မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒိုမီနီကန်သမ္မတနိုင်ငံ

ရှာဖွေမှု

ရှာဖွေမှု

ရှာဖွေမှုစတင်

၁၉၄၅၊ ဧပြီ ၁ ရက်၊ တနင်္ဂနွေနေ့မှာ ဂိလဒ်ကျောင်းဆင်း လဲန်နာ့ဒ်နဲ့ ဗာဂျီးနီးယား ဂျွန်ဆင်တို့ဟာ ဒိုမီနီကန်နိုင်ငံရဲ့မြို့တော် စီယူဒက် ထရူဟီယို (အခု စန်တို ဒိုမင်ဂိုမြို့) ကို ရောက်လာတယ်။ သူတို့ဇနီးမောင်နှံဟာ ပဋိပက္ခတွေ၊ ပြဿနာတွေပြည့်နှက်နေတဲ့ ဒီနိုင်ငံမှာ ဦးဆုံးသက်သေခံတွေဖြစ်တယ်။ * ၁၉၄၆ နှစ်ချုပ်စာအုပ်မှာ “ဒီနိုင်ငံဟာ ရှေ့ဆောင်နယ်မြေစစ်စစ်ပဲ။ ဂိလဒ်ကျောင်းဆင်းတွေဟာ သုညကနေ စခဲ့ရတယ်” လို့ဖော်ပြတယ်။ စဉ်းစားကြည့်ပါ– ဒီနိုင်ငံမှာ ဌာနခွဲ မရှိဘူး၊ နိုင်ငံတော်ခန်းမ မရှိဘူး၊ အသင်းတော် မရှိဘူး၊ သူတို့မှာ နေစရာအိမ် မရှိ၊ ပရိဘောဂ မရှိ၊ အသိလည်း တစ်ယောက်မှမရှိဘူး၊ စပိန်စကားလည်း နည်းနည်းပဲပြောတတ်တယ်။ ဒီတော့ သူတို့ဘာလုပ်မလဲ။

လဲန်နာ့ဒ် ဒီလိုပြောတယ်– “ကျွန်တော်တို့ ဗစ်တိုးရီးယားဟိုတယ်မှာ တည်းတယ်။ စားစရာအပါအဝင် နှစ်ယောက်အိပ်ခန်းတစ်ခန်းအတွက် တစ်ရက်ကို ငါးဒေါ်လာပေးရတယ်။ စရောက်တဲ့နေ့ နေ့ခင်းပိုင်းမှာပဲ ဦးဆုံးကျမ်းစာသင်အံမှု စခဲ့ကြတယ်။ ဖြစ်ပုံက ဒီလိုပါ– ဘရွတ်ကလင်မှာ ကျွန်တော်တို့နဲ့ ကျမ်းစာလေ့လာခဲ့တဲ့ ဒိုမီနီကန်အမျိုးသမီးနှစ်ယောက်က သူတို့ဆွေမျိုးတွေ၊ အသိမိတ်ဆွေတွေရဲ့ နာမည်ကို ပေးခဲ့တယ်။ သူတို့ထဲက တစ်ယောက်ကတော့ ဒေါက်တာဂရင်းပေါ့။ သူ့ဆီသွားလည်တော့ သူ့အိမ်နီးချင်း မိုးဇက် ရာလန်ဇ်နဲ့လည်း တွေ့တယ်။ သူတို့ရဲ့နာမည်နဲ့လိပ်စာကို ကျွန်တော်တို့ဘယ်လိုရလာမှန်း သိတဲ့အခါ နိုင်ငံတော်သတင်းကို စိတ်ဝင်တစားနားထောင်ပြီး ကျမ်းစာသင်ဖို့ သဘောတူကြတယ်။ မကြာခင်မှာပဲ မိုးဇက်ဟာ ဦးဆုံးဒေသခံကြေညာသူ ဖြစ်လာတယ်။”

၁၉၄၅၊ ဇွန်လအစောပိုင်းမှာ နောက်ထပ်သာသနာပြုလေးယောက် ရောက်လာတယ်။ စာပေအမြောက်အမြားဝေငှပြီး ကျမ်းစာသင်အံမှုအများကြီး စခဲ့ကြတယ်။ အောက်တိုဘာလရောက်တော့ စည်းဝေးလုပ်ဖို့နေရာ လိုအပ်မှန်းသိလာတယ်။ ဒါကြောင့် သာသနာပြုတွေဟာ သူတို့နေအိမ်ရဲ့ ဧည့်ခန်းနဲ့ထမင်းစားခန်းကို ပြုပြင်မွမ်းမံပြီး နိုင်ငံတော်ခန်းမဖြစ်အောင် ကြံဖန်လိုက်ကြတယ်။ အဲဒီမှာ စည်းဝေးတက်ရောက်သူ ၄၀ နီးပါးရှိတယ်။

