
အက်ဖ်ရာအန် ဒီလာခရုဇ်
-
မွေးဖွားတဲ့နှစ် ၁၉၁၈
-
နှစ်ခြင်းခံတဲ့နှစ် ၁၉၄၉
-
ကိုယ်ရေးမှတ်တမ်းအကျဉ်း အကျဉ်းထောင်ခုနစ်ခုမှာ ထောင်ချခံရပြီး ရက်ရက်စက်စက် ရိုက်နှက်ခံရပေမဲ့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ဘယ်တုန်းကမှ မယိမ်းယိုင်ခဲ့ဘူး။
၁၉၄၈ ခုနှစ်မှာ ကျွန်တော်ဟာ ဇနီးပွတ်လာ၊ သမီးနဲ့အတူ ဘလန်ကို အာရီဗာမြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့စည်းဝေးကို စတက်ခဲ့တယ်။ အသွားအပြန် ၂၅ မိုင် ရှိတဲ့ခရီးကို လမ်းလျှောက်ရပေမဲ့ တစ်ခါမှစည်းဝေးမပျက်ခဲ့ဘူး။ ၁၉၄၉၊ ဇန်နဝါရီ ၃ ရက်မှာ ပွတ်လာနဲ့ကျွန်တော် နှစ်ခြင်းခံခဲ့တယ်။
ခြောက်လကြာပြီးနောက် ကျွန်တော်နဲ့ ကျွန်တော့်အသင်းတော်က ညီအစ်ကိုညီအစ်မတချို့ အဖမ်းခံရပြီး ထောင်ဒဏ်သုံးလ ချမှတ်ခံရတယ်။ ထောင်ထဲမှာ ကြမ်းပြင်ပေါ်အိပ်ရပြီး ငှက်ပျောသီးနဲ့ လက်ဖက်ရည်ကို တစ်ရက်မှာတစ်နပ်ပဲ စားရတယ်။ အစိုးရအရာရှိတွေက ကျွန်တော်တို့ကို ခြိမ်းခြောက်ပြီး လွှတ်ပေးလိုက်တယ်။ ဆက်ဟောတော့မှာမဟုတ်ဘူးလို့ သူတို့ထင်ကြတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်တဲ့အခါ စည်းဝေးတွေနဲ့ ဟောပြောခြင်းလုပ်ငန်းကို လျှို့ဝှက်လုပ်ဆောင်ခဲ့ကြတယ်။ အစိုးရထောက်လှမ်းရေးတွေက မပြတ်စောင့်ကြည့်နေလို့ အိမ်တွေ၊ ကော်ဖီခြံတွေနဲ့ စိုက်ပျိုးမွေးမြူရေးခြံတွေမှာ စုဝေးခဲ့တယ်။ တစ်နေရာတည်းမှာ ခဏခဏမစုဝေးဘူး။ စည်းဝေးတစ်ခုပြီးရင် နောက်စည်းဝေးကျင်းပမယ့်နေရာကို ကြေညာပေးတယ်။ ဟောပြောတဲ့အခါ အဖော်မခေါ်ဘဲ
တစ်ယောက်တည်းဟောတယ်။ လူတွေမရိပ်မိအောင်လည်း အလုပ်ဝတ်အင်္ကျီတွေ၀တ်တယ်။ ကျမ်းစာနဲ့စာပေတွေ မသုံးဘူး။ ဒီလိုလုပ်တာတောင်မှ ၁၉၄၉ နဲ့ ၁၉၅၉ ခုနှစ်ကြားမှာ ကျွန်တော် ခုနစ်ကြိမ်ထောင်ကျပြီး တစ်ကြိမ်ကို သုံးလကနေ ခြောက်လအထိ ကြာတယ်။နှိပ်စက်သူတွေထဲမှာ ကျွန်တော့်ဆွေမျိုးတွေလည်းပါတော့ တော်တော်လေး သတိထားရတယ်။ အဖမ်းမခံရအောင် တောင်ပေါ်မှာ၊ စိုက်ပျိုးရေးခြံမှာ အိပ်တာတောင် တစ်ခါတလေ အဖမ်းခံရတုန်းပဲ။ တစ်ကြိမ်မှာ ကျွန်တော့်ကိုဖမ်းပြီး စီယူဒက် ထရူဟီယိုမြို့က လာဗစ်တိုးရီးယားထောင်ကို ပို့လိုက်တယ်။ အကျဉ်းခန်းတစ်ခန်းတည်းမှာ အယောက် ၅၀၊ ၆၀ လောက် နေရတယ်။ တစ်ရက်ကိုနှစ်နပ်၊ မနက်မှာ ပြောင်းဖူး၊ နေ့လယ်မှာတော့ ပဲနဲ့ထမင်းနည်းနည်းကျွေးတယ်။ ထောင်ထဲမှာရှိတဲ့ သက်သေခံအားလုံးက အကျဉ်းသားတွေကို ဟောပြောပြီး စည်းဝေးတွေလည်း မှန်မှန်ကျင်းပတယ်။ အလွတ်ရတဲ့ကျမ်းချက်တွေ၊ အမှုဆောင်လုပ်ငန်းမှာရတဲ့ တွေ့ကြုံမှုတွေကို စည်းဝေးမှာ ပြန်ပြောကြတယ်။
နောက်ဆုံးအကြိမ် ထောင်ကျတုန်းကဆိုရင် စစ်သားတစ်ယောက်က ကျွန်တော့်ခေါင်းနဲ့နံရိုးကို ရိုင်ဖယ်သေနတ်ဒင်နဲ့ရိုက်တယ်။ အဲဒီလိုရိုက်နှက်မှုနဲ့ တခြားနှိပ်စက်မှုဒဏ်တွေကို အခုထိခံစားနေရတုန်းပဲ။ ဒါပေမဲ့ အဲဒီစမ်းသပ်မှုတွေက ကျွန်တော်ရဲ့ယုံကြည်ခြင်း၊ ခံနိုင်ရည်နဲ့ ယေဟောဝါကို၀တ်ပြုမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေခဲ့တယ်။
အခု ကျွန်တော် အသက် ၉၆ နှစ်ရှိပြီ။ အသင်းတော်အမှုထမ်းအဖြစ် အမှုဆောင်နေတုန်းပဲ။ သိပ်ဝေးဝေးမလျှောက်နိုင်တော့ပေမဲ့ အိမ်ရှေ့မှာထိုင်ပြီး လမ်းသွားလမ်းလာတွေကို ဟောပြောတယ်။ နိုင်ငံတော်မျှော်လင့်ချက်က ကျွန်တော့်အတွက်တော့ အိပ်မက်မဟုတ်ဘူး။ တကယ်ဖြစ်လာမယ့်အရာပဲ။ အဲဒီအကြောင်းကိုဟောလာခဲ့တာ အနှစ် ၆၀ ကျော်ပြီ။ နိုင်ငံတော်သတင်းကို ဦးဆုံးကြားတဲ့နေ့ကလို အခုလည်း ကမ္ဘာသစ်က ကျွန်တော့်အတွက် တကယ်တည်ရှိတဲ့အရာပါပဲ။ *
^ စာပိုဒ်၊ 3 ဒီစာအုပ်ကို ပြင်ဆင်နေတုန်း အက်ဖ်ရာအန် ဒီလာခရုဇ် ကွယ်လွန်သွားတယ်။