မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒိုမီနီကန်သမ္မတနိုင်ငံ

ဟောပြောသူတွေ ပိုလိုအပ်လာ

ဟောပြောသူတွေ ပိုလိုအပ်လာ

နယ်စွန်နယ်ဖျားတွေဆီ သတင်းကောင်းရောက်ရှိ

နောက်ပိုင်းမှာ ပက် ပါရှယ်လ်၊ အေးမို့စ်နဲ့ဘာဘရာ ပါကာ၊ ဘိုလီးဗီးယားနိုင်ငံက ရစ်ချတ်နဲ့ဘယ်လ်ဗာ စတာဒီ၊ ကိုလံဘီယာနိုင်ငံက ဂျက်ဆီနဲ့လင်း ကန့်ဝဲလ်တို့ ရောက်လာကြတယ်။ ဒီသာသနာပြုတွေကြောင့် ဟောပြောခြင်းလုပ်ငန်း မြန်မြန်ဆန်ဆန် တိုးတက်လာတယ်။ ၁၉၇၃ ခုနှစ်ရောက်တော့ ဒိုမီနီကန်နိုင်ငံရဲ့ မြို့ကြီးမြို့ငယ်တွေမှာ ကျမ်းစာပညာပေးလုပ်ငန်း တော်တော်တွင်ကျယ်နေပြီ။ ဒါပေမဲ့ နယ်စွန်နယ်ဖျားတွေမှာတော့ သတင်းကောင်းမရောက်သေးတာကြောင့် အဲဒီဒေသတွေကိုသွားဖို့ စီစဉ်ခဲ့တယ်။ ကျေးလက်ဒေသတွေမှာ နှစ်လကြာဟောပြောဖို့ စေတနာ့၀န်ထမ်းတွေကို ဖိတ်ခေါ်တဲ့အခါ မှန်မှန်ရှေ့ဆောင် ၁၉ ယောက် ပါ၀င်ခဲ့ကြတယ်။ ၁၉၇၃၊ ဒီဇင်ဘာလကနေ ၁၉၇၇၊ ဇန်နဝါရီလအတွင်း ရှေ့ဆောင်တွေဟာ တစ်ခါမှမဟောဖူးသေးတဲ့ဒေသတွေမှာ တာဝန်ခန့်အပ်ခံရတယ်။

“စာပေတွေကို ကြက်တွေ၊ ကြက်ဥတွေ၊ သစ်သီးတွေနဲ့ လဲလှယ်ကြတယ်”

ဒီအထူးအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ရှေ့ဆောင်တစ်ယောက် အခုလိုပြန်ပြောပြတယ်– “ပထမရက်မှာ သတင်းကောင်းဟောပြီး စာပေတွေပေးတယ်။ ဒုတိယရက်မှာ စိတ်၀င်စားသူတွေဆီ ပြန်လည်ပတ်တယ်။ ရွာသူရွာသားတွေက ဆင်းရဲတော့ စာပေတွေကို ကြက်တွေ၊ ကြက်ဥတွေ၊ သစ်သီးတွေနဲ့ လဲလှယ်ကြတယ်။ ယေဟောဝါရဲ့ကျေးဇူးကြောင့် တစ်ခါမှမငတ်ခဲ့ဘူး။” လူအများစုအတွက်တော့ သူတို့ဘဝမှာ ကျမ်းစာအကြောင်းကြားဖူးတာ ဒါပထမဆုံးပဲ။ ဘာသာရေးဆရာတွေက ယေဟောဝါဟာ မာရ်နတ်ပဲဆိုပြီး သင်ပေးတာမျိုးတောင်ရှိတယ်။ ဒါပေမဲ့ ‘ယေဟောဝါလို့နာမည်ရှိတဲ့ ကိုယ်တော်တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်ဆုံးအရှင်ဖြစ်တယ်’ လို့ရေးထားတဲ့ ဆာလံ ၈၃:၁၈ (ကဘ) လိုကျမ်းချက်တွေကို ဖတ်ခိုင်းလိုက်တော့ လူတွေအရမ်းအံ့သြသွားကြတယ်။ ဒေသတချို့မှာဆိုရင် စိတ်၀င်စားသူများလွန်းလို့ လူထုစည်းဝေးတွေလုပ်ဖို့ စီစဉ်ခဲ့ရတယ်။

