မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖီဂျီ

ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့ သွန်သင်ခြင်း

သမုဒ္ဒရာ ကျွန်းနိုင်ငံများ

သမုဒ္ဒရာ ကျွန်းနိုင်ငံများ
  • နယ်မြေ​ပေါင်း ၂၉

  • လူဦးရေ ၄၁,၀၅၁,၃၇၉

  • ကြေညာသူ ၉၈,၅၇၄

  • ကျမ်းစာသင်အံမှု ၆​၇,၆​၀၉

ကိုးနှစ်​ကြာပြီး​မှ ဆရာမ တုံ့ပြန်

ဩစတြေးလျ​နိုင်ငံ​က အို​လီဗီ​ယာ​ဟာ သူငယ်​တန်း​တုန်းက ဆရာမ​ကို အောက်မေ့ရာပွဲ တက်ဖို့ ဖိတ်​ခဲ့တယ်။ နောက်ထပ် ရှစ်နှစ်​လုံးလုံး ဆက်တိုက် ဖိတ်​ခဲ့တယ်။ နောက်ဆုံး ၂၀​၁၆ ခုနှစ်မှာ ဆရာမ​က တက်​မယ်လို့ ဖုန်းဆက်​တယ်။ အို​လီဗီ​ယာ နှစ်​တိုင်း ဖိတ်​လို့ ဂုဏ်ယူ​တယ်လို့ ဆရာမ ပြောတယ်။ ဆရာမ​က ခင်ပွန်း​နဲ့အတူ အောက်မေ့ရာပွဲ လာ​တက်တယ်။ ဆရာမ​ရဲ့ ခင်ပွန်းက မြို့နယ်​ကောင်စီ​မှာ အလုပ်လုပ်​ခဲ့ဖူး​လို့ နိုင်ငံတော်ခန်းမ ဆောက်​တဲ့​အချိန်ကို မှတ်မိ​တယ်​တဲ့။ ခန်းမ​ဆောက်လုပ်ရေး စီမံကိန်း စနစ်တကျ ဖွဲ့စည်းပုံ​ကြောင့် အထင်ကြီး​လေးစား​ခဲ့တဲ့​အကြောင်း ညီအစ်ကိုတွေ​ကို ပြောပြတယ်။ အဲဒီ​ညနေ​မှာ သိပ်ပျော်​ခဲ့ကြ​လို့ ခန်းမ​က​နေ နောက်ဆုံး​မှ ပြန်သွား​ကြ​တယ်။

ဩစတြေးလျ– ကိုးနှစ်အကြာမှာ အိုလီဗီယာ ဇွဲဆုရ

စာအုပ်ကို သုံးခါ​ဖတ်​ခဲ့

ဂျေ​စင်​တူး​နဲ့ ဇနီးဟာ အရှေ့​တီ​မော​နိုင်ငံမှာ နေတယ်။ ထက်သန်တဲ့ ကက်သလစ်​တွေ ဖြစ်တယ်။ သူတို့ရဲ့ တူ​က ယေဟောဝါသက်သေ ဖြစ်သွား​ပြီး မိသားစုနဲ့​အတူ ဝတ်​မပြု​တော့​လို့ အံ့ဩ​ခဲ့ကြတယ်။ တူ​ဖြစ်တဲ့​သူ မှား​နေ​ပြီ​ဆိုတာ သက်သေပြ​ဖို့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာ​က ဘာလဲ စာအုပ်ကို ဖတ်ဖို့ ဂျေ​စင်​တူး ဆုံးဖြတ်​လိုက်တယ်။ ရည်ရွယ်ချက်​က သွန်သင်ချက်​အမှားတွေ​ကို ရှာ​ဖို့​ပဲ။ နောက်ပိုင်းမှာ “ငါ ဒီစာအုပ် ဖတ်​ပြီးပြီ။ အားလုံး ကောင်းတယ်” လို့ ဇနီးကို ပြောတယ်။

“ရှင် သေသေချာချာ မဖတ်​လို့ နေ​မှာပေါ့။ ပြန်ဖတ်​ကြည့်ပါ​ဦး။ ဒီ​တစ်ခါ​တော့ ဖြည်းဖြည်း ဖတ်​နော်” လို့ ဇနီးက ပြန်ပြောတယ်။

ဂျေ​စင်​တူး ဖြည်းဖြည်း​ဖတ်​ပြီး “အားလုံး ကောင်းတယ်။ အားလုံး ကျမ်းစာ​ထဲက​ပဲ။ လူသေ​တွေကို ကိုးကွယ်မှု​အကြောင်း​လည်း ကျမ်းစာထဲက​ပဲ” လို့ပြောတယ်။

ဇနီးက “တတိယအကြိမ် ဖတ်ကြည့်ပါ​ဦး။ ဒီ​တစ်ခါ​တော့ အပိုဒ်​တိုင်း​ကို မျဉ်း​သား​ပါ။ သေသေချာချာ လေ့လာ​ပါ။ မှား​ကို မှား​ရမယ်” လို့ပြောတယ်။

