မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂျကာတာမြို့က စျေးမှာ သက်သေခံနေကြ

အင်ဒိုနီးရှားနိုင်ငံ

ဟောပြောခြင်းလုပ်ငန်း အရှိန်အဟုန်နဲ့တိုးတက်လာ

ဟောပြောခြင်းလုပ်ငန်း အရှိန်အဟုန်နဲ့တိုးတက်လာ

ယေဟောဝါသက်သေတွေကို လွတ်လပ်စွာဝတ်ပြုခွင့် ပေးလိုက်ပြီဆိုတဲ့အကြောင်း အမည်ခံခရစ်ယာန် ချာ့ခ်ျခေါင်းဆောင်တွေ ကြားတဲ့အခါ လုံးဝမကျေနပ်ကြဘူး။ ဒါနဲ့ ပရိုတက်စတင့်ချာ့ခ်ျခုနစ်ခုက ဘုန်းကြီးနဲ့ဓမ္မဆရာ ၇၀၀ ကျော်ဟာ ဂျကာတာမြို့မှာ စည်းဝေးလုပ်ပြီး ပိတ်ပင်မှုကို ပြန်အတည်ပြုပေးဖို့ အစိုးရကိုတောင်းဆိုခဲ့တယ်။ အစိုးရကတော့ မလိုက်လျောခဲ့ဘူး။

ပိတ်ပင်မှုရုပ်သိမ်းတဲ့သတင်း တစ်နိုင်ငံလုံးပျံ့သွားတော့ စိတ်ဝင်စားသူတွေက ဌာနခွဲရုံးဆီ စာရေးပြီး စာပေတွေ၊ ကျမ်းစာသင်အံမှုတွေ တောင်းဆိုကြတယ်။ ၂၀၀၃ ခုနှစ် အောက်မေ့ရာပွဲကို ၄၂,၀၀၀ ကျော်တက်ရောက်ပြီး အဲဒါက ကြေညာသူအရေအတွက်ရဲ့ နှစ်ဆကျော် ဖြစ်တယ်။ ဂျကာတာမြို့မှာ ကျင်းပတဲ့စည်းဝေးကို လူ ၁၀,၀၀၀ နီးပါး တက်ရောက်ပြီး သာသနာရေးဌာနက အဆင့်မြင့်အရာရှိတစ်ယောက်လည်း ပါတယ်။ စည်းဝေးမှာ လူကြီးလူငယ်အားလုံး ကိုယ်ပိုင်ကျမ်းစာ ဖွင့်ဖတ်နေတာကို သူတွေ့တော့ အံ့ဩသွားတယ်။ ယေဟောဝါသက်သေတွေနဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို ပြင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီလို့ ညီအစ်ကိုတွေကို ပြောတယ်။

ပိတ်ပင်မှုရုပ်သိမ်းလိုက်ပြီးနောက် အင်ဒိုနီးရှားကို သာသနာပြုတွေ ပြန်လာဖို့ လမ်းပွင့်သွားတယ်။ ဦးဆုံးပြန်လာတဲ့ သာသနာပြုတွေကတော့ (ဆော်လမွန်ကျွန်းစုက) ယိုဇက်နဲ့ ဟာရာဝါတီ နော်ဟတ် *၊ (ထိုင်ဝမ်က) အီဆာနဲ့ ဝီဟဲလ်မီနာ တာဟိုအန်၊ (ထိုင်ဝမ်က) ရိုင်နာနဲ့ ဖီလိုမီနာ တစ်မန်း၊ (ဂျပန်က) ဘီလ်နဲ့ နီနာ ပယ်ရီ တို့ဖြစ်တယ်။ သူတို့ရောက်လာပြီးနောက် ဂိလဒ်သာသနာပြုအသစ်တွေ ထပ်ရောက်လာပြီး မြောက်ပိုင်းဆူမားတြား၊ ကာလီမန်တမ်၊ မြောက်ပိုင်းဆူလာဝေစီနဲ့ တခြားဝေးလံတဲ့ဒေသတွေမှာ တာဝန်ခန့်အပ်ခံရတယ်။

