မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁၉၉၂ ခုနှစ်၊ တဘီလီဆီမြို့ အစည်းအဝေးမှ ညီအစ်ကိုများ

ဂျော်ဂျီယာ | ၁၉၉၁-၁၉၉၇

“အပင်ကို ကြီးထွားစေတာကတော့ ဘုရားသခင်ပဲ။”​—၁ ကော. ၃:၆။

“အပင်ကို ကြီးထွားစေတာကတော့ ဘုရားသခင်ပဲ။”​—၁ ကော. ၃:၆။

၁၉၉၀ ပြည့်လွန် နှစ်တွေတုန်းက တိုက်နယ်ကြီးကြပ်မှူး ဖြစ်ခဲ့တဲ့ ဂေနာဒီ ဂုဒါဇီ

ဆိုဗီယက်​ပြည်ထောင်စု ပြိုကွဲ​ခဲ့တဲ့ ၁၉​၉၁ ခုနှစ်မှာ ဂျော်ဂျီယာနိုင်ငံ လွတ်လပ်ရေး​ရခဲ့တယ်။ နိုင်ငံရေး​အပြောင်းအလဲ​နဲ့ ပြည်တွင်း​ရေး မတည်ငြိမ်မှု​တွေ​က လူနေမှု​အခြေအနေကို ပိုဆိုး​ရွား​စေတယ်။ လူတွေ​က ပေါင်မုန့်​ရဖို့ တစ်ရက်​လုံး​နီးပါး တန်းစီ​ရတယ်​လို့ အဲဒီ​နှစ်တွေ​တုန်းက တိုက်နယ်ကြီးကြပ်မှူး​အဖြစ် အမှုဆောင်​ခဲ့တဲ့ ဂေ​နာ​ဒီ ဂု​ဒါ​ဇီ​က ပြောပြတယ်။

အဲဒီအချိန်​တုန်းက သက်သေခံ​တွေဟာ တန်းစီ​စောင့်နေ​တဲ့ လူအုပ်​ကို ကျမ်းစာ​သတင်းတရား ပြောပြ​လေ့ရှိတယ်။ “ခက်ခဲတဲ့ အဲဒီ​နှစ်တွေ​မှာ လူတိုင်း​က အမှန်တရားကို လိုလား​ကြ​ပုံ​ရတယ်။ ကျမ်းစာသင်အံမှု တောင်းခံ​တဲ့​စာရွက် ရာနဲ့ချီ​ပြီး ရရှိ​ကြ​တယ်” လို့ ဂေ​နာ​ဒီ ပြောပြတယ်။

အစည်းအဝေး​ပြီး​တိုင်း တာဝန်ရှိ​ညီအစ်ကိုတွေ​က လည်ပတ်​ဖို့ တောင်းဆို​သူတွေ​ရဲ့ နာမည်​နဲ့ လိပ်စာ​ကို ဖတ်ပြ​တယ်။ ကြေညာသူ​တွေ​က အဲဒီ​အိမ်​တွေကို သွား​ကြ​တယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ပေါင်မုန့်ရဖို့ တန်းစီနေသူတွေကို ဟောပြောနေစဉ်

တ​ဘီလီ​ဆီ​မြို့​က အကြီးအကဲ ညီအစ်ကို လေ​ဗာ​နီ ဆာ​ဘာ​ရှ​ဗီလီ​က လည်ပတ်​ဖို့ တောင်းဆို​တဲ့ လင်မယား​နှစ်ယောက်​ကို မှတ်မိ​နေတယ်။ “ကြေညာသူ​တွေ​က လိပ်စာ​အားလုံးကို ယူသွား​ကြပြီ။ ဒါပေမဲ့ သူတို့​ဆီ ဘယ်သူမှ မသွား​ကြဘူး။ သူတို့​နေတဲ့​နေရာ​က သိပ်ဝေး​တယ်။ ကျွန်တော်တို့မှာ​လည်း ကျမ်းစာသင်အံမှု အများကြီး ရှိနေ​ပြီ” လို့ သူပြောတယ်။

လ​အနည်းငယ်​ကြာ​တော့ ဒီ​လင်မယား​က စာ​ထပ်​ပို့​ပြန်​တယ်။ ဒါက တတိယအကြိမ်​ဖြစ်ပြီး သက်သေခံ​တွေ သွေးပြစ်​မသင့်​အောင် နေဖို့ တောင်းဆို​တဲ့ စာတိုလေး​ပါ ထည့်ပေး​လိုက်တယ်။ (တ. ၂၀:၂၆၊ ၂၇) “အဲဒီအချိန်​က နှစ်သစ်​ကူး​ရာသီ​မို့ လူတွေ​ဆီ မလည်​ပတ်​ဘူး။ ဒါပေမဲ့ လည်ပတ်မှု​ကို ထပ်​ရွှေ့ဆိုင်း​လို့ မဖြစ်​တော့ဘူး​လို့ ခံစားရ​တယ်” လို့ လေ​ဗာ​နီ ပြောပြတယ်။

