မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂျော်ဂျီယာ

ကျမ်းစာပြောတာကို ကိုယ့်မျက်စိနဲ့ မြင်ရပြီ

ပက်ပို ဒေဗစ်ဇီ

ကျမ်းစာပြောတာကို ကိုယ့်မျက်စိနဲ့ မြင်ရပြီ
  • မွေးဖွား​တဲ့​နှစ် ၁၉၇၆

  • နှစ်ခြင်းခံ​တဲ့​နှစ် ၁၉၉၃

  • ကိုယ်ရေး​မှတ်တမ်း​အကျဉ်း ဂျော်ဂျီ​ယာ​ ဩသ​ဒေါ့​ချာ့ခ်ျ​မှာ ကြီးပြင်းလာ​သူ​မို့ ရှေး​ရိုး​စွဲ​သူ ဖြစ်တယ်။ ကျမ်းစာ​အမှန်​တရား သိလာ​ပြီးနောက် ခင်ပွန်း​နဲ့အတူ ဗေသလ​မှာ အမှုဆောင်​ခဲ့တယ်။ အခု အထူး​ရှေ့​ဆောင်​အဖြစ် အမှုဆောင်​နေကြတယ်။

ကူ​တိုင်​ဆီ​မြို့မှာ တက္ကသိုလ်​ကျောင်းသူ ဘဝ​တုန်းက သက်သေခံ​တွေအကြောင်း ဦးဆုံးကြား​ဖူး​တာပေါ့။ သက်သေခံ​တွေ​က ဝတ်ပြုရေး​မှာ ရုပ်တု​တွေ မ​သုံး​ဘူး၊ ယေရှုကို အနန္တတန်ခိုး​ရှင်​ဘုရား​အဖြစ် လက်မခံဘူးလို့ အိမ်နီးချင်း​တစ်ယောက် ပြောပြတယ်။ ဩသဒေါ့​ခရစ်ယာန်​အဖြစ် ကျွန်မ အမြတ်တနိုး ခံယူ​ထားတဲ့ ယုံကြည်ချက်​တွေနဲ့​တော့ ဆန့်ကျင်ဘက်​ပဲ။

၁၉​၉၂၊ နွေရာသီ​မှာ ဇာတိ တ​စာ​ဂေ​ရီ​မြို့​ကို ပြန်တော့ သက်သေခံ​တွေ ရှိနေ​မှန်း တွေ့ရတယ်။ သက်သေခံ​တွေရဲ့ ကောင်း​သတင်း အတော်များများကို အမေ​ကြား​ထားတယ်။ ကျွန်မက​တော့ သူတို့ကို မကောင်းမြင်​နေဆဲ​မို့ “သူတို့ ဘာ​သွန်သင်​တယ်ဆိုတာ ကိုယ့်ဘာသာ သွား​လေ့လာ​ကြည့်” လို့ အမေ​ပြောတယ်။

အိမ်နား​က မိသားစု​တစ်စု​ဆီ ပါ​ဗ​လေ​နဲ့ ပါ​အာ​တာ​ဆိုတဲ့ ရှေ့ဆောင်​ညီအစ်ကို​နှစ်ယောက် ပုံမှန် လာ​လည်ပတ်​နေတယ်။ အိမ်နီးချင်း​တွေ​က သူတို့​လာလည်​တိုင်း နားထောင်ပြီး မေးခွန်းတွေ မေး​ကြ​တယ်။ ဒါနဲ့ အဲဒီ​ဆွေးနွေးပွဲ​တွေကို တက်ဖို့ ကျွန်မ ဆုံးဖြတ်​လိုက်တယ်။ မေးခွန်း မေးလိုက်​တိုင်း ညီအစ်ကိုတွေ​က ကျမ်းစာ​ဖွင့်​ပြီး ဖတ်​ခိုင်း​တယ်။ ကျွန်မ တော်တော်​စွဲမှတ်​သွားတယ်။ ကျမ်းစာ​ပြောတာကို ကိုယ့်မျက်စိ​နဲ့ မြင်ရ​ပြီ​လေ။

မကြာခင်​မှာပဲ ညီအစ်ကိုတွေ ကျမ်းစာသင်ပေး​တဲ့ အုပ်စု​နဲ့ ကျွန်မ ပူးပေါင်း​လိုက်တယ်။ နောက်​နှစ်​နွေ​မှာ ကျွန်မတို့​ဆယ်ယောက် နှစ်ခြင်းခံ​ကြ​တယ်။ နောက်ပိုင်း အမေ​လည်း ယေဟောဝါသက်သေ ဖြစ်လာတယ်။

မေးခွန်း​အားလုံး​ရဲ့ အဖြေကို ကျမ်းစာထဲက​နေ ညီအစ်ကိုတွေ ဖတ်​ခွင့်​ပေးခဲ့တဲ့​အတွက် ကျေးဇူးတင်​လို့ မဆုံး​ပါဘူး။ အဲဒီလို ဖတ်​ခွင့်​ရခဲ့တဲ့​အတွက် ကိုယ့်​ယုံကြည်ချက်​တွေ မှန်​ရဲ့​လား​ဆိုတဲ့ ရင်တွင်း​တိုက်ပွဲ​ကို ဖြေရှင်း​နိုင်ခဲ့တယ်။ ကျမ်းစာ​ဖွင့်ဖတ်​တဲ့​နည်း ဘယ်လောက် ထိရောက်​မှန်း သိတဲ့အတွက် အခု​ဆို အမှန်တရား နားလည်​လာအောင် တခြားသူတွေကို ကူညီပေးဖို့ ကျွန်မ​လည်း ဒီနည်းကို သုံး​နေ​ပြီ။