မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒိုမီနီကန်သမ္မတနိုင်ငံ

အခြေချ

အခြေချ

အမှန်တရားကို ရှာတွေ့ပြီ

ကွာနာ ဗန်တူရီဟာ ပိတ်ပင်ထားချိန်အတွင်း ကျမ်းစာလေ့လာပြီး ၁၉၆၀ ပြည့်နှစ်၊ အိုစာမာမြစ်မှာ နှစ်ခြင်းခံခဲ့တယ်။ တစ်ကြိမ်မှာတော့ စန်တို ဒိုမင်ဂိုမြို့က ဧဝံဂေလိအသင်းဓမ္မဆရာတစ်ယောက်က ညီအစ်မကွာနာဟာ “သူ့အသင်းသားတွေကို လုသွားတယ်” လို့ပြောပြီး ညီအစ်မကို ထောင်ချချင်လောက်တဲ့အထိ ဖြစ်ခဲ့တယ်။ ဓမ္မဆရာက ယေဟောဝါသက်သေတွေဟာ လူလိမ်တွေဖြစ်ကြောင်းသက်သေပြချင်လို့၊ ညီအစ်မကို အရှက်ခွဲချင်လို့ ချာ့ခ်ျကိုခေါ်ပြီး အသင်းသားတွေရှေ့မှာ သူ့ယုံကြည်ချက်အသစ်အကြောင်း မေးမြန်းတယ်။

ညီအစ်မကွာနာ ဒီလိုပြောပြတယ်– “သူက ‘မင်းတို့ ဘာကြောင့်မဲမပေးတာလဲ၊ ဘာကြောင့်စစ်မတိုက်တာလဲ၊ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါသက်သေတွေလို့ ဘာကြောင့်ခေါ်ကြတာလဲ’ ဆိုတဲ့မေးခွန်းသုံးခုမေးတယ်။ ကျွန်မက သူမေးတဲ့မေးခွန်းတိုင်းကို ကျမ်းစာကနေအဖြေပေးတော့ အသင်းသားအားလုံးက ကျမ်းစာကိုလိုက်ဖွင့်ပြီး သူတို့ဖတ်လိုက်ရတဲ့ ကျမ်းချက်တွေကြောင့် အရမ်းအံ့သြကြတယ်။ အများစုက အမှန်တရားကို ရှာတွေ့ပြီဆိုတာ နားလည်သွားတယ်။ အုပ်စုတစ်စုလုံး ကျမ်းစာစလေ့လာပြီး အဲဒီထဲက ၂၅ ယောက် ယေဟောဝါဆီ ဆက်ကပ်အပ်နှံခဲ့တယ်။” ဒီထူးခြားတဲ့ဖြစ်ရပ်က စန်တို ဒိုမင်ဂိုမြို့ရဲ့ ဟောပြောခြင်းလုပ်ငန်းကို အရှိန်မြှင့်ပေးခဲ့တယ်။

ယေဟောဝါသက်သေတွေ အခြေချ

ထရူဟီယိုလုပ်ကြံခံရပြီးနောက် နိုင်ငံရေးအခြေအနေ ပိုဆိုးလာတယ်။ ‘လမ်းတွေပေါ်မှာ စစ်သားတွေစောင့်ကြပ်နေတယ်။ နေ့တိုင်းလိုလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နေတယ်’ လို့ ၁၉၆၃ နှစ်ချုပ်စာအုပ်မှာ ဖော်ပြထားတယ်။ နိုင်ငံရေးမတည်ငြိမ်တဲ့ကြားက ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ဆက်လုပ်နိုင်ခဲ့တယ်။ ၁၉၆၃ ခုနှစ် လုပ်ငန်းတော်နှစ်ကုန်ပိုင်းရောက်တော့ ကြေညာသူ ၁,၁၅၅ ယောက်ရှိနေပြီ။

၁၉၆၂ ခုနှစ်မှာ ဒိုမီနီကန်နိုင်ငံကို ကမ္ဘာ့ဌာနချုပ်က နေသန် နောရ် လာရောက်လည်ပတ်တယ်။ အရှိန်အဟုန်နဲ့တိုးတက်လာတဲ့ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်နိုင်အောင် မြေကွက်ဝယ်ပြီး အဆောက်အအုံတွေဆောက်လုပ်ဖို့ စီစဉ်ပေးခဲ့တယ်။ အဲဒီမြေကွက်မှာ နှစ်ထပ်အဆောက်အအုံတစ်လုံးနဲ့ နိုင်ငံတော်ခန်းမတစ်လုံး ဆောက်လုပ်ခဲ့တယ်။ ၁၉၆၃၊ အောက်တိုဘာ ၁၂ ရက်၊ စနေနေ့မှာ ညီအစ်ကိုဖရက်ဒရစ် ဖရန့်ဇ်က ဌာနခွဲအဆောက်အအုံသစ် ဆက်ကပ်အပ်နှံပွဲအတွက် ဟောပြောချက်ပေးတယ်။ ယေဟောဝါသက်သေတွေဟာ ဒိုမီနီကန်နိုင်ငံမှာအခြေချဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ ရှင်းနေပါတယ်။ အပ်နှံပွဲပြီးလို့ သိပ်မကြာခင်မှာပဲ ကျူးဘားနိုင်ငံကနေ နောက်ဆုံးနယ်နှင်ခံရတဲ့ သာသနာပြု ဟယ်ရီနဲ့ပါကွီတာ ဒက်ဖီတို့ ရောက်လာတယ်။

တော်လှန်ရေးဖြစ်နေတဲ့ကြားက ဆက်တိုးတက်

၁၉၆၅၊ ဧပြီ ၂၄ ရက်မှာ တော်လှန်ရေးစတင်ခဲ့တာကြောင့် တစ်နိုင်ငံလုံး ဒုက္ခကြုံခဲ့ရတယ်။ အဲဒီလိုခက်ခဲတဲ့အချိန်တွေမှာ ဘုရားသခင့်လူမျိုးကတော့ ၀တ်ပြုရေးမှာ ဆက်တိုးတက်လာတယ်။ ၁၉၇၀ ပြည့်နှစ်ရောက်တော့ အသင်းတော် ၆၃ ခုမှာ ကြေညာသူ ၃,၃၇၈ ယောက်ရှိနေပြီ။ ကြေညာသူတစ်ဝက်ကျော်လောက်ဟာ လွန်ခဲ့တဲ့ငါးနှစ်အတွင်းကမှ အဖွဲ့အစည်းထဲ ရောက်လာကြတာ။ ၁၉၇၂ နှစ်ချုပ်စာအုပ်မှာ ဒီလိုရေးထားတယ်– “သူတို့က နောက်ခံအမျိုးမျိုးရှိကြတယ်။ ကားစက်ပြင်ဆရာ၊ လယ်သမား၊ လိုင်းကားဒရိုင်ဘာ၊ စာရင်းကိုင်၊ ဆောက်လုပ်ရေးလုပ်သား၊ လက်သမား၊ ရှေ့နေ၊ သွားဆရာဝန်နဲ့ နိုင်ငံရေးသမားဟောင်းတွေတောင် ပါလိုက်သေးတယ်။ သူတို့အားလုံးက အမှန်တရားနဲ့ယေဟောဝါဘုရားကို ချစ်တဲ့မေတ္တာကြောင့် စည်းလုံးနေကြတာ။”