ထပ်ရောက်လာတဲ့သာသနာပြုတွေနဲ့ ဌာနခွဲအသစ်

၁၉၇၉၊ စက်တင်ဘာလမှာ သာသနာပြု အဘီဂိုင်လ် ပီရက်စ်နဲ့ သူ့ဇနီးဂျော်ဂျီနာတို့ ရောက်လာတယ်။ သူတို့ကို တိုက်နယ်လုပ်ငန်းမှာ တာဝန်ခန့်အပ်ခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းကိုအင်အားဖြည့်ဖို့ ၁၉၈၇ ခုနှစ်မှာ ဂိလဒ်ကျောင်းဆင်း တာမ်နဲ့ရှာလီ ဒီယန်တို့ ရောက်လာတယ်။ ပွာတီရီကိုနိုင်ငံက အထူးအချိန်ပြည့်အမှုဆောင်များစွာ ရောက်လာတာကြောင့်လည်း အကျိုးဖြစ်ထွန်းခဲ့တယ်။ ၁၉၈၈၊ ဩဂုတ်လမှာ သာသနာပြု ရိုင်နာနဲ့ဂျင်းန် သော်မ်စင်တို့ ဒိုမီနီကန်နိုင်ငံကို ရောက်လာပြီး ဒါက သူတို့ရဲ့ငါးကြိမ်မြောက် တာဝန်ကျတဲ့နေရာဖြစ်တယ်။

၁၉၈၉ ခုနှစ်ရောက်တော့ ပျမ်းမျှကြေညာသူ ၁၁,၀၈၁ ယောက်ရှိလာပြီး သင်အံမှု ၂၀,၄၉၄ ခု မှတ်တမ်းသွင်းတဲ့အတွက် အနာဂတ်မှာ တိုးတက်မယ့်အလားအလာရှိနေတယ်။ ဒီလိုတိုးတက်လာတာနဲ့အမျှ စိန်ခေါ်ချက်တွေလည်းရှိလာတယ်။ ဥပမာ၊ လက်ရှိဌာနခွဲဟာ အရင်ကအဆင်ပြေခဲ့ပေမဲ့ ၁၉၈၅ ခုနှစ်နောက်ပိုင်းမှာ လုပ်ငန်းတိုးတက်လာတဲ့အတွက် သိပ်ကျဉ်းသွားတယ်။ “ဌာနခွဲမှာက ပြည့်ကျပ်နေတော့ မြို့ရဲ့တခြားနေရာတွေမှာ အိမ်တွေ၊ ဂိုဒေါင်တွေ ငှားပြီးအသုံးပြုရတယ်” လို့ရိုင်နာ သော်မ်စင်ပြောပြတယ်။

ရိုင်နာ ဒီလိုဆက်ပြောတယ်– “ဌာနခွဲအသစ်ဆောက်ဖို့ သင့်တော်တဲ့မြေနေရာ ရှာရတာမလွယ်ဘူး။ နောက်တော့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ကျွန်တော်တို့ မြေကွက်ရှာနေမှန်းကြားလို့ ဖုန်းဆက်လာတယ်။ သူ့မှာ နေရာကောင်းတစ်ခုရှိတယ်၊ ယေဟောဝါသက်သေတွေကိုပဲ ရောင်းချင်တယ်လို့ ပြောတယ်။ အထည်ချုပ်လုပ်ငန်းကြီးတစ်ခုကို သူလုပ်တုန်းက သူ့အတွင်းရေးမှူးနဲ့ အလုပ်သမားတော်တော်များများက ယေဟောဝါသက်သေတွေလေ။ သူတို့ရဲ့ ရိုးသားမှုနဲ့ လေးစားလောက်စရာအမူအကျင့်တွေကို နှစ်များစွာတွေ့ခဲ့ရတော့ သက်သေခံတွေကို သိပ်အထင်ကြီးလေးစားတာ။ ဒါကြောင့် သူ့မြေကွက်ကို စျေးအများကြီးလျှော့ပြီး ရောင်းပေးခဲ့တယ်။” အဲဒီမြေကွက်ကို ၁၉၈၈၊ ဒီဇင်ဘာလမှာ ဝယ်ယူခဲ့ပြီး ကပ်လျက်ခြံသုံးခြံကိုလည်း နောက်ပိုင်းမှာ ဝယ်ယူခဲ့တယ်။ ဌာနခွဲနဲ့စည်းဝေးပွဲခန်းမရှိတဲ့ ခြံဝင်းဟာ စုစုပေါင်း ၂၂ ဧကနီးပါး ကျယ်ဝန်းတယ်။

