မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဇာဘိုင်ဂျန်

ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့ သွန်သင်ခြင်း

ဥရောပ

ဥရောပ
  • နယ်မြေ​ပေါင်း ၄၇

  • လူဦးရေ ၇၄၄,၄၈၂,၀၁၁

  • ကြေညာသူ ၁,၆​၁၁,၂၉၀

  • ကျမ်းစာသင်အံမှု ၈၃၄,၁၂၁

အေးအေးဆေးဆေး တုံ့ပြန်

ဂျော်ဂျီယာနိုင်ငံ​မှာ လူတစ်ယောက် စာအုပ်စင်​နား လာပြီး “ဒီ​နေရာမှာ ဟော​ခွင့်မပြု​ဘူး။ ဂျော်ဂျီယာ​က ဩသဒေါ့ ခရစ်ယာန်​နိုင်ငံ” လို့ အော်ပြော​တယ်။ ကျွန်တော်တို့ရဲ့ စာပေတွေကို ဖတ်ဖူး​လား​လို့ စင်​ဘေး​က ညီအစ်ကို​က အဲဒီ​လူ​ကို ကောင်းကောင်း​မွန်မွန် မေးလိုက်​တယ်။ “တစ်ခါ​မှ မဖတ်ဖူး​ဘူး” လို့​ပြန်ဖြေ​တယ်။ ဖတ်ကြည့်ပါ​လား​လို့ ညီအစ်ကို လိမ္မာပါးနပ်​စွာ ပြောလိုက်​တယ်။ ကောင်းကောင်း​မွန်မွန် ပြန်ပြော​တဲ့အတွက် စာပေ​တချို့ ယူသွား​တယ်။ ရက်​အနည်းငယ် အကြာ​မှာ ပြန်လာ​ပြီး သူ့ရဲ့​လုပ်ရပ်​အတွက် တောင်းပန်​ခဲ့တယ်။ မျက်စိ​မမြင်​တဲ့ သူ့​အမေ​ကို အဲဒီ​စာပေ​တွေ ဖတ်ပြ​တဲ့​အကြောင်း ပြောပြတယ်။ အမေ​ရော သူ​ပါ သိပ်ကြိုက်​လို့ နောက်ထပ် စာအုပ်တွေ လိုချင်​တယ်။ အခု စာအုပ်စင်​နား ပုံမှန်​လာပြီး နောက်ဆုံးထုတ် မဂ္ဂဇင်း​တွေ ယူ​နေတယ်။

ပိုကောင်းတဲ့ ဖြေရှင်းနည်း

အဇာဘိုင်ဂျန်​နိုင်ငံမှာ ညီအစ်ကို​နှစ်ယောက်​ဟာ အဆောက်အဦ​တစ်ခု​ရှေ့မှာ ရပ်နေတဲ့ လူငယ်​တစ်ယောက်​ကို သက်သေခံ​ခဲ့တယ်။ လူငယ်​က “ကျွန်တော် ဒါတွေ​ကို နားထောင်​လို့ မရဘူး၊ အပြစ်​ဖြစ်​လိမ့်မယ်” လို့​ ပြန်ပြောတယ်။ သူ့​အိတ်ကပ်​ထဲက ဓား​တစ်ချောင်း ထုတ်​လာပြီး “ကျွန်တော် မတရား​ဆက်ဆံခံရ​တယ်။ ဒီ​ဓား​ကို သုံးပြီး တရားမျှတမှု​ရ​အောင် လုပ်​မ​လို့” လို့ပြောတယ်။

