မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မကာအို

ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့ သွန်သင်ခြင်း

အာရှနဲ့ အရှေ့အလယ်ပိုင်း ဒေသ

အာရှနဲ့ အရှေ့အလယ်ပိုင်း ဒေသ
  • နယ်မြေ​ပေါင်း ၄၉

  • လူဦးရေ ၄၆၄,၃၇၄,၇၇၀

  • ကြေညာသူ ၇၂၈,၉၈၉

  • ကျမ်းစာသင်အံမှု ၇၇၁,၂၇၂

တွေ့ဆုံမှု​တစ်ခုက​နေ အစပြု​ပြီး လူများစွာ တုံ့ပြန်

ဖိလစ်ပိုင်​နိုင်ငံ​က ဂျော်​န​သန်​ဟာ ဆရာ​ဝန်​နဲ့ တွေ့​ဖို့ စောင့်နေ​တယ်။ သပ်သပ်ရပ်ရပ် ဝတ်စားဖြီးလိမ်း​ထား​လို့ ဧည့်ကြို​ကောင်တာ​က အမျိုးသမီး သတိထား​မိ​ပြီး အာမခံ​ကိုယ်စားလှယ်​လား​လို့ မေးတယ်။ ဂျော်နသန်​က ယေဟောဝါသက်သေ ​ဖြစ်ကြောင်း၊ သက်သေခံ​လူနာ​တစ်ယောက် ဆေးခန်း​လာ​ပြ​တာ​ကို ကူညီပေး​တာ​ဖြစ်ကြောင်း ပြောပြ​လိုက်တယ်။ ဧည့်ကြို လိုင်​လာက သူ့​အဖေ သိပ်​မကြာသေးခင်က​မှ ဆုံးသွား​ကြောင်း၊ ကင်းမျှော်စင် ပုံမှန်​ဖတ်​ကြောင်း ဂျော်​န​သန်​ကို ပြောပြတယ်။ ဂျော်​န​သန်​က ယောဟန် ၅:၂၈၊ ၂၉ ကိုဖတ်​ပြပြီး ချစ်​ရသော​သေလွန်သူများ​အတွက် မည်​သည့် မျှော်လင့်ချက် ရှိ​သနည်း ဝေစာ​ကို​ပေးလိုက်​တယ်။

ဖိလစ်ပိုင်– ဧည့်ကြိုကို ဂျော်နသန် သက်သေခံနေစဉ်

လိုင်​လာ​ဆီ ဆက်​လည်ပတ်​ပြီး နောက်ထပ်​စာပေ​တွေ ပေးခဲ့တယ်။ ညီအစ်​မ​တစ်ယောက်နဲ့ လွှဲ​ပေးပြီး ကျမ်းစာ စတင်​လေ့လာ​ခဲ့တယ်။ သိပ်​မကြာခင်​မှာ​ သူ့​ခင်ပွန်း၊ တစ်အိမ်​တည်း​အတူနေ​တဲ့ ညီမ၊ အမေတို့​လည်း လိုင်​လာ​နဲ့အတူ ကျမ်းစာလေ့လာ​ကြ​တယ်။

အိမ်နီးချင်း​ဖြစ်တဲ့ ရို​ဇီ​က လိုင်​လာ​ရဲ့ အိမ်​ကို ဘာကြောင့် ဧည့်သည်​တွေ အများကြီး လာ​တာလဲ​လို့ မေးတယ်။ ယေဟောဝါသက်သေ​တွေနဲ့ ကျမ်းစာ​လေ့လာ​နေ​ကြောင်း ပြောပြတယ်။ ဒါနဲ့ ရို​ဇီ​လည်း ကျမ်းစာ စလေ့လာ​တယ်။ သူ့​နယ်​ကို အလည်သွား​တဲ့အခါ ညီမ​ဖြစ်သူ​ကို လေ့လာ​ခဲ့တဲ့​အရာတွေ​အကြောင်း ပြောပြတယ်။ ညီမ​ဖြစ်တဲ့ အ​ဘိဂဲ​လ်​လည်း စိတ်ဝင်စား​ပြီး ကျမ်းစာ​သင်ပေး​ဖို့ တောင်းဆို​ခဲ့တယ်။ ရို​ဇီ​ရဲ့ အမေ​လည်း ကျမ်းစာသင်အံမှု လက်ခံခဲ့​တယ်။