ဌာနခွဲနဲ့စည်းဝေးပွဲခန်းမဆောက်ဖို့ ပြည်တွင်းပြည်ပက စေတနာ့ဝန်ထမ်းရာနဲ့ချီ လာရောက်ကူညီပေးတယ်။ ၁၉၉၆၊ နိုဝင်ဘာလမှာ အဆောက်အအုံကို ဆက်ကပ်အပ်နှံတဲ့အခါ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ကယ်ရီ ဘာဘာ၊ သီအိုဒေါရ် ဂျဲရက်စ်၊ ဂဲရစ် လော့ရှ်တို့က စနေနေ့မှာကျင်းပတဲ့ အပ်နှံပွဲအစီအစဉ်မှာ ပါဝင်ခဲ့ကြတယ်။ နောက်တစ်နေ့အထူးအစီအစဉ်ကို နိုင်ငံရဲ့အကြီးဆုံးအားကစားကွင်းနှစ်ခုမှာ ကျင်းပခဲ့တယ်။ ဌာနခွဲအဆောက်အအုံသစ်ကို ဧည့်သည် ၁၀,၀၀၀ ကျော် လည်ပတ်ကြည့်ရှုခဲ့တယ်။

‘မက်ဆီဒိုးနီးယားပြည်သို့ ကူးလာပါ’

သာ၍လိုအပ်တဲ့နေရာမှာ ပြောင်းရွှေ့အမှုဆောင်တဲ့ သက်သေခံတွေအကြောင်း မပြောဘဲနဲ့တော့ ဒိုမီနီကန်နိုင်ငံက ယေဟောဝါလူမျိုးရဲ့သမိုင်းကြောင်းကိုပြောရတာ ပြည့်စုံမယ်မထင်ဘူး။ စိတ်ဝင်စားသူများတဲ့ ဒီနိုင်ငံမှာ သင်အံမှုအများကြီးရနိုင်တယ်လို့ ကြားတော့ ၁၉၈၅ ခုနှစ်နောက်ပိုင်းမှာ ညီအစ်ကိုညီအစ်မများစွာ ပြောင်းရွှေ့လာကြတယ်။ အဲဒါက “မက်ဆီဒိုးနီးယားပြည်သို့ ကူးလာ” သလိုပါပဲ။ (တ. ၁၆:၉) ဒီစေတနာ့ဝန်ထမ်းတွေက ဒိုမီနီကန်မှာအမှုဆောင်ရတာ ဘယ်လောက်ပျော်စရာကောင်းမှန်း တခြားသူတွေကို ပြောပြကြတယ်။ ဒါနဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပြောင်းရွှေ့လာသူတွေ သိသိသာသာ တိုးများလာတယ်။

ဥပမာ၊ ဒိန်းမတ်နိုင်ငံက စတီဗင်နဲ့မိရိအံ နိုရေဂါတို့ဟာ ၂၀၀၁ ခုနှစ်ကစပြီး ဒိုမီနီကန်မှာ အမှုဆောင်နေကြတယ်။ အဲဒီမတိုင်ခင်က မိရိအံဟာ အစ်မဖြစ်သူနဲ့အတူ ဒိုမီနီကန်မှာ တစ်နှစ်ခွဲကြာ အမှုဆောင်ဖူးတယ်။ ယဉ်ကျေးမှုနဲ့ ဘာသာစကားမတူတဲ့ ရပ်ဝေးဒေသမှာ အမှုဆောင်ဖို့ ဒီမောင်နှံစုံကို ဘာကလှုံ့ဆော်ပေးသလဲ။ သူတို့ဒီလိုပြောပြတယ်– “ကျွန်တော်တို့နှစ်ယောက်စလုံးက ဘုရားကိုချစ်တဲ့မိသားစုမှာ ကြီးပြင်းလာကြတယ်။ မိဘတွေက လူငယ်ဘဝမှာ အထူးရှေ့ဆောင်အဖြစ်၊ ကလေးတွေရလာပြီးနောက်မှာလည်း မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်ခဲ့ကြတယ်။ ဒါကြောင့် အချိန်ပြည့်လုပ်ငန်းမှာပါဝင်ဖို့၊ ယေဟောဝါကို အပြည့်အဝပေးဆက်ဖို့ ကျွန်တော်တို့ကို အမြဲအားပေးတယ်။”