ညီအစ်ကိုတွေ အံ့ဩ​သွားပေ​မဲ့ “လူ​သတ်​တာ အပြစ်​ပဲ” လို့ပြော​လိုက်​ကြ​တယ်။

“ကျွန်တော် ဘာ​လုပ်သင့်​သလဲ” လို့ ပြန်​မေးတယ်။ ညီအစ်ကိုတွေ​က ရောမ ၁၂:၁၇-၂၁ ကိုဖတ်​ပြပြီး လက်စားချေ​တယ်ဆိုတာ ဘုရားရဲ့ အလုပ်၊ “အဆိုး​နဲ့ တုံ့ပြန်​ပြီး အၡုံး​မခံ​ပါနဲ့။ အကောင်း​နဲ့ တုံ့ပြန်​ပြီး အဆိုး​ကို အမြဲ​အနိုင်ယူ” ဖို့ ရှင်းပြ​လိုက်တယ်။ နူးညံ့​တဲ့​စကား​ရဲ့ အစွမ်းတန်ခိုး​အကြောင်း၊ အကယ်​၍ တစ်ယောက်ယောက်​ကို ထိခိုက်​စေတယ်၊ သေစေ​တယ်ဆိုရင် သိစိတ် ဒုက္ခ​ပေးတာ ခံရ​မှာဖြစ်​ကြောင်း ပြောပြတယ်။ လူငယ် စိတ်ထိမိ​သွားပြီး ထွက်သွား​ခဲ့တယ်။

တစ်​နာရီ ကြာပြီး​နောက်မှာ အဲဒီ​လူက ညီအစ်ကိုတွေ​ကို တွေ့​ပြီး ဒီလိုပြောတယ်– “ကျွန်တော် သတ်ဖို့ ရည်ရွယ်​ထားတဲ့​သူ​ဆီက ပြန်လာ​တာ။ သူ့ကို မ​သတ်​ဘဲ ပြဿနာ​ကို ဖြေရှင်း​လိုက်တယ်။ ကျွန်တော် ပြဿ​နာမတက်အောင် ကယ်တင်​ပေး​လို့ ကျေးဇူးတင်​တယ်။” ကယ်တင်​ပေးတာ​က ယေဟောဝါ​ပဲလို့ ညီအစ်ကိုတွေ ရှင်းပြ​လိုက်တယ်။

စာအုပ်စင်​က မ​လှုပ်​မ​ရှား ဖြစ်နေ​တဲ့ ညီအစ်မ​ကို ကူညီပေး

နော်​ဝေ​နိုင်ငံ​က ညီအစ်မ​တစ်ယောက်​ဟာ လွန်ခဲ့တဲ့​နှစ်တွေ​တုန်းက အမှန်တရား​က​နေ ဝေး​သွားခဲ့တယ်။ လူထုရှေ့သက်သေခံခြင်း​မှာ စာအုပ်စင်​တွေ သုံး​တဲ့​နောက်ပိုင်း သူ ဈေးဝယ်​သွား​တဲ့အခါ အဲဒီ​အနား​က​နေ ဖြတ်သွား​လေ့ရှိတယ်။

စာအုပ်စင်​မှာ ရပ်နေတဲ့ သက်သေခံ​တွေဆီ မသွား​ခဲ့​ပေ​မဲ့ နှစ်သက်စရာ ပိုစတာ၊ စိတ်ဝင်စား​စရာ စာပေတွေကို​တော့ သတိထား​မိခဲ့တယ်။ စာအုပ်စင်​အပြင် သက်သေခံ​တွေရဲ့ ရင်းနှီး​ဖော်ရွေမှု၊ ဣန္ဒြေရှိ​တဲ့ အသွင်အပြင်​ကြောင့် ယေဟောဝါနဲ့ ကိုယ်တော့်​လူမျိုး​ဆီ ပြန်လာ​ချင်စိတ် ဖြစ်ပေါ်လာတယ်။