မကြာခင်​မှာပဲ ခရိုင်​အစည်းအဝေး​တစ်ခုမှာ လိုင်​လာ နှစ်ခြင်းခံ​တယ်။ သူ့​အမေ​လည်း နှစ်ခြင်းခံ​ပြီးပြီ။ အိမ်နီးချင်း ရို​ဇီ​နဲ့ ညီမ​လည်း ပြီး​ခဲ့တဲ့​နှစ်​က နှစ်ခြင်းခံ​တယ်။ ရို​ဇီ​ရဲ့​အမေ​လည်း အခု အစည်းအဝေး​တွေ ပုံမှန်​တက်​နေ​ပြီ။ လိုင်​လာ​ရဲ့ မိသားစုဝင်​တွေလည်း ကျမ်းစာ ဆက်လေ့လာ​နေကြတယ်။ ဒါတွေ​အားလုံးဟာ ဆေးရုံမှာ အစပြု​ခဲ့တဲ့ တွေ့ဆုံမှု တစ်ခုကြောင့်​ပါပဲ။

နည်းပညာ သုံးပြီး နားမကြားသူ​တွေဆီ အရောက်သွား

သီ​ရိ​လင်္ကာ​နိုင်ငံရဲ့ လက်သင်္ကေတပြ လယ်ကွင်း​ဟာ အခု တိုးတက်​နေ​ပြီ။ ၂၀​၁၅ ခုနှစ်​တုန်းက သက်သေခံ​တွေမှာ​ရှိတဲ့ နားမကြားသူ​တွေရဲ့ လိပ်စာ​ ၈၀ တောင် မပြည့်​ဘူး။ စာရွက်​နဲ့​ပဲ မှတ်တမ်းတင်ထားတယ်။ အဲဒီအချိန်ကစပြီး ပထမဆုံး လက်သင်္ကေတပြ အသင်းတော်ကို ဖွဲ့စည်း​ခဲ့တယ်။ လူနာ​မည် ၄၂၀ နဲ့ လိပ်စာ​တွေကို GPS နဲ့အတူ ကွန်ပျူတာ​မှာ မှတ်တမ်းသွင်း​ထားတယ်။ ညီအစ်ကိုတွေ​ဟာ ၈၀ ရာခိုင်နှုန်း​လောက်​ကို လူ​ကိုယ်တိုင်​ဖြစ်စေ၊ ဗီဒီယို​နဲ့​ဖြစ်စေ၊ စာ​နဲ့​ဖြစ်စေ ဆက်သွယ်​ခဲ့ကြ​ပြီ။ “အခု နားမကြား ကြေညာသူ​တွေအတွက် ရပ်ကွက်​တွေ စီစဉ်​ပေးထား​ပြီ။ အရင်တုန်းက​တော့ ကိုယ်တိုင် သိထား​တဲ့ နားမကြား​တွေဆီ​ကိုပဲ လည်ပတ်​ကြ​တယ်” လို့ သာသနာပြု​ဇနီးမောင်နှံ ပြောတယ်။

အစိုးရ​အရာရှိ​က ကျေးဇူးတင်

မွန်​ဂိုလီ​ယား​နိုင်ငံ​က ညီအစ်ကိုတွေ​ဟာ အပူချိန် -၃၀ ဒီဂရီ စင်​တီ​ဂရိတ် အောက်မှာ​တောင် လူစည်ကား​တဲ့နေရာမှာ လူထုရှေ့သက်သေခံခြင်း​ကို တက်တက်ကြွကြွ လုပ်ဆောင်ကြ​တယ်။ အစိုးရ​အရာရှိ​တစ်ယောက်က စင်​ပေါ်​က စာအုပ်တစ်အုပ်​ကို ယူပြီး ကျေးဇူးတင်ကြောင်း ဒီလို စာတိုလေး ရေးခဲ့တယ်– “ကျွန်တော်က ဗုဒ္ဓဘာသာ​ဝင်​ပါ။ ဒါပေမဲ့ တခြား​ဘာသာ​တွေကိုလည်း လေ့လာ​တယ်။ တစ်ခုတည်း​ကို မကိုင်စွဲ​ဘဲ တခြား​ဘာသာ​တွေကိုလည်း လေ့လာ​ကြည့်​သင့်တယ်​လို ကျွန်တော် ခံယူ​ထားတယ်။ ခင်ဗျား​တို့ ထုတ်​ထားတဲ့​စာပေ​တချို့ကို ဖတ်​ပြီး​တဲ့အခါ ကျွန်တော့်​ခံစားချက်ကို ပြောပြဖို့ ဆုံးဖြတ်​လိုက်တယ်။ လက်တွေ့ကျ​တဲ့၊ အကူအညီ ဖြစ်စေတဲ့ အကြောင်းအရာတွေ​ကို ထုတ်ဝေ​ဖို့ အချိန်နဲ့ ခွန်အား အများကြီး ရင်းနှီး​ရ​မှန်း ကျွန်တော်​သိ​ပါတယ်။ သမ္မာကျမ်းစာ​ဟာ မဖတ်​မဖြစ် ဖတ်​ရမယ့်​စာအုပ် ဖြစ်မှန်း သိလာ​တယ်။ ဒီစာအုပ်​က အမှန်တရား​ပဲ။ ကျမ်းစာက စစ်မှန်တဲ့ လမ်းပြ​ပါပဲ။ မွန်​ဂိုလီ​ယား​လို ဘာသာပြန်​ပေး​သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ရာသီဥတု အခြေအနေ ဘယ်လိုပဲ​ရှိပါစေ လူတွေကို စာပေ​ဝေငှ​နေ​သူ အားလုံးကို​လည်း ကျေးဇူးတင်ပါတယ်။”