အမှန်တရားကို ဆာမွတ်​နေတဲ့ ရို​အီ​နီ​နဲ့ နာနာ ဂ​ရီ​ဂါ​လာ​ရှ​ဗီလီ​တို့ဟာ အေး​စိမ့်​နေတဲ့ မနက်ခင်း​မှာ လေ​ဗာ​နီ​နဲ့ နောက်​ညီအစ်ကို​တစ်ယောက်​ကို သူတို့ရဲ့​အိမ်တံခါး​ဝ​မှာ တွေ့​လိုက်ရ​လို့ အံ့ဩ​မဆုံး ဖြစ်သွား​တယ်။ ချက်ချင်း​ပဲ ကျမ်းစာသင်အံမှု စ​လိုက်တယ်။ အခု​ဆိုရင် ရို​အီ​နီ​နဲ့ နာနာ​တို့ဟာ သားသမီး​တွေနဲ့​အတူ မှန်မှန်ရှေ့ဆောင် လုပ်​နေကြ​ပြီ။

မ​နား​မနေ ကြိုးစားမှု​ကြောင့် စိတ်ဝင်စား​သူတွေ​ဆီ ရောက်

အမှန်တရားကို လက်ခံ​တဲ့သူ​တွေဟာ အလွန်​ကျေးဇူးတင်​ကြ​လို့ တခြား​သူတွေကို သတင်းကောင်း ပြောပြဖို့ ကိုယ့်ရဲ့​အချိန်၊ ခွန်အား၊ ငွေကြေး​တွေကို မ​နှမြော​ဘဲ ပေးဆက်​ကြ​တယ်။ မိသားစု​တာဝန်တွေ​ကြား စိတ်ဝင်စားသူ​တွေကို ကူညီပေးဖို့ ဝေးလံတဲ့​ရွာ​တွေဆီ မမော​မ​ပန်း သွားတဲ့​သူတွေထဲ​မှာ ဘာ​ဒရီ​နဲ့ မာ​ရီ​နာ ကိုပါ​လီ​ယာ​နီ​တို့ လင်မယား​လည်း ပါတယ်။

ဘာ​ဒရီ​နဲ့ မာ​ရီ​နာ​တို့ဟာ စ​နေ၊ တနင်္ဂနွေ​နေ့​တွေမှာ ဆယ်ကျော်သက် သားတွေ​နဲ့အတူ ဒူ​ရှေ​တီ​မြောက်ပိုင်း လှပတဲ့ တောင်​တန်း​ဒေသ​တွေဆီ သွားဖို့ စီစဉ်​ကြ​တယ်။ တစ်ခါတလေ မိုင် ၉၀ လောက်​ဝေး​တဲ့ ရွာ​တွေဆီ သွား​ကြ​တယ်။

တစ်နေ့​တော့ အမျိုးသမီး​တစ်ယောက်က ဘာ​ဒရီ​တို့​ဇနီးမောင်နှံ​ကို သူ့ရဲ့​အလုပ်ခွင်​ထဲ ဖိတ်ခေါ်​တယ်။ ဘာ​ဒရီ ခု​လို​ပြောပြတယ်– “အခန်းကြီး​ထဲမှာ လူ ၅၀ လောက် စောင့်နေ​တာ​ကို တွေ့​လိုက်ရတယ်။ စ​စ​ချင်း​တော့ အံ့ဩ​သွားပေ​မဲ့ ယေဟောဝါ​ဆီ ဆုတောင်း​လိုက်တယ်။ ပြီးတော့ မဿဲ အခန်းကြီး ၂၄ မှာပါတဲ့ နောက်ဆုံးကာလ​ရဲ့ အဖြစ်အပျက်​တွေကို ဆွေးနွေးကြ​တယ်။ လူတစ်ယောက်​က အံ့ဩ​ပြီး ‘ကျွန်တော်တို့ရဲ့ ဘုန်းကြီး​တွေ​က ဘာဖြစ်​လို့ ဒီအကြောင်း​တွေ မပြော​ပြ​တာလဲ’ လို့​မေးတယ်။”