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် jw.org အမှတ်အသား​ကိုလည်း သတိထား​မိ​လို့ ဝင်ကြည့်​ဖို့ ဆုံးဖြတ်​လိုက်တယ်။ အနီးဆုံး နိုင်ငံတော်ခန်းမ​နဲ့ အစည်းအဝေး အချိန်တွေ​ကို အလွယ်တကူ ရှာတွေ့နိုင်​လို့ သူ​စိတ်ထိမိ​သွားတယ်။ စာအုပ်​တချို့ကို ကူးယူ​တယ်။ စိုးရိမ်စိတ်​နဲ့ ခန်းမ​ကို သွားတယ်။ သူ့ကို ကောင်းကောင်း ကြိုဆိုကြတယ်။ အကြီးအကဲတွေ​က သူနဲ့ ကျမ်းစာဖတ်​ဖို့ ညီအစ်မ​တစ်ယောက် စီစဉ်​ပေးတယ်။ မကြာခင်​မှာ အသင်းတော်​နဲ့ ရင်းနှီး​လာပြီး ဘုရားရေးရာ​မှာ ပုံမှန်​ပြန်​လှုပ်ရှား​လာတယ်။ အခု အစည်းအဝေး​တွေ မှန်မှန်​တက်​နေ​ပြီး အမှုဆောင်လုပ်ငန်းမှာ မှန်မှန် ပါဝင်​နေ​ပြီ။ ယေဟောဝါနဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ပြန်​ရှိလာ​လို့ သူ​သိပ်​ဝမ်းသာ​တယ်။

ကျောင်းကား​ပေါ်မှာ အတန်းဖော်​ကို သက်သေခံ

နော်​ဝေ​နိုင်ငံမှာ ၁၅ နှစ်အရွယ် ရွန်​ဂျာ​ဟာ ကျောင်းကား​ပေါ်မှာ အတန်းဖော် ယောက်ျားလေး သုံးယောက်​နဲ့ ဆင့်ကဲဖြစ်စ​ဉ်​အကြောင်း ဆွေးနွေး​ကြ​တယ်။ ကောင်လေး​တွေ​က ညီအစ်မ​ငယ်​လေး​ရဲ့ ယုံကြည်ချက်​ကို အလေးအနက် မထား​ဘဲ အနှောင့်အယှက် ပေးကြတယ်။ ဒီ​အကြောင်းကို ကြိုတင် မပြင်​ဆင်​ထား​မိ​လို့ ဖန်ဆင်းရှင် ရှိကြောင်း ခိုင်လုံတဲ့ အထောက်အထား​တချို့ ရှာဖွေ​ရာမှာ ကူညီပေးဖို့ အမေ့​ကို အကူအညီ တောင်း​လိုက်တယ်။

နော်ဝေ– ရွန်ဂျာ ယုံကြည်ချက်ကို ခုခံကာကွယ်နေစဉ်

နောက်​တစ်နေ့ ကျောင်းကား​ပေါ်မှာ ရွန်​ဂျာ​ဟာ ပြင်ဆင်​ထားတဲ့ အချက်တွေကို သုံးခဲ့​တယ်။ ဒါပေမဲ့ ကောင်လေး​တွေ​က ယေဟောဝါနဲ့​ပတ်သက်တဲ့ သူ့​ယုံကြည်ချက်​ကို လှောင်ပြောင်​ကြ​တယ်။ “ဒီ​ကား​ပေါ်မှာ​ရှိတဲ့ ဘယ်သူမှ ယေဟောဝါကို မယုံ​ဘူး။ ဘယ်သူ​က ဆင့်ကဲ​ကို ယုံ​တယ်၊ ဘယ်သူ​က ယေဟောဝါကို ယုံ​တယ်ဆိုတာ လက်ထောင်​ကြ” လို့ တစ်ယောက်က အော်ပြော​လိုက်တယ်။ အနား​မှာ ထိုင်​နေတဲ့ ကောင်လေး​တစ်ယောက်က လက်ထောင်​ပြီး “ငါ ယေဟောဝါကို ယုံ​တယ်” လို့ပြော​လို့ ရွန်​ဂျာ အံ့ဩ​သွားတယ်။ အသက် ၉ နှစ်​နဲ့ ၁၃ နှစ်၊ ကောင်လေး​နှစ်ယောက်​ကလည်း “ငါ​တို့လည်း ယုံ​တယ်” လို့ ပြော​ကြ​တယ်။ အတန်းဖော်​တွေနဲ့ ရွန်ဂျာ​ အပြန်အလှန် ပြောတာကို တခြား​ကျောင်းသား​တွေလည်း ကြားတယ်။ တချို့က သူပြောတာ​တွေကို သဘောကျ လက်ခံ​ကြ​တယ်။

