မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒိုမီနီကန်သမ္မတနိုင်ငံ

“ခြင်္သေ့တစ်ကောင်လို ကျွန်တော်တိုက်ခိုက်ခဲ့”

လူးအစ္စ အက်ဒ်ဝါဒို မွန်တော့စ်

“ခြင်္သေ့တစ်ကောင်လို ကျွန်တော်တိုက်ခိုက်ခဲ့”
  • မွေးဖွားတဲ့နှစ် ၁၉၀၆

  • နှစ်ခြင်းခံတဲ့နှစ် ၁၉၄၇

  • ကိုယ်ရေးမှတ်တမ်းအကျဉ်း ရာဖေးလ် ထရူဟီယိုရဲ့ နိုင်ငံရေးပါတီမှာ အရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး စစ်အာဏာရှင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ ကျမ်းစာအမှန်တရားကို သင်ယူပြီးနောက် သူသေဆုံးတဲ့ ၂၀၀၀ ပြည့်နှစ်အထိ ယေဟောဝါကို သစ္စာရှိရှိအမှုဆောင်ခဲ့တယ်။

ထရူဟီယိုနဲ့ ဆွေမျိုးတော်စပ်သူ လူးအစ္စဟာ အာဏာရပါတီဖြစ်တဲ့ ပါတီဒို ဒိုမီနီကာနို (ဒိုမီနီကန်ပါတီ) မှာ ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒါပေမဲ့ ထရူဟီယိုအစိုးရအဖွဲ့ကို မနှစ်မြို့တဲ့အတွက် ရာထူးကနေအနားယူဖို့ ကြိုးစားပေမဲ့ ထရူဟီယိုက ခွင့်မပြုခဲ့ဘူး။

သူ့အစ်ကိုနှစ်ယောက်ကိုသတ်ပစ်ခဲ့တဲ့ ထရူဟီယိုကို လုပ်ကြံဖို့ နှစ်ကြိမ်ကြိုးစားခဲ့တယ်။ ဒါပေမဲ့ လုပ်ကြံမှုနဲ့ပတ်သက်ပြီး သူ့ကိုသံသယမဝင်ခဲ့ကြဘူး။ ထရူဟီယိုဟာ “သားရိုင်းတိရစ္ဆာန်တစ်ကောင်လိုပဲ။ လူအားလုံးကို အထက်စီးကနေ ဆက်ဆံတတ်တယ်” ဆိုပြီး လူးအစ္စပြောပြတယ်။ ထရူဟီယိုကိုလုပ်ကြံနိုင်ဖို့ နတ်ကတော်တွေဆီကိုတောင်သွားပြီး အကူအညီတောင်းခံတယ်။ နတ်ကတော်တစ်ယောက်ရဲ့အိမ်က စားပွဲပေါ်မှာ “အမှန်တရားသည် သင်တို့ကိုလွှတ်လိမ့်မည်” စာအုပ်ကိုတွေ့တော့ ဖတ်ကြည့်ပြီး အရမ်းစိတ်ဝင်စားသွားလို့ အိမ်ကိုယူလာတယ်။ အဲဒီနောက် ဒါက သူရှာဖွေနေတဲ့အမှန်တရားပဲလို့ ကောက်ချက်ချလိုက်တယ်။

လူးအစ္စဟာ စီယူဒက် ထရူဟီယိုမြို့ကိုသွားတဲ့အခါ နိုင်ငံတော်ခန်းမမှာ စည်းဝေးတက်ပြီး စာအုပ်နဲ့မဂ္ဂဇင်းတွေ ယူလာတယ်။ စာပေတွေကို တစ်ညလုံးဖတ်ပြီးနောက် နိုင်ငံတော်ခန်းမကိုပြန်သွားပြီး ကျမ်းစာသင်ပေးဖို့ တောင်းဆိုခဲ့တယ်။ သူတိုးတက်လာတာနဲ့အမျှ ထရူဟီယိုအစိုးရအဖွဲ့ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို ထရူဟီယိုသိသွားတဲ့အခါ ပွာတီရီကိုနိုင်ငံမှာ ဒိုမီနီကန်ကောင်စစ်ဝန်အဖြစ် ထမ်းဆောင်ဖို့ ကမ်းလှမ်းတယ်။ ဒါကိုလက်မခံရင် နှိပ်စက်ခံရနိုင်မှန်းသိရက်နဲ့ ကမ်းလှမ်းချက်ကို သူငြင်းလိုက်တယ်။