မွန်ဂိုလီယား– အေးတဲ့ရာသီမှာ လူထုရှေ့ သက်သေခံနေစဉ်

သူ့​ဆုတောင်းချက် ဖြေကြား​ခံရ

ဟောင်​ကောင်​က ရှေ့ဆောင်​ညီအစ်ကို ဘ​ရက်​ဟာ အသက် ၃၀ နားကပ်​နေတဲ့ လူတစ်ယောက်​ကို သာယာချမ်းမြေ့​တဲ့ မိသားစု​ဘဝကို ဘယ်လို ရရှိနိုင်​သလဲ ဝေစာ ပေးလိုက်​တယ်။ အဲဒီ​ဝေစာ​ကို ကြည့်ပြီး မျက်ရည်ကျ​လာတယ်။ သူ အမှန်တရား​မှာ ကြီးပြင်းခဲ့​တဲ့​အကြောင်း၊ အသက် ၁၆ နှစ်မှာ အိမ်​က​နေ ထွက်ပြေး​ခဲ့တဲ့​အကြောင်း ပြောပြတယ်။ နောက် ငါးနှစ်​အထိ လမ်းပေါ်​မှာပဲ နေ​ခဲ့​ပြီး ပရဟိတ အဖွဲ့​တစ်ဖွဲ့​နဲ့ မ​တွေ့​ခင်​အထိ ဆေးစွဲ​ခဲ့​ကြောင်း ပြောပြတယ်။

“ကျွန်တော် ငယ်ငယ်​က ကိုးကွယ်​ခဲ့တဲ့ ဘာသာ​က အမှန်​ဆိုရင် ဒီနေ့ နိမိတ်​တစ်ခု ပြပါ” လို့ ညီအစ်ကို​နဲ့ တွေ့​တဲ့ မနက်ပိုင်း​မှာ ဆုတောင်း​ခဲ့​ကြောင်း ပြောပြတယ်။ ဆုတောင်းချက် အဖြေပေး​ခံရ​တယ်လို့ သူ​ခံစား​ခဲ့ရတယ်။ အနား​က ကော်ဖီ​ဆိုင်​ကို သွားပြီး ယေဟောဝါ​ထံ ပြန်လာ​ပါ​ဆိုတဲ့ ဘရိုရှာ​ထဲက​အကြောင်း သူတို့​နှစ်ယောက် ဆွေးနွေး​ခဲ့ကြတယ်။ အဲဒီ​ညနေ​မှာပဲ လူငယ်​က ပြင်သစ်​နိုင်ငံ​ကို ပြန်​မှာ​မို့​လို့ ဆက်သွယ်​ရမယ့်​လိပ်စာ အပြန်အလှန် ပေးခဲ့​ကြ​တယ်။ နောက်ပိုင်း လူငယ်​က ဘ​ရက်​ကို ဒီလို စာရေးခဲ့တယ်– “ချစ်လှစွာ​သော ညီအစ်ကို၊ ကျွန်တော့်ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေး​ခဲ့တယ်။ တနင်္ဂနွေ​ကျ​ရင် အနီးဆုံး​ခန်းမ​ကို ကျွန်တော်​သွားမယ်။” ပြင်သစ်​မှာ ယေဟောဝါသက်သေ​တွေနဲ့ ဆက်သွယ်​ပြီး ကျမ်းစာ စလေ့လာ​တယ်၊ အစည်းအဝေး​တွေ တက်​နေ​ပြီ။