စာ​မတတ်​သူ စာအုပ်​ရ

တစ်နေ့​မှာ ဆီးရီးယား​က အာရဗီစကား​ပြော လူ​နှစ်ယောက် ဒိန်း​မတ်​နိုင်ငံ၊ ဌာနခွဲရုံး​ကို ရောက်လာ​တယ်။ ယေဟောဝါသက်သေ​တွေကို ရှာနေတာ​ဆိုပြီး ဧည့်ကြို​ညီအစ်မ​ကို ပြောတယ်။ သူတို့​ရှာ​နေတာ ဒီ​နေရာ​ပဲလို့ ပြောလိုက်​တော့ ဝမ်းသာ​သွား​ကြ​တယ်။ ဘယ်​က​နေ လိပ်စာ​ရတာလဲ။ အများ​ပြည်သူ​သုံး စာကြည့်တိုက်​က ဝန်ထမ်း​ကို သူတို့​ဖုန်း​ထဲက ဓာတ်ပုံ ပြ​လိုက်တယ်။ အဲဒီ​ပုံ​က အာရဗီစကား​နဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာ​က ဘာလဲ စာအုပ်​ရဲ့ ထုတ်ဝေ​သူများ စာမျက်နှာ ဖြစ်တယ်။ ဒါနဲ့ စာကြည့်တိုက်​ဝန်ထမ်း​က ဌာနခွဲရုံး လိပ်စာ​ပေးလိုက်​တယ်။

သူတို့​နှစ်ယောက် ဒိန်း​မတ်​စကားကို ကြိုးစားပြီး ပြော​ကြ​တယ်။ ဒါနဲ့ အာရဗီစကား ပြောတတ်​တဲ့ ညီအစ်ကို​ကို ခေါ်​လိုက်တယ်။ သူတို့​ထဲက တစ်ယောက်က ကျမ်းစာ​အကြောင်း တော်တော်လေး စိတ်ဝင်စား​နေမှန်း သိလိုက်​ရတယ်။ သူ့​လိပ်စာ​ကို ယူ​ထား​လိုက်​ပြီး သိပ်​မကြာခင်​မှာ အာရဗီစကား တတ်တဲ့​သူနဲ့​အတူ လာမယ်​လို့ ညီအစ်ကို ကတိပေး​လိုက်တယ်။

သူ့​အိမ်​သွား​တဲ့အခါ ယေဟောဝါသက်သေ​တွေနဲ့ တစ်ခါ​မှ မတွေ့ဖူး​ဘူးဆို​တာ သိရတယ်။ ဒီစာအုပ်ကို သူ့ရဲ့​စာတိုက်ပုံး​ထဲက တွေ့​တာ၊ အာရဗီစကား ပြော​သူ​ရဲ့ စာတိုက်ပုံး​လို့လည်း မ​ရေးထား​ဘူးလို့ ပြောပြတယ်။ သူက စာ​မတတ်​လို့ မိတ်ဆွေ​တစ်ယောက်​ကို ဖတ်ပြ​ခိုင်း​တာ သုံးရက်​အကြာ​မှာ ပြီးသွား​တယ်။ ကြား​ရတဲ့​အရာတွေ​ကြောင့် အမှန်တရား တွေ့ပြီ​လို့ ယုံကြည်​သွားတယ်။