လူးအစ္စ အခုလိုပြောပြတယ်– “အစိုးရက ကျွန်တော့်ကို နည်းမျိုးစုံသုံးပြီး နှိပ်စက်တယ်။ အမျိုးမျိုးထောင်ချောက်ဆင်တယ်။ ဒါပေမဲ့ လောကအပျော်အပါးတွေကိုစွန့်လွှတ်ဖို့ ကျွန်တော်ဆုံးဖြတ်ပြီးပြီ။” သူက သတင်းကောင်းကို ဘွင်းဘွင်းဟောတတ်လို့ ကက်သလစ်ဘုန်းကြီးတွေက သူ့ကို “တရားဟောဆရာ” လို့ နာမည်ပေးထားတယ်။ နိုင်ငံတော်ခန်းမမှာ ဦးဆုံးအကြိမ်စည်းဝေးတက်ပြီးနောက် ခြောက်လအကြာ၊ ၁၉၄၇၊ အောက်တိုဘာ ၅ ရက်မှာ သူနှစ်ခြင်းခံခဲ့တယ်။

နှစ်ခြင်းခံပြီးတဲ့နောက် လိုက်လံဖမ်းဆီးခံရ၊ ထောင်ချခံရ၊ တိုက်ပိတ်ခံရတယ်။ သူ့ကိုသတ်ပစ်ဖို့ အမျိုးမျိုးကြိုးစားကြတယ်။ ဒါပေမဲ့ အဖမ်းခံရပြီး တရားရုံးရောက်သွားတဲ့အခါတိုင်း အခွင့်ကောင်းယူပြီး သက်သေခံတယ်။ “ယုံကြည်ခြင်းအတွက် ခြင်္သေ့တစ်ကောင်လို ကျွန်တော်တိုက်ခိုက်ခဲ့တယ်။ အဲဒီအကြောင်းတွေကို ပြန်တွေးတိုင်း ၀မ်းသာကြည်နူးမိတယ်” လို့သူပြောပြတယ်။

ဘုရားသခင့်သစ္စာရှိကျေးကျွန်တစ်ယောက်အဖြစ် သူ့အကြောင်းကို ပတ်ဝန်းကျင်က သတိမထားမိဘဲမနေပါဘူး။ ၁၉၉၄ ခုနှစ်မှာ ဒိုမီနီကန်သတင်းစာတစ်စောင် (El Siglo) က အခုလိုပြောတယ်– “မစ္စတာလူးအစ္စ အက်ဒ်ဝါဒို မွန်တော့စ်ဟာ လေးနက်တည်ကြည်သူဖြစ်တယ်လို့ ဆန်ခရစ္စတိုဘယ်မြို့မှာ ထင်ရှားတယ်။ သူက ပင်ကိုစွမ်းရည်ရှိတယ်၊ ကိုယ်ချင်းစာနာစိတ်ရှိတယ်၊ နူးညံ့သိမ်မွေ့တယ်။ ဆန်ခရစ္စတိုဘယ်မြို့ရဲ့သမိုင်းမှာ ဒီလူနဲ့ပတ်သက်ပြီး သိထားသမျှဟာ ခရစ်ယာန်တစ်ယောက်အဖြစ် သူ့ခံယူချက်နဲ့ဆက်စပ်နေတယ်။”