ဂျော်ဂျီယာ
ကျွန်မဘဝ အောင်မြင်တယ်လို့ ခံစားခဲ့ရတယ်
မာဒိုနာ ကန်ကီယာ
-
မွေးဖွားတဲ့နှစ် ၁၉၆၂
-
နှစ်ခြင်းခံတဲ့နှစ် ၁၉၉၀
-
ကိုယ်ရေးမှတ်တမ်းအကျဉ်း ဂျော်ဂျီယာနိုင်ငံက ကွန်မြူနစ်ပါတီဝင်ဟောင်းတစ်ဦးဖြစ်ပြီး လူအတော်များများကို အမှန်တရား သိလာအောင် ကူညီပေးခဲ့တယ်။ ၂၀၁၅ ခုနှစ်၊ တဘီလီဆီမြို့မှာ ကျင်းပတဲ့ ပထမဆုံး သတင်းကောင်းဟောပြောသူများသင်တန်းကို တက်ရောက်ခဲ့သူ ဖြစ်တယ်။
၁၉၈၉ ခုနှစ်တုန်းက ကျမ်းစာအမှန်တရား ကြားတော့ ကျွန်မရဲ့ ဇာတိမြို့ ဆေနာကီမှာ ထင်ရှားတဲ့ ကွန်မြူနစ်ပါတီဝင် ဖြစ်ခဲ့သူ တစ်ယောက်ပါ။ ဒီနေ့ခေတ် ပါလီမန်လွှတ်တော်နဲ့ တန်းတူဖြစ်တဲ့ ဂျော်ဂျီယာ ဆိုဗီယက်တရားရုံးချုပ်မှာ ပုံမှန်ရုံးထိုင်တယ်။ လူငယ်တစ်ယောက်နဲ့လည်း စေ့စပ်ထားတာမို့ အောင်မြင်နေပြီလို့ ယူဆခဲ့တယ်။
ဘုရားကို ချစ်တတ်အောင် အဖေနဲ့ အမေက သင်ပေးတယ်။ ဒါကြောင့် ကွန်မြူနစ်တစ်ယောက် ဖြစ်ပေမဲ့ ဘုရားကို ယုံတယ်။ ကျမ်းစာ စလေ့လာတော့ ကျွန်မရဲ့ မေးခွန်းအားလုံးအတွက် ကျေနပ်တဲ့အဖြေတွေ ရတယ်။ ဒါကြောင့် ယေဟောဝါဆီ ကျွန်မရဲ့အသက်တာကို ဆပ်ကပ်အပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ မိသားစု၊ မိတ်ဆွေ၊ အလုပ်ဖော်တွေ၊ ကျွန်မရဲ့ခင်ပွန်းလောင်းက သဘောမတူကြဘူး။
ကျွန်မရဲ့ ယုံကြည်ခြင်းအသစ်ကြောင့် ဆွေမျိုးတွေက ကျွန်မကို ပစ်ပယ်ကြတယ်။ အဲဒီယုံကြည်ခြင်းက နိုင်ငံရေးအလုပ်နဲ့လည်း မအပ်စပ်ဘူး။ တခြားနည်းလမ်းလည်း မရှိတော့ အိမ်ကနေ ထွက်ဖို့၊ စေ့စပ်ထားတာကို ဖျက်ဖို့၊ ကွန်မြူနစ်ပါတီနဲ့ ဆိုဗီယက်တရားရုံးချုပ်ကနေ အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ နှစ်ခြင်းခံပြီးနောက် မိတ်ဆွေတွေနဲ့ မိသားစုရဲ့ ဖိအားကို ပိုခံခဲ့ရတယ်။ ကျွန်မက မြို့မှာ လူသိများလို့ ကူတိုင်ဆီမြို့ကို ပြောင်းရွှေ့ပြီး ချက်ချင်း ရှေ့ဆောင်စလုပ်တယ်။
အခက်အခဲတွေကို ရင်ဆိုင်ရလောက်တဲ့အထိ ကျွန်မရဲ့ ယုံကြည်ခြင်းက အဖိုးတန်လို့လားလို့ လူတွေ မေးတဲ့အခါ ကျွန်မချခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် သိပ်ပျော်တယ်လို့ ချက်ချင်း ပြန်ဖြေတယ်။ ကျွန်မရဲ့ ရွေးချယ်မှုကို မိဘတွေ နားမလည်နိုင်ပေမဲ့ ဘုရားနဲ့ အိမ်နီးချင်းတွေကို ချစ်ဖို့ ကျွန်မကို သင်ပေးခဲ့လို့ သိပ်ကျေးဇူးတင်တယ်။ အဲဒါက ကျွန်မဘဝအတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်။