မိသားစုနဲ့ ဝေး​နေတဲ့ ဒုက္ခသည်​မို့ တော်တော်လေး စိတ်မကောင်း​ဖြစ်ပေမဲ့ ကျမ်းစာက​နေ နှစ်သိမ့်မှု ခံစားရ​တယ်။ သူ့​ဆီ​လာတဲ့ ညီအစ်ကိုတွေ​ကို တွေ့​တွေ့ချင်း​မှာပဲ “အရင်က ဘာဖြစ်​လို့ ကျွန်တော်​ဆီ မလာ​ကြတာ​လဲ။ ဒါကို တကယ် လိုအပ်​နေတာ” လို့ပြောတယ်။ ညီအစ်ကိုတွေ​နဲ့ ကျမ်းစာ​ ဆက်လေ့လာ​တယ်။ သိလာ​တွေကို သူ သိပ်​နှစ်သက်​တယ်။

ခံစားချက်မဲ့​သူ ပျော်ရွှင်​လာ

ဒီ​မီ​ထ​ရိုင်​ဟာ ယူကရိန်း​နိုင်ငံ​က ဆေး​ရွက်​ကြီး ကုမ္ပဏီ​ရဲ့ မန်နေဂျာ ဖြစ်တယ်။ ဆေးလိပ်သောက်​တာ​က လူတွေရဲ့ ကျန်းမာရေး​ကို ထိခိုက်​စေတယ်​ဆိုတာ သိလာတဲ့​အ​ခါ လစာ​ကောင်းတဲ့ အဲဒီ​အလုပ်​က​နေ ထွက်​လိုက်တယ်။ သုံးလ​အတွင်းမှာပဲ သူ့​အမေနဲ့ ယောက္ခမ ဆုံးသွား​တယ်။ ချစ်ရသူ​တွေ ဆုံးပါး​သွား​လို့ တုန်လှုပ်​အံ့ဩ​ခဲ့ရတယ်။ ချာ့ခ်ျ​က​နေ နှစ်သိမ့်မှု​နဲ့ သူ့​မေးခွန်းတွေရဲ့ အဖြေ​ရမယ်လို့ မျှော်လင့်​ခဲ့​ပေ​မဲ့ ဘာမှ မထူး​ဘူး။ ဩ​သဒေါ့​ခရစ်ယာန်​ဆိုတာ “လည်ပင်း​မှာ လက်ဝါး​ကားတိုင် ဆွဲ​ပြီး နှလုံး​သား​က ဟင်းလင်းပြင်” ဖြစ်နေ​တာ​ကို ဆိုလိုတယ်​လို့ သူငယ်ချင်း​က ပြောတယ်။ ဒီ​မီ​ထ​ရိုင်​လည်း အဲဒီ​အတိုင်း ခံစားရ​တယ်။ ဘုရား​အကြောင်း၊ ကျမ်းစာ​အကြောင်း ဘာမှ မသိ​မှန်း သဘောပေါက်လာတယ်။ အကူအညီ​ရဖို့ စိတ်ပျက်လက်ပျက်​နဲ့ စ​ဆုတောင်း​ခဲ့တယ်။ ဒါနဲ့ ယေဟောဝါသက်သေ​တွေအကြောင်း ကြားဖူး​တာ သတိရ​လာတယ်။ အင်တာနက်မှာ ကျွန်တော်တို့ရဲ့ ဝ​က်ဘ်​ဆိုက်​ကို ရှာတွေ့​ခဲ့တယ်။ အဲဒီမှာ ကျမ်းစာနဲ့​ပတ်သက်တဲ့​အကြောင်း​တွေ အများကြီး တွေ့ရ​လို့ သိပ်ကြိုက်​သွားတယ်။ နောက်တော့ အနီးဆုံး နိုင်ငံတော်ခန်းမ​ကို ရှာ​တယ်။ ကား​ရပ်​တဲ့နေရာမှာ ဧည့်ကြို​ညီအစ်ကို​က ကြိုဆို​ပြီး ဘာ​ကူညီပေး​ရ​မလဲ​လို့ မေးတယ်။ “ကျွန်တော် ကျမ်းစာလေ့လာ​ချင်​တယ်” လို့ ဒီ​မီ​ထ​ရိုင် ပြောတယ်။ အခု ကျမ်းစာ လေ့လာ​နေတာ ခြောက်လ ရှိပြီ။ အစည်းအဝေးတွေမှာ​လည်း မှန်မှန်​ ပါဝင်​တက်ရောက်​နေ​ပြီ။

