အင်ဒိုနီးရှားနိုင်ငံ
နောက်ဆုံးတော့ ပြန်ဆုံစည်းခွင့်ရပြီ
လင်ဒါနဲ့ ဆယ်လီ အွန် ပြောပြတယ်
လင်ဒါ– ကျွန်မ ၁၂ နှစ်အရွယ်မှာ အမေက ကျွန်မမှာ ညီမလေးတစ်ယောက်ရှိတယ်၊ သူများကို မွေးစားဖို့ ပေးလိုက်တယ်လို့ ပြောပြတယ်။ သူလည်း ကျွန်မလို မွေးရာပါနားမကြားပဲလားလို့ တွေးမိတယ်။ ကျွန်မအရွယ်ရောက်လာတဲ့အထိ သူဘယ်သူမှန်း မသိခဲ့ဘူး။
ဆယ်လီ– ကိုယ့်ကိုယ်ကိုယ် မွေးစားသမီးမှန်း မသိခဲ့ဘူး။ မွေးစားအမေက ကျွန်မကို အကြီးအကျယ်ရိုက်တယ်၊ အစေခံတစ်ယောက်လို ဆက်ဆံတယ်။ မွေးရာပါနားမကြားလို့ အားငယ်ရတဲ့အထဲ အဲဒီလိုဆက်ဆံခံရတော့ ပိုဝမ်းနည်းပြီး အထီးကျန်ခဲ့ရတယ်။ နောက်တော့ ယေဟောဝါသက်သေတွေနဲ့တွေ့ပြီး ကျမ်းစာလေ့လာဖြစ်တယ်။ ဒါကို မွေးစားအမေသိသွားတော့ ကျွန်မကို ခါးပတ်နဲ့ရိုက်တယ်၊ တံခါးသော့တွေကို ပြောင်းလိုက်ပြီး အိမ်ထဲမှာ ပိတ်ထားတယ်။ အသက် ၂၀ မှာ အိမ်ကနေ ထွက်ပြေးတော့ သက်သေခံတွေက ခေါ်ထားကြတယ်။ ၂၀၁၂ ခုနှစ်အစောပိုင်းမှာ ကျွန်မနှစ်ခြင်းခံခဲ့တယ်။
လင်ဒါ– ကျွန်မအသက် ၂၀ မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတယ်။ နောက်တော့ ဂျကာတာမြို့မှာကျင်းပတဲ့ ခရိုင်စည်းဝေးကြီးတွေမှာ နားမကြားသူတွေအတွက် ဘာသာပြန်ပေးတဲ့အစီအစဉ်ရှိလို့ စတက်ခဲ့တယ်။ အဲဒီမှာ နားမကြားသူအများကြီးနဲ့ တွေ့တယ်။ ဆူမားတြားမြောက်ပိုင်းမှာနေတဲ့ သက်သေခံမိန်းကလေး ဆယ်လီနဲ့လည်း သိကျွမ်းခဲ့တယ်။ ဘာကြောင့်မှန်းမသိဘူး၊ သူနဲ့အရမ်းရင်းနှီးတယ်လို့ ခံစားရတယ်။
ဆယ်လီ– လင်ဒါနဲ့ကျွန်မ သူငယ်ချင်းကောင်း ဖြစ်သွားတယ်။ ကျွန်မတို့နှစ်ယောက် ရုပ်ဆင်တယ်လို့ ထင်မိပေမဲ့ အဲဒီကိစ္စကို သိပ်အလေးအနက် မစဉ်းစားဖြစ်ခဲ့ဘူး။
လင်ဒါ– ၂၀၁၂၊ ဩဂုတ်လ၊ ကျွန်မနှစ်ခြင်းမခံခင်တစ်ရက်မှာ ပျောက်သွားတဲ့ညီမလေးကို အရမ်းတွေ့ချင်လာတယ်။ ဒါနဲ့ “ယေဟောဝါ၊ ကျွန်မရဲ့ညီမလေးကို တွေ့ချင်လိုက်တာ။ ကိုယ်တော့်အကြောင်း ပြောပြချင်လို့ပါ” ဆိုပြီး ဆုတောင်းလိုက်တယ်။ သိပ်မကြာပါဘူး၊ လူတစ်ယောက်က အမေ့ဆီ မက်ဆေ့ခ်ျပို့ပြီး ပျောက်သွားတဲ့ညီမလေးအကြောင်း သိတယ်လို့ပြောတယ်။ အဲဒီကစပြီး ညီမလေးနဲ့ အဆက်အသွယ်ရသွားတယ်။
ဆယ်လီ– လင်ဒါက ကျွန်မဟာ သူ့ရဲ့ပျောက်သွားတဲ့ညီမလေးဆိုပြီး ပြောပြတော့ ကျွန်မလည်း ဂျကာတာမြို့ကို လေယာဉ်နဲ့ ချက်ချင်းလိုက်သွားတယ်။ လေဆိပ်ထွက်ပေါက်မှာ လင်ဒါ၊ အဖေ၊ အမေနဲ့ နောက်အစ်မတစ်ယောက် စောင့်နေတာ တွေ့လိုက်ရတော့ စိတ်လှုပ်ရှားလွန်းလို့ တုန်တုန်ယင်ယင် ဖြစ်လာတယ်။ ကျွန်မတို့တွေ ဖက်ပြီးငိုခဲ့ကြတယ်။ အမေဆို ကျွန်မကို ဖက်ထားလိုက်တာ အကြာကြီးပဲ။ အဖေနဲ့အမေက ကျွန်မကို မွေးစားဖို့ပေးလိုက်မိတဲ့အတွက် တောင်းပန်ပါတယ်လို့ ငိုပြီးပြောတဲ့အခါ အားလုံးဖက်ပြီး ငိုကြပြန်ရော။
လင်ဒါ– ကျွန်မတို့ကြီးပြင်းလာတဲ့ နောက်ခံမတူတော့ အကျင့်စရိုက်တွေကို ပြုပြင်ပြောင်းလဲခဲ့ရတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတာ။
ဆယ်လီ– အခုတော့ လင်ဒါနဲ့ကျွန်မ အတူတူနေရပြီ။ ဂျကာတာမြို့က လက်သင်္ကေတပြအသင်းတော်မှာ စည်းဝေးတွေ အတူတက်နေကြပြီ။
လင်ဒါ– ဆယ်လီနဲ့ကျွန်မ ကွဲသွားတာ အနှစ် ၂၀ ကျော်ကြာတယ်။ နောက်ဆုံးတော့ ယေဟောဝါကြောင့် ကျွန်မတို့ပြန်ဆုံစည်းခွင့်ရပြီ။