စတီဗင်နဲ့မိရိအံတို့ဟာ ၂၀၀၆ ခုနှစ်မှာ အထူးရှေ့ဆောင်ဖြစ်လာပြီး လူအများကြီးကို အမှန်တရားသင်ပေးတယ်။ စတီဗင် အခုလိုပြောပြတယ်– “ကောင်းချီးတွေက မရေတွက်နိုင်အောင်ပါပဲ။ တွေ့ကြုံမှုကောင်းတွေ ရခဲ့တယ်။ စိတ်ရင်းမှန်သူတွေ ယေဟောဝါကို သိလာအောင်၊ ချစ်တတ်လာအောင် ကူညီပေးခြင်းကနေ ရွှင်လန်းမှုခံစားခဲ့ရတယ်။ အဲဒီကောင်းချီးတွေနဲ့နှိုင်းယှဉ်လိုက်ရင် အခက်အခဲတွေ၊ ကျန်းမာရေးပြဿနာတွေက ဘာမှမဟုတ်တော့ဘူး။ မိတ်ဆွေကောင်းတွေလည်း အများကြီးရလာတယ်။ ဒိုမီနီကန်မှာ အမှုဆောင်တဲ့အခါ နှိမ့်ချမှုနဲ့စိတ်ရှည်မှုကို သင်ယူခဲ့ရတယ်။ ရိုးရှင်းတဲ့ဘဝနဲ့နေထိုင်ရလို့ ယေဟောဝါကို ပိုယုံကြည်ပြီး အားကိုးတတ်လာတယ်။”

ဂျနီဖာ ဂျွိုင်ဟာ အနှစ် ၂၀ ကျော် အမှုဆောင်ခဲ့ပြီး လက်သင်္ကေတပြအုပ်စုမှာ ကူညီပေးနေ

တိုင်းတစ်ပါးကနေ ဒိုမီနီကန်နိုင်ငံကို လာရောက်အမှုဆောင်နေတဲ့ တစ်ကိုယ်ရေညီအစ်မတွေထဲမှာ ဂျနီဖာ ဂျွိုင်လည်းပါတယ်။ ၁၉၉၂ ခုနှစ်မှာ ဂျနီဖာက အဒေါ်လည်းဖြစ်၊ သက်တမ်းကြာသာသနာပြုလည်းဖြစ်သူ အီဒက်ဝှိုက်ဆီ လာလည်တဲ့အခါ ဒိုမီနီကန်မှာ ဟောပြောခြင်းလုပ်ငန်း တိုးတက်နေတာကို တွေ့ခဲ့တယ်။ “သာ၍လိုအပ်တဲ့နေရာ” မှာ လာအမှုဆောင်ကြတဲ့ တခြားညီအစ်မတွေနဲ့လည်း ဆုံခဲ့တယ်။ ဂျနီဖာ ဒီလိုပြောပြတယ်– “ကျွန်မက ရှက်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု သိပ်မရှိဘူး။ ဒါပေမဲ့ သူတို့လုပ်နိုင်ရင် ငါလည်း လုပ်နိုင်ရမှာပေါ့လို့ တွေးမိတယ်။”

အစကတော့ တစ်နှစ်လောက်ပဲနေမယ်လို့ သူစိတ်ကူးထားတာ။ ဒါပေမဲ့ တစ်နှစ်ပြီးတစ်နှစ် ဆက်နေရင်း အခုဆိုရင် အနှစ် ၂၀ ကျော်သွားပြီ။ သင်သားအတော်များများ ယေဟောဝါကို ကိုးကွယ်သူတွေဖြစ်လာအောင် ကူညီပေးနိုင်ခဲ့တယ်။ ဒါ့အပြင် လက်သင်္ကေတပြအုပ်စုမှာ ကူညီပေးပြီး ဘာသာစကားသင်တန်းတွေအတွက် သင်ရိုးညွှန်းတမ်းပြင်ဆင်ရာမှာလည်း ပါဝင်ကူညီခဲ့တယ်။