စာတိုလေး သုံးပြီး စိတ်ဝင်စားသူ​ကို ဆက်​လိုက်ခဲ့

ဗြိတိန်​နိုင်ငံ​က ပေါလ်​နဲ့ ဖေ့သ်​ဟာ ဆူ​ဇန်​ဆိုတဲ့ အမျိုးသမီး​နဲ့ စကားလက်ဆုံ ကျပြီး သူ့​ဆီ ပြန်သွား​ဖို့ စီစဉ်​လိုက်တယ်။ ပြန်သွား​တဲ့အခါ ဆူ​ဇန် အိမ်​မှာ မရှိဘူး။ ၂၀​၁၄၊ နိုဝင်ဘာ​လထုတ် ကျွန်ုပ်တို့​၏​နိုင်ငံတော် ဓမ္မအမှု စာရွက်​မှာပါတဲ့ စာတိုလေး ထားခဲ့​ပါ​ဆိုတဲ့ အကြံပြုချက်​အတိုင်း ပေါလ်​နဲ့ ဖေ့သ်​က နောက်​နေ့​မှာ ထပ်လာ​မယ့်​အကြောင်း စာတိုလေး ရေးခဲ့တယ်။ ပြန်သွား​တဲ့အခါ ဆူ​ဇန်​ရဲ့ တံခါးပေါက်​မှာ သူတို့​အတွက် စာတိုလေး ရေးထား​တာ​ကို တွေ့ခဲ့​ရတယ်။ သမီး​ရဲ့ မင်္ဂလာပွဲ​အတွက် ဈေးဝယ်​ထွက်သွား​တဲ့​အကြောင်း ရေးထား​တယ်။ ဒါနဲ့ နောက်​တစ်ပတ် ပြန်လာ​မယ်လို့ စာတိုလေး ပြန်​ရေးထား​ခဲ့​လိုက်တယ်။ နောက်​တစ်ခါ ပြန်သွား​တော့ ဆူ​ဇန် စောင့်နေ​ပြီး သမ္မာကျမ်းစာ သွန်သင်ရာ စာအုပ်ကို စလေ့လာ​ခဲ့ကြတယ်။

ဗြိတိန်– ပေါလ်နဲ့ ဖေ့သ် စာတိုထားခဲ့

သမီး မင်္ဂလာဆောင်​တော့မှာ​မို့​လို့ နောက်​တစ်ပတ် နား​လို့​ရ​မလား​လို့ ဆူဇန်​က မေးတယ်။ ပေါလ်​နဲ့ ဖေ့သ် ပြန်သွား​တဲ့အခါ ထူး​သံ​မကြား​ဘူး။ ဒါနဲ့ သူတို့ရဲ့ ဖုန်းနံပါတ် ရေးထားတဲ့ စာတိုလေး ထားခဲ့​လိုက်တယ်။ ခြံ​ထဲမှာ အိမ်နီးချင်း​နဲ့ စကားပြော​နေလို့ မ​တွေ့​လိုက်ရ​တာ စိတ်မကောင်း​တဲ့​အကြောင်း ဆူ​ဇန် ဖုန်း​နဲ့ စာပြန်​ပို့​တယ်။ အဲဒီအချိန်ကစပြီး ဆူ​ဇန် မှန်မှန် ကျမ်းစာလေ့လာ​တယ်။ သိပ်​မကြာသေးခင်က ပထမအကြိမ် အစည်းအဝေး တက်​ခဲ့တယ်။