‘ဟောပြောခြင်းနဲ့ သွန်သင်ခြင်းစွမ်းရည် တိုးတက်လာအောင် သင်တန်းသားတွေကို ကူညီပေးရလို့ ကျွန်တော်သိပ်ပျော်တယ်။’—ဂျူလီယမ်နပ်စ် ဘီနစ်

၂၀၀၅ ခုနှစ်မှာ ဌာနခွဲရုံးက သင်တန်းသစ်နှစ်ခု ကျင်းပတယ်။ တစ်ခုက ဓမ္မအမှုသင်တန်းကျောင်း (အခုအခေါ် သတင်းကောင်း ဟောပြောသူများအတွက်သင်တန်း) ဖြစ်တယ်။ သင်တန်းပို့ချသူ ဂျူလီယမ်နပ်စ် ဘီနစ်က “ဟောပြောခြင်းနဲ့သွန်သင်ခြင်းစွမ်းရည် တိုးတက်လာအောင်၊ အဖွဲ့အစည်းအတွက် ပိုအသုံးဝင်သူတွေ ဖြစ်လာအောင် သင်တန်းသားတွေကို ကူညီပေးရလို့ ကျွန်တော်သိပ်ပျော်တယ်” ဆိုပြီးပြောတယ်။ သင်တန်းဆင်းများစွာဟာ အခုဆိုရင် အထူးရှေ့ဆောင်တွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေ ဖြစ်နေကြပြီ။ နောက်သင်တန်းတစ်ခုကတော့ နယ်လှည့်ကြီးကြပ်မှူးတွေအတွက်သင်တန်း * ဖြစ်တယ်။ ဒီသင်တန်းကိုတက်ရောက်တဲ့ ညီအစ်ကိုအများစုဟာ ပိတ်ပင်ချိန်အတွင်းမှာ လေ့ကျင့်ခံခဲ့ရတာ။ အခု ဒီသင်တန်းသစ်က ပိတ်ပင်မှုရုပ်သိမ်းပြီးနောက် သူတို့ရဲ့တာဝန်တွေကို လုပ်ဆောင်နိုင်ဖို့ ကူညီပေးတယ်။ သင်တန်းတက်ခဲ့တဲ့ ညီအစ်ကိုပွန်ချို ပရာချိုယို အခုလိုပြောတယ်– “တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်အနေနဲ့ ပိုစာနာတတ်အောင်၊ ကိုယ့်တာဝန်ကို ပိုကျေပွန်နိုင်အောင် ဒီသင်တန်းက ကူညီပေးခဲ့တာ။ ကျွန်တော့်ကို အားသစ်လောင်းပေးတဲ့၊ စိတ်ဓာတ်တက်ကြွစေတဲ့ သင်တန်းပါပဲ။”

အရေးတကြီးလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း

၂၅ နှစ်ကြာ ပိတ်ပင်ချိန်အတွင်း အသင်းတော်အများစုဟာ အိမ်တွေမှာ စည်းဝေးလုပ်ရတယ်။ အသင်းတော်အနည်းငယ်ကပဲ နိုင်ငံတော်ခန်းမ ဆောက်နိုင်ခဲ့တယ်။ ခန်းမအသစ်ဆောက်ဖို့ ခွင့်ပြုချက်မရတာ များတယ်။ အသင်းတော်အများစုကလည်း မြန်မြန်ဆန်ဆန် တိုးတက်လာနေတယ်။ ဒီအရေးတကြီးလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဌာနခွဲရုံးက နိုင်ငံတော်ခန်းမဆောက်လုပ်ရေးဌာန (အခုအခေါ် ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန) ကို ဖွဲ့စည်းခဲ့တယ်။