ဂျေ​စင်​တူး စာအုပ်ကို ဂရုတစိုက် ဖတ်​ပြီး အပိုဒ်​တိုင်း​ကို မှတ်သား​ထားတယ်။ တတိယအကြိမ်​မြောက် သေသေချာချာ ဖတ်​ပြီး​တဲ့အခါ “အားလုံး အမှန်​တွေ​ချည်း​ပဲ။ ငါ​တို့​တူ မှန်တယ်” လို့ပြောတယ်။ အခု ဂျေ​စင်​တူး​ဟာ ယေဟောဝါသက်သေ​တွေနဲ့ ကျမ်းစာ ဖတ်​နေ​ပြီ။

သမီး​က ပြောပြ

ဂူ​အမ်​ကျွန်း​မှာ​နေတဲ့ ရှေ့ဆောင်​ညီအစ်မ​ဟာ ပုန်​ပေ​ဘာသာစကား​ပြော အမျိုးသမီး​တစ်ယောက်​ဆီ လည်ပတ်​ပြီး သမ္မာ​ကျမ်းစာကို ဘာကြောင့်​ လေ့လာသင့်သလဲ ဗီဒီယို ပြခဲ့တယ်။ ပြန်လာ​မယ်လို့ ညီအစ်မ​က ပြောတယ်။ အကြိမ်ကြိမ် ပြန်သွား​ပေ​မဲ့ အဲဒီ​အမျိုးသမီး​ကို အိမ်​မှာ မ​တွေ့​ဘူး။ အမျိုးသမီး​ရဲ့ သမီး တံခါး​လာ​ဖွင့်ပေး​တဲ့အခါ​ ယေဟော​ဝါရဲ့ မိတ်ဆွေ ဖြစ်ပါ ဗီဒီယို ဖွင့်ပြ​ဖို့ ညီအစ်မ ဆုံးဖြတ်​လိုက်တယ်။ သမီး သိပ်ကြိုက်​သွားတယ်။ နောက်​တစ်ခါ ညီအစ်မ သွား​တဲ့အခါ အမေ တံခါး​လာ​ဖွင့်ပေး​ပြီး ကျမ်းစာ​သတင်းတရား​ကို လိုလို​ချင်​ချင် လက်ခံ​ခဲ့​တယ်။ ဗီဒီယို ပြ​တဲ့​အမျိုးသမီး​ရဲ့ ချာ့ခ်ျ​ကို သွား​သင့်တယ်​လို့ သမီး​ဖြစ်သူ ပြောခဲ့​ပုံ​ရတယ်။ အဲဒါကြောင့် အမေ စိတ်ဝင်စား​သွားတာ​ဖြစ်မယ်။ ကျမ်းစာသင်အံမှု ပြုလုပ်​ပုံ ပြ​ပေးပြီး ကျမ်းစာ ဆက်သင်​ဖို့ စီစဉ်​ခဲ့ကြတယ်။

“ထိန်း​သူ​မရှိတဲ့ သိုးတွေလို”

တိုက်နယ်ကြီးကြပ်မှူး တာ​ရန်​နဲ့ ဇနီး စ​တယ်​လာ​ဟာ ပါပူဝါနယူးဂီနီ​မှာရှိတဲ့ မခန့်အပ်​ရ​သေး​တဲ့ ရပ်ကွက်​ကို သွား​ကြ​တယ်။ တာ​ရန် ဒီလို​ပြောပြတယ်– “ပထမနေ့ မနက်စောစော​မှာ ကျွန်တော်တို့ အိပ်​နေတုန်း တံခါးခေါက်သံ ကြား​ရတယ်။ လူတွေ အိမ်ပြင်​မှာ စောင့်နေ​လို့ မနက် ၆ နာရီ​က​နေ မွန်း​တည့်​အထိ ဟောပြော​တယ်။ ရေချိုး​ဖို့ ခဏနား​ပြီးတော့ နောက်ထပ်​လူတွေ အများကြီး စောင့်နေ​တာ​ကို တွေ့ရ​ပြန်​တယ်။ ဒါနဲ့ မွန်း​လွဲ ၂ နာရီ​က​နေ ည​သန်း​ခေါင်​အထိ ဟော​တယ်။” နောက်​တစ်နေ့ မနက်စောစော ထပြီး နောက်​တစ်နေရာ​မှာ တိုက်နယ်​လင်မယား သွား​ဟော​ကြ​တယ်။ သူတို့​တည်း​တဲ့​နေရာ​ကို လူတွေ လာ​ကြည့်​တော့ မ​တွေ့​တော့ဘူး။ “ကျွန်တော်တို့ သွားတဲ့​နေရာ​ကို သိသွား​တဲ့အခါ လိုက်​လာကြတယ်။ မွန်း​တည့်​အထိ ဟော​ရ​ပြန်​ရော။ ကျွန်တော်တို့ တည်း​တဲ့​နေရာ​ကို ပြန်သွား​တဲ့အခါ နောက်​တစ်ဖွဲ့​က စောင့်နေ​ပြန်​တယ်။ နေ့တိုင်း အဲဒီ​လိုပဲ။ အဲဒီ​ဒေသက လူတွေဟာ ‘ထိန်း​သူ​မရှိတဲ့ သိုးတွေလို’ ဖြစ်နေ​ကြ​တယ်။”—မ. ၉:၃၆