ပေါလ်​နဲ့ ဖေ့သ်​ဟာ အဆက်အသွယ် မပြတ်​အောင် စာတိုလေး​တွေ ထားခဲ့​တယ်။ “စာတို​တွေ ထားခဲ့​တဲ့ တခြား ပြန်လည်ပတ်မှု​တွေလည်း အများကြီး​ပဲ။ ဒီ​အစီအစဉ် သိပ်ကောင်း​တယ်။”

သူ့ရဲ့​ယုံကြည်ခြင်း​ကြောင့် သူနာပြု လှုံ့ဆော်​ခံရ

၂၀​၁၄၊ ဩဂုတ်​လ​တုန်းက ဟန်​ဂေ​ရီ​နိုင်ငံ​က ညီအစ်ကို​တစ်ယောက်​ဟာ အဆုတ်​မှာ သွေး​ခဲ​လို့ ဆေးရုံတက်​ရတယ်။ စိတ်မကောင်း​စရာက သိပ်​မကြာခင်​မှာပဲ ဆုံးသွား​တယ်။ အထူး​ကူညီပေး​ခဲ့တဲ့ သူနာပြု တင်​ဒါ​အကြောင်း ညီအစ်ကို​ရဲ့ ဇနီး ခု​လို ရေးခဲ့တယ်–

“၂၀​၁၅ ခုနှစ်၊ နွေရာသီ​မှာ ‘ယေရှုကို တုပ​ပါ’ ခရိုင်​အစည်းအဝေး​ကို သားနဲ့ တက်​ခဲ့တယ်။ တတိယမြောက်​နေ့ ပြီး​တဲ့အခါ ကား​ရပ်နား​တဲ့ နေရာမှာ အိမ်ပြန်​ဖို့ ပြင်​နေတုန်း အမျိုး​သမီး​တစ်ယောက် ရောက်လာ​တယ်။ အိတ်​ကို ချ၊ ကျွန်မကို ဖက်ပြီး ငို​ပါ​လေ​ရော။ သူက အဲဒီ​သူနာပြု​ပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ်​လောက်​တုန်းက အထူး​ကြပ်မတ်​ဆောင်​မှာ ကျွန်မ ခင်ပွန်းကို ပြုစု​ခဲ့​သူ​ပါ။ သူနာပြု​တစ်ယောက်က လူနာ​တစ်ယောက်​ကို ကြည့်​ပေး​ရတယ်။ တာဝန်ချ​ခါနီး​ဆိုရင် ကျွန်မ​ရဲ့​ခင်ပွန်း​အနား​မှာ ကျ​ပါစေ​လို့ အမြဲ​ဆုတောင်း​တယ်။ အမြဲ အဲဒီမှာ ကျ​တယ်လို့ သူ​ပြောပြတယ်။

“ကျွန်မ​ခင်ပွန်း​ရဲ့ အမူအကျင့်​နဲ့ မျှော်လင့်ချက်​အကြောင်း အမြဲ​ပြောဆိုမှု​ကြောင့် ယေဟောဝါသက်သေ​တွေနဲ့ ကျမ်းစာလေ့လာ​ဖို့ တွန်းအား​ဖြစ်စေ​ခဲ့တယ်​လို့ တင်​ဒါ ပြောပြတယ်။

အခု တင်​ဒါ ကျမ်းစာ လေ့လာ​နေ​ပြီ။ ကျွန်မ​ခင်ပွန်းကို ကြိုဆို​ရမယ့်​အချိန်ကို မျှော်လင့်​နေတယ်။ ခင်ပွန်း​ရဲ့ အမူအကျင့်​နဲ့ ခိုင်မာ​တဲ့ ယုံကြည်ခြင်း​က ယေဟောဝါ​အကြောင်း၊ ကတိတော်​တွေအကြောင်း သိအောင် ကူညီပေး​ခဲ့​မှန်း ခင်ပွန်း​ဖြစ်သူ​ကို သိ​စေချင်တယ်။

