ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့ သွန်သင်ခြင်း
အမေရိက
-
နယ်မြေပေါင်း ၅၇
-
လူဦးရေ ၉၉၈,၂၅၄,၀၈၇
-
ကြေညာသူ ၄,၁၅၄,၆၀၈
-
ကျမ်းစာသင်အံမှု ၄,၃၅၃,၁၅၂
“ကျွန်တော် လေ့လာမယ်”
မက္ကဆီကိုနိုင်ငံက အစ္စမေးလ်ဟာ ကျမ်းစာကို အစအဆုံး ဖတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်နှစ်အတွင်းမှာပဲ နှစ်ခါအပြီး ဖတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မျက်စိကွယ်သွားတယ်။ နှစ်အနည်းငယ်ကြာပြီးနောက် ယေဟောဝါသက်သေဖြစ်တဲ့ အိန်ဂျယ်က သူ့ကို ဘုရားသခင့် ကတိတွေအကြောင်း ပြောပြတယ်။ အစ္စမေးလ် ထပ်သိချင်ပေမဲ့ “ကျွန်တော် မျက်စိမမြင်ဘူး။ ကျမ်းစာ မဖတ်နိုင်ဘူး” လို့ ပြောလိုက်တယ်။
အိန်ဂျယ်က “မစိုးရိမ်ပါနဲ့၊ ကျွန်တော် မျက်မမြင်စာ သင်ပေးမယ်” လို့ပြောလိုက်တယ်။
“ခင်ဗျား မျက်မမြင်စာ တတ်သလား” လို့ အစ္စမေးလ်က မေးတော့၊
“မတတ်ပါဘူး၊ ဒါပေမဲ့ ခင်ဗျားနဲ့အတူ လေ့လာမယ်လေ” လို့ အိန်ဂျယ်က ပြန်ဖြေတယ်။ သူ့အတွက်နဲ့ အိန်ဂျယ် အဲဒီလိုလုပ်မယ်ဆိုတာ အစ္စမေးလ် မယုံနိုင်အောင် ဖြစ်သွားတယ်။ အိန်ဂျယ် အိမ်ပြန်သွားပြီး မျက်မမြင်စာဖတ်နည်း လေ့လာတယ်။ ကတ်ထူစက္ကူပေါ်မှာ လက်နဲ့ စမ်းဖတ်ရတဲ့ မျက်မမြင်စာ ဗျည်းတွေကို ဖောက်တယ်။ နောက်တော့ အစ္စမေးလ်ကို မျက်မမြင်စာဖတ်နည်း သင်ပေးတယ်။ မကြာခင်မှာပဲ အစ္စမေးလ်ဟာ မျက်မမြင်စာ အက္ခရာတွေကို သိလာတယ်။ အစည်းအဝေးတွေ တက်လာပြီး အဖွဲ့အစည်းထုတ် မျက်မမြင်စာပေတွေကို ဖတ်လာတယ်။ အခု အိန်ဂျယ်မှာ မျက်မမြင် ကျမ်းစာသင်အံမှု ၄ ခု ရှိနေပြီ။ မျက်စိပြန်မြင်ရမယ့် အနာဂတ်ပရဒိသုအကြောင်း ပြောရတာကို သူတို့ နှစ်သက်ကြတယ်။
သူ မမှတ်မိဘူး
အမေရိကန်နိုင်ငံက ၁၄ နှစ်အရွယ် ညီအစ်မ ဗီယာနာက “လူမှုရေးဘာသာ အတန်းချိန်မှာ အစားထိုးဆရာက ဘာသာရေးအကြောင်း စပြောတယ်။ ဘာသာရေးတချို့ရဲ့ နာမည်ကို ပြောခိုင်းလို့ ယေဟောဝါသက်သေတွေလို့ ကျွန်မ ပြောလိုက်တယ်။ အတန်းသားတွေ ရယ်ကြတယ်၊ ကျွန်မတို့က သူတို့ရဲ့ အချိန်ကို ဖြုန်းတယ်၊ အကျိုး မရှိဘူး၊ ကျွန်မတို့ရဲ့ စာပေတွေကို လွှင့်ပစ်လိုက်တယ်လို့ ပြောကြတယ်။ ဆရာလည်း ကျွန်မတို့အကြောင်း မကောင်းတာတွေ ပြောတယ်။
