ဒိုမီနီကန်သမ္မတနိုင်ငံ
တိုးတက်မယ့်အလားအလာ
နာမည်ကောင်း
ဒိုမီနီကန်နိုင်ငံမှာ ယေဟောဝါသက်သေတွေရှိလာတာ အခုဆိုရင် အနှစ် ၇၀ လောက်ရှိပြီ။ အဲဒီအချိန်အတွင်း သူတို့ဟာ နာမည်ကောင်းရခဲ့ကြတယ်။ အမှုဆောင်မှာ လူတွေက သူတို့ဆီလာပြီး စာပေတွေ တောင်းလေ့ရှိတယ်။ ဒါ့အပြင် “ဒီဘာသာကို ကြိုက်တယ်၊” “ခင်ဗျားတို့က ကျမ်းစာတောင်းဆိုတဲ့အတိုင်း အသက်ရှင်ကြတယ်” ဆိုတဲ့စကားမျိုးတွေကို ရပ်ကွက်မှာကြားရတာ မဆန်းတော့ဘူး။
ဥပမာ၊ ညီအစ်ကိုတစ်ယောက်လှူဒါန်းထားတဲ့ မြေကွက်ပေါ်မှာ နိုင်ငံတော်ခန်းမဆောက်တဲ့အခါ ဘာဖြစ်ခဲ့သလဲဆိုတာ သုံးသပ်ကြည့်ပါ။ ညီအစ်ကိုက အဲဒီမြေကွက်အတွက် အမည်ပေါက်ရဖို့သွားလျှောက်တော့ တစ်စုံတစ်ယောက်က လိမ်လည်ပြီး အမည်ပေါက်အောင် လုပ်ထားပြီးပြီဆိုတာ သိလိုက်ရတယ်။ ညီအစ်ကိုဟာ ဒီမြေကွက်ကို လုယူဖို့ကြိုးစားတယ်လို့ အဲဒီလူက စွပ်စွဲလိုက်သေးတယ်။ ဒါကြောင့် အမှုကို တရားရုံးမှာဖြေရှင်းတယ်။ မြေကွက်ဟာ အဲဒီလူရဲ့နာမည်နဲ့ အမည်ပေါက်ထားတယ်ဆိုတဲ့ စာရွက်စာတမ်းတွေရှိနေတော့ ဒီအမှုက တော်တော်လေးရှုပ်ထွေးတယ်။
တစ်ကြိမ်မှာ တရားသူကြီးက ညီအစ်ကိုဘက်ကရှေ့နေကို ဘယ်သူ့အတွက် အမှုလိုက်ပေးတာလဲလို့ မေးတယ်။ ရှေ့နေက ယေဟောဝါသက်သေတွေအသုံးပြုတဲ့ အသင်းအဖွဲ့အတွက် အမှုလိုက်ပေးတာပါလို့ ပြန်ဖြေတော့ တရားသူကြီးက အခုလိုပြောတယ်– “ဒါဆိုရင် ဒီအမှုမှာ ဘယ်သူမှန်တယ်ဆိုတာ သံသယရှိစရာမလိုတော့ဘူး။ ယေဟောဝါသက်သေတွေအကြောင်း ငါသိတာပေါ့။ သူတို့က ရိုးသားတယ်၊ တခြားသူကို ဘယ်တော့မှမလိမ်ဘူး၊ သူတို့မပိုင်တဲ့အရာကိုလည်း ဘယ်တော့မှမယူဘူးဆိုတာ ငါကောင်းကောင်းသိတယ်။”
တရားရုံးမှာ အထောက်အထားတွေကို ကြားနာစစ်ဆေးတဲ့အခါ တရားခံက စာရွက်စာတမ်းအတုတွေသုံးထားမှန်း ပေါ်လာတယ်။ ဒါနဲ့ တရားသူကြီးက သက်သေခံတွေကို အနိုင်ပေးလိုက်တယ်။ “ဒီလိုအမှုမျိုးက ဒါတစ်ခုတည်း မဟုတ်ဘူး။ နိုင်ငံတစ်ဝန်းက တရားရုံးတွေမှာ ယေဟောဝါသက်သေတွေ