ကား​ပေါ်​သက်သေခံခြင်း

ဘူလ်ဂေးရီးယား– နယ်စပ်မှာ ကားသမားတွေကို ဟောပြောနေစဉ်

ဆန္ဒ​ပြပွဲ​တွေကြောင့် ဂရိ​နဲ့ ဘူလ်ဂေးရီးယား​နယ်စပ်​က စစ်ဆေးရေး​ဂိတ်​တချို့​မှာ ကား​တန်း​ရှည်​ကြီး​ဟာ အချိန်အကြာကြီး ပိတ်မိ​နေတယ်။ ဘူလ်ဂေးရီးယား​နိုင်ငံရဲ့ အနီးအနား​က အသင်းတော်​တစ်ခု​ဟာ ဒီ​အခြေအနေကို အခွင့်အရေး​ယူပြီး စောင့်နေ​သူတွေကို ကျမ်းစာစာပေ​တွေ ဝေငှ​တယ်။ ညီအစ်ကိုတွေ​ဟာ ဘာသာစကား ၁၂ မျိုးနဲ့ စာပေ​တွေ ယူပြီး နယ်စပ်​ကို သွားတယ်။ ကား​သမားများ​စွာ​ဟာ မောပန်း၊ စိတ်ပျက်​နေကြ​ပေ​မဲ့ စကားပြော​ချင်​ကြ​တယ်။ ညီအစ်ကိုတွေ​က စာနာစိတ်​နဲ့ နားထောင်ပေး​ကြ​တယ်။ မျှော်လင့်ချက်​အကြောင်း ပြောပြ​ပြီး အားပေး​တယ်။ ကား​သမား​တစ်ယောက်က “ခင်ဗျား​တို့​က ယေဟောဝါသက်သေ​တွေ​လား” လို့​မေးတယ်။ ဟုတ်​တယ်​ဆိုတဲ့ အဖြေ​ရသွား​တဲ့အခါ “ကျွန်တော် သိ​တာပေါ့။ ယေဟောဝါသက်သေ​တွေပဲ ခင်ဗျား​တို့​လို ဟောပြော​တာ” လို့ပြောတယ်။ ဩ​စ​တြီး​ယား​လူမျိုး ကား​သမား​တစ်ယောက်က “ဒီ​နေရာ​မျိုးမှာ​တောင် မလွတ်​ပါ​လား။ ဂုဏ်ယူ​ပါတယ်​ဗျာ။ လူတွေကို နှစ်သိမ့်မှု၊ မျှော်လင့်ချက်​အကြောင်း ဆက်ပြော​ပြပါ” လို့ အားရပါးရ ပြောခဲ့တယ်။ နောက်​တစ်ယောက်က​တော့ “ခင်ဗျား​တို့ရဲ့​စာပေ​ကို တစ်ခါ​မှ မဖတ်​ချင်​ခဲ့ဘူး။ အခုတော့ စိတ်ပါလက်ပါ ဖတ်​လိုက်​ဦး​မယ်” လို့ပြောတယ်။ ညီအစ်ကို​တစ်ယောက် ဟော​တဲ့အခါ ကား​သမား​တစ်ယောက် မျက်ရည်ကျ​လာတယ်။ လွန်ခဲ့တဲ့ နှစ်​အတော်ကြာ​တုန်းက သူ​သက်သေခံ ဖြစ်ခဲ့​ဖူးတယ်​လို့ ပြောတယ်။ စာပေ​တွေ​ချည်း မဖတ်​ဘဲ အသင်းတော်​နဲ့လည်း ဆက်သွယ်​ဖို့ သူ့ကို အားပေးခဲ့တယ်။