‘ကျွန်မကို ကိုယ်တော် အခုထိဂရုစိုက်နေတုန်းပဲ။ ဒါကြောင့် နောင်နှစ်ကျရင်ကော ကိုယ်တော်ဂရုစိုက်ပါ့မလားဆိုပြီး သံသယဝင်စရာအကြောင်းမရှိဘူး’

ဂျနီဖာ သူ့ကိုယ်သူ ဘယ်လိုထောက်ပံ့သလဲ။ သူဒီလိုပြောပြတယ်– “နှစ်တိုင်း ကနေဒါကိုပြန်ပြီး လအနည်းငယ် အလုပ်လုပ်တယ်။ အလုပ်ကတော့ မျိုးစုံပါပဲ။ ဖလင်ဆေးပြီး ဓာတ်ပုံကူးတယ်၊ ဓာတ်ပုံရိုက်တယ်၊ ဆေးသုတ်တယ်၊ ရုံးခန်းတွေကို သန့်ရှင်းရေးလုပ်တယ်၊ ကားရှေ့မီး တပ်ဆင်တယ်၊ ကော်ဇောတွေလုပ်တယ်။ ဧည့်လမ်းညွှန်၊ ခရီးသွားလုပ်ငန်းကိုယ်စားလှယ်၊ အင်္ဂလိပ်စာဆရာမအပြင် စကားပြန်လည်း လုပ်တယ်။” ဂျနီဖာဟာ သူ့ကိုယ်သူ တောကန္တာရထဲက ရှေးအစ္စရေးလူမျိုးနဲ့နှိုင်းယှဉ်ပြီး ဒီလိုပြောတယ်– “အစ္စရေးတွေဟာ ယေဟောဝါပြောသမျှစကားကို ယုံကြည်စိတ်ချပြီး အသက်ရှင်ခဲ့ကြတယ်။ ကိုယ်တော်ကလည်း သူတို့ကို ကြည့်ရှုစောင့်ရှောက်မယ်လို့ပြောတဲ့အတိုင်း လုပ်ခဲ့တယ်။ သူတို့ နေ့တိုင်းအစာစားရတယ်။ အဝတ်အစားတွေ၊ ဖိနပ်တွေ မဟောင်းနွမ်းခဲ့ဘူး။ (တရား. ၈:၃၊ ၄) ယေဟောဝါက ကျွန်မတို့ကိုလည်း ကြည့်ရှုစောင့်ရှောက်မယ်လို့ ကတိပေးထားတယ်။ (မ. ၆:၃၃) ကျွန်မကို ကိုယ်တော် အခုထိဂရုစိုက်နေတုန်းပဲ။ ဒါကြောင့် နောင်နှစ်ကျရင်ကော ကိုယ်တော်ဂရုစိုက်ပါ့မလားဆိုပြီး သံသယဝင်စရာအကြောင်းမရှိဘူး။”

အခုဆိုရင် ဂျပန်၊ စပိန်၊ ဆွီဒင်၊ ထိုင်ဝမ်၊ ပိုလန်၊ ပွာတီရီကို၊ ရုရှား၊ ဩစတြီးယား၊ အမေရိကန်စတဲ့ နိုင်ငံအသီးသီးကနေ ကိုယ်ကျိုးစွန့်ပြီး သတင်းကောင်းလာရောက်ဟောပြောသူ ၁,၀၀၀ နီးပါးရှိတယ်။ “သာ၍လိုအပ်တဲ့နေရာ” မှာ လာရောက်အမှုဆောင်နေတဲ့ လူမျိုးပေါင်း ၃၀ လောက်ဟာ အမေရိကန် လက်သင်္ကေတပြအသင်းတော်၊ တရုတ်၊ အင်္ဂလိပ်၊ ဟေတီ ကရီအောလ်၊ အီတလီ၊ ရုရှား၊ စပိန်အသင်းတော်တွေနဲ့ ပူးပေါင်းနေကြတယ်။ တမန်တော်ပေတရုလိုပဲ သူတို့က “ကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ” လို့ပြောခဲ့ကြပြီ။—မာ. ၁၀:၂၈