အကြောင်း ပြောလိုက်တဲ့အခါတိုင်း တကယ့်ကိုလေးလေးစားစား တုံ့ပြန်တတ်ကြတယ်” ဆိုပြီး သက်သေခံရှေ့နေ ရှင်းပြတယ်။အနာဂတ်ကို စောင့်မျှော်နေကြ
စိတ်ရိုးဖြောင့်သူ နောက်ထပ်ဘယ်နှစ်ယောက်က ကျမ်းစာအမှန်တရားသင်ယူပြီး စစ်မှန်တဲ့ဘုရားသခင်ကို ဝတ်ပြုသူတွေဖြစ်လာမယ်ဆိုတာ အချိန်ကပြောပြပါလိမ့်မယ်။ ဒီအတောအတွင်းမှာ စိတ်ရိုးဖြောင့်သူတွေဆီ သတင်းကောင်းရောက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြတယ်။ ဥပမာ၊ ၂၀၁၃ ခုနှစ်မှာ ဒိုမီနီကန်နိုင်ငံက ယေဟောဝါသက်သေတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ နာရီပေါင်း ၁၁ သန်းကျော် အသုံးပြုပြီး ကျမ်းစာသင်အံမှု ၇၁,၉၂၂ ခုကျင်းပခဲ့ကြတယ်။ ရှေ့ဆောင်လုပ်ငန်းတစ်မျိုးမျိုးမှာ ပါဝင်သူ ၉,၇၇၆ ယောက်ရှိခဲ့လို့ သိပ်အားရှိစရာပါပဲ။ အဲဒီနှစ် ဩဂုတ်လမှာ တက်ကြွတဲ့ကြေညာသူ ၃၅,၃၃၁ ယောက်ရှိခဲ့တယ်။ ဒီအပြင် အောက်မေ့ရာပွဲတက်ရောက်သူ ၁၂၇,၇၁၆ ယောက်ရှိတာကြောင့် အနာဂတ်မှာ တိုးတက်စရာအများကြီး ရှိနေသေးတယ်။
၁၉၄၅၊ ဧပြီလ၊ တနင်္ဂနွေနေ့မှာ လဲန်နာ့ဒ်နဲ့ဗာဂျီးနီးယား ဂျွန်ဆင်တို့ ဦးဆုံးရောက်လာပြီး သတင်းကောင်းဟောတဲ့အချိန်ကစလို့ ဒိုမီနီကန်နိုင်ငံမှာ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်း အကြီးအကျယ် တိုးတက်ခဲ့ပါပြီ။ ဒိုမီနီကန်နိုင်ငံက ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့ကြွယ်ဝလှတဲ့ ဘုရားရေးရာအမွေအနှစ်ကို တန်ဖိုးထားကြတယ်။ အရင်လူမျိုးဆက်တွေရဲ့ သတ္တိရှိရှိ ကိုယ်ကျိုးစွန့်လုပ်ဆောင်မှုတွေကိုလည်း လေးမြတ်ကြတယ်။ အခုအချိန်မှာ ‘ဘုရားသခင်၏နိုင်ငံတော်အကြောင်း စေ့စေ့စပ်စပ်သက်သေခံ’ ရတဲ့အခွင့်ထူးကိုတော့ ပိုမြတ်နိုးကြတယ်။ (တ. ၂၈:၂၃) ဒီကျွန်းမှာနေထိုင်သူအားလုံး ကမ္ဘာတစ်၀န်းက ဝတ်ပြုသူချင်းတွေနဲ့အတူပူးပေါင်းပြီး ‘ယေဟောဝါ ဘုရင်ဖြစ်ပြီ။ မြေကြီး ရွှင်လန်းပါစေ။ ကျွန်းတွေလည်း ဝမ်းမြောက်ပါစေ’ လို့သီဆိုမယ့်အချိန်ကို သူတို့စောင့်မျှော်နေကြပါတယ်။—ဆာ. ၉၇:၁၊ ကဘ။