ပါပူဝါ နယူးဂီနီ– လူတွေ တာရန်နဲ့ စတယ်လာကို အားတက်သရော စောင့်နေကြစဉ်

အ​ကြော​ပြင်​ဆရာမ​အတွက် လက်ဆောင်

န​ယူး​ကယ်​လီဒိုး​နီး​ယား​က ရှေ့ဆောင် အဲန်​ဂျီး​ဟာ လက်​နာ​လို့ အကြော​ပြင်​ဆရာမ​ဆီ သွားရတယ်။ အဲန်​ဂျီး​ကို ကုပေး​ရင်းနဲ့ လူများစွာ ဒီဝေဒနာ ခံစားရ​တာ​ကို တွေ့ရ​လို့ ဘုရား ရက်စက်​တယ်လို့ တွေးမိကြောင်း အ​ကြော​ပြင်​ဆရာမ​က ပြောတယ်။ ဘုရား​ဘက်က ခုခံ​ကာကွယ်​ဖို့ အခွင့်အရေး ပေး​လို့ ယေဟောဝါ​ဆီ အဲန်​ဂျီး တိတ်တိတ်လေး ဆုတောင်း ကျေးဇူးတင်​လိုက်တယ်။ ပြီးတဲ့နောက် ဆင်းရဲဒုက္ခ​တွေ အဆုံးတိုင်​မှာ​လား ဝေစာ ပေးပြီး ဗျာဒိတ် ၂၁:၃၊ ၄ ကို ဖတ်ပြ​လိုက်တယ်။

ဆရာမ​က “ရှင်​ဖတ်ပြ​တဲ့​ကျမ်းပိုဒ် ကျွန်မ​ကျမ်းစာ​ထဲမှာ ရှိလို့​လား။ အဲဒီမှာ ခရစ်ဝင်ကျမ်း​တွေပဲ ပါ​တာ” လို့ပြောတယ်။ အဲန်​ဂျီး ယေဟောဝါသက်သေ​မှန်း သိသွား​တဲ့အခါ သူ့​ဇာတိ​နိုင်ငံ ချီလီ​မှာ သက်သေခံ​တွေနဲ့ တွေ့ဖူး​ကြောင်း ပြောပြတယ်။

JW ရုပ်သံ​မှာ ချီလီ​ဌာနခွဲ​မှတ်တမ်း ပါ​တာ အဲန်​ဂျီး သတိရ​သွားတယ်။ ဒါနဲ့ နောက်​တစ်ခါ ဆရာမ​ဆီ သွား​ပြ​တော့ တက်ဘလက် ယူသွား​ပြီး အဲဒီ​အကြောင်း ဖွင့်ပြ​လိုက်တယ်။ ချီလီနိုင်ငံ ဗေသလ​နဲ့ အစည်းအဝေး​ပွဲ​ခန်းမ​ကို တွေ့​တဲ့အခါ ဆရာမ သိပ်​သဘောကျ​သွားတယ်။ အဲဒီနောက် အဲန်​ဂျီး ဒီလို ဆက်ပြော​တယ်– “အပြည့်အစုံ​ပါတဲ့ ဒီ​ကျမ်းစာက ဆရာမ​အတွက်​ပါ။ ပြီး​ခဲ့တဲ့​အပတ်​က ကျွန်မ​ဖတ်ပြ​ခဲ့တဲ့ ဗျာဒိတ် ၂၁:၃၊ ၄ ကို ဖတ်​လို့​ရ​ပြီ။” ဆရာမ​က ထိုင်​ရာ​က​နေ အဲန်​ဂျီး​ကို ထ​ဖက်​လိုက်​ပြီး “သိပ်ကောင်းတဲ့ လက်ဆောင်​နှစ်ခု​အတွက် ကျေးဇူးတင်ပါတယ်” လို့ပြောတယ်။

နယူးကယ်လီဒိုးနီးယား– အကြောပြင်ဆရာမ စိတ်ထိမိသွား

နောက်​တစ်ခါ ပြန်သွား​တဲ့အခါ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာ​က ဘာလဲ စာအုပ်ကို ယူသွား​ပေးပြီး ကမ္ဘာပေါ်မှာ ဘာကြောင့် ဆင်းရဲဒုက္ခ​တွေ ရှိနေရတဲ့​အကြောင်း ရှင်းပြ​ခဲ့တယ်။ အားလပ်ရက်​မှာ ချီလီ​ကို ပြန်​မှာ​မို့ စာအုပ်ကို အပြီး​ဖတ်နိုင်​ဖို့ ယူသွား​မယ်လို့ ဆရာမ​က ပြောခဲ့တယ်။