ဆောက်လုပ်ရေးအစီအစဉ်သစ်ကြောင့် ဦးဆုံးအကျိုးခံစားရတဲ့ဒေသကတော့ ဆူမားတြားကျွန်းမြောက်ပိုင်းက နီးအတ်စ်ကျွန်းပဲ။ ဂွန်နွန်စီတိုလီအသင်းတော်က သက်တမ်းကြာညီအစ်ကို ဟန်ဂိုအာရို ဂါရာ အခုလိုပြောတယ်– “နိုင်ငံတော်ခန်းမသစ်တစ်လုံး ရတော့မယ်ကြားတော့ အရမ်းဝမ်းသာသွားတာပဲ။ ဌာနခွဲရုံးကလွှတ်လိုက်တဲ့ ဆောက်လုပ်ရေးစေတနာ့ဝန်ထမ်း ခုနစ်ယောက်က စီမံကိန်းကို ဦးဆောင်ပေးခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ ခန်းမဆောက်ပြီးသွားတယ်။” ဒေသခံဆောက်လုပ်ရေးကော်မတီဝင် ဖော်နာဆိုကီး လော်လီ အခုလိုပြောတယ်– “အရင်ကဆို အိမ်လေးတွေမှာပဲ စည်းဝေးလုပ်ရတာဆိုတော့ လူတွေက ယေဟောဝါသက်သေတွေကို အထင်သေးကြတယ်။ နိုင်ငံတော်ခန်းမလည်း ပြီးသွားရော တက်ရောက်သူ ၂၀ ကနေ ၄၀ အထိ တိုးလာတယ်။ ၁၂ လအတွင်းမှာ ၅၀၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့တယ်။ ခန်းမက ဒီဒေသမှာ အကောင်းဆုံးအဆောက်အအုံပဲ။ အခုဆိုရင် လူတွေက ယေဟောဝါသက်သေတွေကို လေးစားလာကြပြီ။”

ဗန်ဒွန်းမြို့က နိုင်ငံတော်ခန်းမ

၂၀၀၆ ခုနှစ်မှာ ဂျာဗားအနောက်ပိုင်း၊ ဗန်ဒွန်းမြို့မှာ ဦးဆုံးခန်းမဆောက်ဖို့ မြေနေရာရှာကြတယ်။ ဆောက်လုပ်ရေးကော်မတီမှာ အမှုဆောင်တဲ့အကြီးအကဲ ဆင်းဂပ် ပန်ဂျာတန် အခုလိုပြောပြတယ်– “၁၂ လ ကြာမှ သင့်တော်တဲ့မြေနေရာ ရှာတွေ့တယ်။ ဒါပေမဲ့ အာဏာပိုင်တွေဆီက ခွင့်ပြုချက်မရခင် အနည်းဆုံး အိမ်နီးချင်းအယောက် ၆၀ က သဘောတူဖို့လိုတယ်။ ဒါနဲ့ အိမ်နီးချင်းခုနစ်ဆယ့်ခြောက်ယောက်က သဘောတူတယ်လို့ ပြောကြတယ်။ အရင်တုန်းက သက်သေခံတွေကိုမကြိုက်တဲ့၊ ရပ်ကွက်မှာ အရေးပါအရာရောက်တဲ့ အမျိုးသမီးတစ်ယောက်လည်းပါတယ်။ ခန်းမဆောက်ပြီးသွားတဲ့အခါ အိမ်နီးချင်းတွေနဲ့ ဗန်ဒွန်းမြို့တော်ဝန်ကို ဖွင့်ပွဲတက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ မြို့တော်ဝန်က ‘သန့်ရှင်းသပ်ရပ်တဲ့ ဒီခန်းမကို တခြားချာ့ခ်ျတွေလည်း အတုယူသင့်တယ်’ လို့ပြောတယ်။” အဲဒီနှစ်ထပ်ခန်းမကို ၂၀၁၀ ပြည့်နှစ်မှာ အပ်နှံခဲ့တယ်။

အင်ဒိုနီးရှားမှာ ၂၀၀၁ ခုနှစ်ကစပြီး နိုင်ငံတော်ခန်းမ ဆောက်လုပ်ခဲ့တာ အခုဆို ၁၀၀ ကျော်သွားပြီ။ ဒါပေမဲ့ ခန်းမအများကြီး လိုအပ်နေသေးတယ်။

^ စာပိုဒ်၊ 3 ဟာရာဝါတီ နော်ဟတ်ရဲ့ အတ္ထုပ္ပတ္တိကို ၂၀၁၁၊ ဖေဖော်ဝါရီလထုတ် နိုးလော့! [လိပ်] မှာဖတ်ကြည့်ပါ။

^ စာပိုဒ်၊ 1 အခုအခေါ် တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဇနီးတွေအတွက်သင်တန်း။