အမှန်တရားကို ဦးဆုံးလက်ခံသူတွေထဲက တစ်ယောက်ကတော့ ပါဘလို ဘရူဇွတ်ဖြစ်ပြီး သူ့ကို ပါလေလို့ခေါ်ကြတယ်။ သူက စန်တီယာဂိုမြို့နဲ့ စီယူဒက် ထရူဟီယိုမြို့တော်ကို ဘတ်စကားဆွဲတာကြောင့် မြို့တော်ကို မကြာမကြာရောက်တတ်တယ်။ တစ်နေ့ စီယူဒက် ထရူဟီယိုမြို့မှာ ရှိနေတုန်း သာသနာပြုညီအစ်မနှစ်ယောက်နဲ့ စကားပြောဖြစ်ပြီး “အမှန်တရားသည် သင်တို့ကိုလွှတ်လိမ့်မည်” ဆိုတဲ့စာအုပ်ကို လက်ခံခဲ့တယ်။ ဒီလိုနဲ့ နေ့တိုင်း သူတို့နဲ့ ကျမ်းစာလေ့လာဖြစ်တယ်။ မကြာခင်မှာပဲ ပါလေဟာ သာသနာပြုတွေနဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်လာပြီး သူတို့ကို ကြိုပို့လုပ်ပေးတယ်။ နောက်ပိုင်းမှာ သူက ညီအစ်ကိုလဲန်နာ့ဒ် ဂျွန်ဆင်နဲ့ တွေ့ဆုံခဲ့တယ်။ သူတို့ဟာ စီယူဒက် ထရူဟီယိုမြို့တော်ကနေ မြောက်ဘက် စန်တီယာဂိုမြို့ကိုဖြတ်၊ တောင်တွေကိုကျော်ပြီး ကမ်းရိုးတန်းမြို့လေးဖြစ်တဲ့ ပွာတို ပလာတာကိုသွားတယ်။ အဲဒီမှာရှိတဲ့ စိတ်ဝင်စားသူအုပ်စုတစ်စုက နယူးယောက်၊ ဘရွတ်ကလင် ကမ္ဘာ့ဌာနချုပ်ဆီ စာရေးခဲ့လို့ သူတို့ဆီ သွားလည်ပတ်ကြတာ။

ညီအစ်ကိုနောရ်နဲ့ဖရန့်ဇ်တို့လည်ပတ်

၁၉၄၆၊ မတ်လမှာ ကမ္ဘာ့ဌာနချုပ်က နေသန် နောရ်နဲ့ ဖရက်ဒရစ် ဖရန့်ဇ်တို့ ဒိုမီနီကန်နိုင်ငံကို လည်ပတ်ခဲ့တယ်။ သူတို့လည်ပတ်မှာကို အရမ်းမျှော်လင့်နေခဲ့ကြတာ။ ညီအစ်ကိုညီအစ်မတွေအပြင် စိတ်ဝင်စားသူ ၇၅ ယောက်က ညီအစ်ကိုနောရ်ရဲ့ဟောပြောချက်ကို နားထောင်ခဲ့တယ်။ လည်ပတ်ချိန်အတွင်း ညီအစ်ကိုနောရ်က ဒိုမီနီကန်နိုင်ငံမှာ ဌာနခွဲရုံးဖွင့်ဖို့ စီစဉ်ခဲ့တယ်။

စီယူဒက် ထရူဟီယိုမြို့၊ ဦးဆုံးနိုင်ငံတော်ခန်းမမှာ ညီအစ်ကိုနောရ်နဲ့ဖရန့်ဇ်

သာသနာပြုတွေ ထပ်ရောက်လာပြီး ၁၉၄၆ လုပ်ငန်းတော်နှစ်အကုန်ပိုင်းမှာတော့ တစ်နိုင်ငံလုံးမှာ ကြေညာသူ ၂၈ ယောက်ရှိနေပြီ။ ဒီနိုင်ငံမှာ သတင်းကောင်းဟောပြောခြင်းကို အစပြုရုံပဲရှိသေးတဲ့အတွက် သာသနာပြုတွေက ဟောပြောခြင်းလုပ်ငန်းကို သေချာစီစဉ်ဖွဲ့စည်းပြီး စေ့စေ့စပ်စပ်ဟောပြောနိုင်ဖို့ ညနေပိုင်းတွေမှာ ရပ်ကွက်မြေပုံ ရေးဆွဲကြတယ်။

လုပ်ငန်းတိုးတက်လာ

၁၉၄၇ ခုနှစ်ရောက်တော့ ကြေညာသူ ၆၀ နီးပါး ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နေကြပြီ။ အဲဒီနှစ်မှာပဲ ကျူးဘားမှာအမှုဆောင်နေတဲ့ သာသနာပြုတချို့ဟာ ဒိုမီနီကန်နိုင်ငံမှာ တာဝန်ခန့်အပ်ခံရတယ်။ သူတို့ထဲမှာ ရွိုင်နဲ့ဝါနီတာ ဘရန့်ဒ်တို့ပါတယ်။ ညီအစ်ကိုရွိုင်က ဌာနခွဲအမှုထမ်းအဖြစ် ခန့်အပ်ခံရပြီး နောက်ဆယ်နှစ်ကြာအထိ အဲဒီတာဝန်ကို ဆက်ထမ်းဆောင်ခဲ့တယ်။

၁၉၄၈ လုပ်ငန်းတော်နှစ်အကုန်ပိုင်းရောက်တော့ အလုပ်ကြိုးစားတဲ့သာသနာပြုတွေနဲ့အတူ သတင်းကောင်းဟောပြောခြင်းမှာ ပါဝင်နေတဲ့ကြေညာသူ ၁၁၀ နီးပါးရှိနေပြီ။ ဒါပေမဲ့ မကြာခင်မှာ အရမ်းခက်ခဲတဲ့အချိန်တွေ ရောက်လာတော့မယ်ဆိုတာ ဇွဲထက်သန်တဲ့ ဒီဟောပြောသူတွေ မသိခဲ့ကြဘူး။

^ စာပိုဒ်၊ 1 ၁၉၃၂ ခုနှစ်ကစပြီး ဒိုမီနီကန်နိုင်ငံမှာ ကင်းမျှော်စင်စာပေတွေကို ဝေငှခဲ့တယ်။ ဒါပေမဲ့ ဂျွန်ဆင်ဇနီးမောင်နှံရောက်လာတဲ့ ၁၉၄၅ ခုနှစ်ကျမှပဲ စိတ်ဝင်စားသူတွေဆီ စတင်လည်ပတ်နိုင်ခဲ့တယ်။