“ဒါနဲ့ သက်သေခံဖို့ ခွန်အားပေးပါလို့ ယေဟောဝါဆီ ဆုတောင်းလိုက်တယ်။ သူတို့အိမ်တွေကို သွားတယ်ဆိုတာ သူတို့ရဲ့အချိန်ကို ဖြုန်းချင်လို့ မဟုတ်ဘဲ ကျမ်းစာမှာပါတဲ့ အကြံဉာဏ်ကောင်းတွေ ပေးဖို့ ယေဟောဝါ စေလွှတ်လို့ သွားတာပါလို့ ပြောပြလိုက်တယ်။ စာပေတွေကို မလွှင့်ပစ်ပါနဲ့၊ အဲဒါတွေက အသက်တာတွေကို ပြောင်းလဲပေးနိုင်တယ်၊ သူတို့ကို ကယ်တင်နိုင်တယ်လို့ ပြောလိုက်တယ်။ ဆရာက တောင်းပန်ပြီး နောက်တစ်ခါ သက်သေခံတွေ လာရင် တံခါးဖွင့်ပေးမယ်၊ နားထောင်မယ်၊ စာပေတွေကို ဖတ်ပါမယ်လို့ ကတိပေးတယ်။ ဆရာက ပြောတဲ့အတိုင်း လုပ်လို့ ကျွန်မ အံ့ဩသွားတယ်။
“နောက်လေးလအကြာမှာ ဆရာ့ကို ပြန်တွေ့တော့ ကျမ်းစာလေ့လာနေပြီ။ နောက်ခြောက်လအကြာမှာ သူ့ကို ဟောခဲ့လို့ ကျေးဇူးတင်ကြောင်း ပြောဖို့ ကျောင်းမှာ ကျွန်မကို လာရှာတယ်။ ဆရာ ဆံပင် ညှပ်ပြီး မုတ်ဆိတ် ရိတ်ထားလို့ ကျွန်မ မမှတ်မိဘူး။ အခု နှစ်ခြင်းမခံသေးတဲ့ ကြေညာသူ ဖြစ်နေပြီ။
အမေဇုန်မှာ သက်သေခံခြင်း
လွန်ခဲ့တဲ့နှစ်က ကျယ်ပြောတဲ့ အမေဇုန်ဒေသဟာ ဘရာဇီးနိုင်ငံက ယေဟောဝါရဲ့ လူတွေအတွက် အထူးစိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်။ အဲဒီဒေသက လူအများစုဟာ သတင်းကောင်း မကြားဖူးကြဘူး။ အဲဒါကြောင့် အမေဇုန်ဒေသရဲ့ အခေါင်ဆုံးနေရာမှာ နေထိုင်တဲ့ လူများစွာဆီ သတင်းကောင်း ရောက်နိုင်အောင် တစ်နှစ်ကြာ ဟောပြောခြင်းကင်ပိန်းတစ်ခုလုပ်ဖို့ အုပ်ချုပ်ရေးအဖွဲ့ သဘောတူခဲ့တယ်။
ကင်ပိန်းကာလမှာ နိုင်ငံတော်ကြေညာသူတွေ ရေလမ်းခရီးနဲ့ ရောက်နိုင်တဲ့ အမေဇုန်ဒေသမှာရှိတဲ့ ၅၃ မြို့ကို ဌာနခွဲရုံးက ရွေးချယ်လိုက်တယ်။ လေးလအတွင်းမှာပဲ ကြေညာသူ ၆,၅၀၀ ကျော် ဖိတ်ခေါ်ချက်ကို လက်ခံခဲ့တယ်။
ကြေညာသူ မရှိ၊ ဝေးခေါင်တဲ့ အနာမားမြို့မှာ ညီအစ်ကို/မ ၁၀ ယောက်ဟာ ၁၁ ရက်ကြာ နေထိုင်ပြီး ဟောပြောခဲ့ကြတယ်။ စာပေ ၁၂,၅၀၀ ကျော် ဝေငှပြီး ကျမ်းစာသင်အံမှု ၂၀၀ စနိုင်ခဲ့တယ်။ အခု ဖုန်းနဲ့ ကျမ်းစာသင်နေတယ်။ ညီအစ်ကိုတွေဟာ အဲဒီမှာ ရှိနေတုန်း အစည်းအဝေးတွေလည်း ကျင်းပခဲ့ကြတယ်။ မပြန်ခင် နောက်ဆုံး အစည်းအဝေးမှာ လူ ၉၀ တက်ခဲ့လို့ ဝမ်းသာခဲ့ကြတယ်။ ကင်ပိန်းရဲ့ အကျိုးရလဒ်အပြည့်အဝကို မမြင်ရသေးဘူး။
jw.org ကို ညွှန်ပြခဲ့
လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက ဟေဇယ်နဲ့ မာရီနာတို့ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ကျောင်းတစ်ကျောင်းမှာ တစ်တန်းထဲ အတူတက်ခဲ့တယ်။ ဟေဇယ်က ယေဟောဝါသက်သေဖြစ်လို့ မာရီနာရဲ့ ကဲ့ရဲ့လှောင်ပြောင်တာကို ခံရလေ့ရှိတယ်။ ဘဝမှာ ပျော်စရာ ဘယ်လိုရှာရတယ်ဆိုတာ ဟေဇယ် မသိဘူးလို့ မာရီနာ ယုံကြည်ခဲ့တယ်။ တစ်နေ့တော့ အပျက်သဘောထား စကားတွေ ပြောဆိုခံရပြီးနောက်မှာ ဟေဇယ်က “မာရီနာ၊ ငါတို့ရဲ့ jw.org ဝက်ဆိုက်ထဲ ဆယ်ကျော်သက်များ’ ကို ဖွင့်ကြည့်ပါလို့ ပြောလိုက်တယ်။”
ဝင်ပြီး ‘ဗီဒီယိုများ’ ထဲက ‘အဲဒီနေ့ နေ့လယ်မှာ မာရီနာက ဟေဇယ်ကို ဖုန်းဆက်ပြီး “နင် ဘာဖြစ်လို့ အဲဒီလိုပြုမူနေထိုင်သလဲဆိုတာ သိပြီ” လို့ပြောတယ်။
သူဘာကိုဆိုလိုမှန်း အသေအချာ မသိလို့ ဟေဇယ်က “ငါ့ကို လှောင်နေပြန်တာလား” လို့မေးလိုက်တယ်။
“မဟုတ်ပါဘူး၊ ငါ မလှောင်တော့ပါဘူး။ ‘ဘဝမှာ ပျော်စရာ’ လို့ ငါထင်ခဲ့တဲ့အရာတွေက ပြဿနာအများစုကို ဖြစ်စေတယ်ဆိုတာ အခု ငါသဘောပေါက်ပြီ” လို့ မာရီနာ ပြောတယ်။ မာရီနာနဲ့ ကျမ်းစာ မှန်မှန်လေ့လာဖို့ စီစဉ်ခဲ့တယ်။ အခုဆိုရင် အစည်းအဝေးအားလုံးကို တက်နေပြီ။
ပါစတာအတွက် မေးခွန်းများ
ဟေတီနိုင်ငံ၊ ချာ့ခ်ျတစ်ခုက အတွင်းရေးမှူး ဇာရူးလ်ဟာ သူ့မေးခွန်းအားလုံးကို ကျမ်းစာနဲ့ အဖြေပေးခဲ့လို့ သက်သေခံတွေကို အထင်ကြီးသွားတယ်။ သူနဲ့ သမီး ကျမ်းစာသင်အံမှု လက်ခံလိုက်တယ်။ လေ့လာခဲ့တာတွေကြောင့် စိတ်ထိမိသွားပြီး တစ်ပတ်မှာ နှစ်ကြိမ် သင်ပေးဖို့ တောင်းဆိုခဲ့တယ်။
သုံးလကြာ လေ့လာပြီးနောက်မှာ ဇာရူးလ်က ချာ့ခ်ျ ပါစတာဆီ သွားပြီး “ယေရှု ဘယ်ခုနှစ်မှာ နန်းထိုင်သလဲ။ လူကောင်းတွေ သေရင် ဘယ်ရောက်သွားသလဲ။ လူဆိုးတွေ သေရင် ဘယ်ရောက်သွားသလဲ။ ယေရှု သေတာ လက်ဝါးကားတိုင်ပေါ်မှာလား၊ သစ်တိုင်ပေါ်မှာလား” ဆိုတဲ့ မေးခွန်းလေးခု မေးခဲ့တယ်။ မေးခွန်း ၂ နဲ့ ၃ ပဲ ဖြေမယ်လို့ ပါစတာက ပြောတယ်။ “ယေဟောဝါသက်သေတွေကတော့ ၁၄၄,၀၀၀ ပဲ ကောင်းကင်သွားမယ်လို့ ပြောတယ်။ ငါကတော့ လူကောင်းအားလုံး ကောင်းကင်သွားမယ်၊ လူဆိုးတွေကတော့ ထာဝစဉ် ငရဲကျမယ်လို့ ထင်တယ်” လို့ဖြေတယ်။ ကျမ်းချက်အကိုးအကား ပြပါလို့ ပြောတော့ ပါစတာ မပြနိုင်ဘူး။ ဇာရူးလ် စိတ်ပျက်သွားပြီး ကျမ်းစာဆက်လေ့လာဖို့ ပိုစိတ်ခိုင်မာသွားတယ်။ ချာ့ခ်ျကနေ နုတ်ထွက်လိုက်တယ်။ ယေဟောဝါသက်သေတွေနဲ့ သုံးလ ကျမ်းစာလေ့လာလို့ သိရတာတွေက နှစ်ပေါင်း ၃၀ ချာ့ခ်ျ တက်ပြီး သိခဲ့တာတွေထက် ပိုများနေတယ်လို့ ပြောတယ်။ သိပ်မကြာသေးခင်က ဇာရူးလ်နဲ့ သမီး နှစ်ခြင်းခံလိုက်ပြီး သူတို့ရွာမှာ ကျမ်းစာသင်အံမှု ၂၃ ခု ကျင်းပနေတယ်။