သတိရအောက်မေ့ပွဲ​က လူတွေကို ဆွဲဆောင်

ယေရှုရဲ့​သေခြင်း အောက်မေ့ပွဲ​က စိတ်ရင်းမှန်​တဲ့ ဂျော်ဂျီယာ​လူမျိုး​တွေ အမှန်တရား​ကြားခွင့် ရစေတယ်။ ဥပမာ၊ ၁၉​၉၀ ပြည့်နှစ်​တုန်းက စိတ်ဝင်စားတဲ့ အိမ်နီးချင်း​တွေ များ​လွန်း​လို့ တ​ဘီလီ​ဆီ​မြို့မှာ​ရှိတဲ့ ညီအစ်မ အီယာ ဘာဒရီဇီ​ရဲ့ အိမ်​မှာ သတိရအောက်မေ့ပွဲ ကျင်းပ​တယ်။

အီယာ ဘာဒရီဇီဟာ သူ့ရဲ့ တိုက်ခန်းမှာ လူ ၂၀၀ ကျော်နဲ့အတူ အောက်မေ့ရာပွဲ ကျင်းပခဲ့

ညီအစ်မ ဘာ​ဒရီဇီ​က သူ့ရဲ့​တိုက်ခန်း​မှာ သတိရအောက်မေ့ပွဲ ကျင်းပခွင့်​ပေးတယ်။ သူ့​သားသမီး​တွေရဲ့ အကူအညီ​နဲ့ ဧည့်​ခန်း​ကို ရှင်း​လိုက်တယ်။ ဒါပေမဲ့ ဧည့်သည်​တွေအတွက် ထိုင်ခုံ​တွေ ဘယ်​က​ရ​မလဲ။ ဂျော်ဂျီယာမှာ စုဝေးမှု​ကြီး​တွေအတွက် စားပွဲ​နဲ့ ထိုင်ခုံ ငှား​ပေးတဲ့ ထုံးစံ​ရှိတယ်။ ညီအစ်မ​က ထိုင်ခုံ​ပဲ​ငှား​လို့ ပိုင်ရှင်​က “စားပွဲ မလိုဘူး​လား။ ဘယ်လို စားသောက်​ကြ​မလဲ” လို့​မေးတယ်။

ယေရှုရဲ့ သေခြင်း​အောက်မေ့ရာပွဲ တက်ရောက်​လာ​သူ​အားလုံးကို ညီအစ်မ​ ဘာ​ဒရီဇီ​က ၁၃ ထပ်​မှာရှိတဲ့ သူ့ရဲ့​တိုက်ခန်း​မှာ နေရာ​ရ​အောင် စီစဉ်​ပေးခဲ့တယ်။ အံ့ဩစရာ​က တက်ရောက်သူ ၂၀​၀ ရှိတယ်။ အိမ်နီးချင်း​တွေ​က ယေဟောဝါသက်သေ​တွေအကြောင်း မေးခွန်း​အများကြီး မေး​ကြ​တယ်။

အမှတ်ရ​စရာ အောက်မေ့ရာပွဲ

၁၉​၉၂ ခုနှစ်မှာ အောက်မေ့ရာပွဲ​အတွက် အဆောက်အဦ​တွေ နိုင်ငံ​အနှံ့​မှာ ငှား​ကြ​တယ်။ ဂိုရီ​မြို့မှာ​နေတဲ့ ဒေးဗစ် ဆ​မ်​ခါ​ရ​ဒ်ဇီ​က အောက်မေ့ရာပွဲ အစီအစဉ်​အကြောင်း နယ်လှည့်ကြီးကြပ်မှူး​တွေ စုံစမ်းမေးမြန်း​ပုံကို ပြောပြတယ်။

ကြေညာသူ​တွေ အိမ်​မှာ စုဝေး​ဖို့ လုပ်​နေတာကို သိ​တဲ့အခါ “ဒီ​မြို့မှာ ခန်းမ​ကြီးကြီး မရှိဘူး​လား၊ ငှား​ကြည့်ပါ​လား” လို့ပြောတယ်။ ခန်းမ​က လူ ၁,၀၀၀ ကျော်​ဆံ့​ပြီး ကြေညာသူ​က ၁၀၀ ကျော်​ပဲ​ရှိလို့ ခန်းမ​ငှား​ဖို့ မလိုဘူး​လို့ ယူဆကြတယ်။

တိုက်နယ်ကြီးကြပ်မှူး​က “ကြေညာသူ​တစ်ယောက်​ကို လူ​ဆယ်ယောက် ခေါ်လာ​ရင် ထိုင်ခုံ​အားလုံး ပြည့်​သွားမယ်​လို့” အကြံပေး​တယ်။ ဒီအကြံ​ပြုချက်​က လက်တွေ့​မကျ​ပုံ​ရပေမဲ့ ကြေညာသူ​တွေ ကြိုးစား​လိုက်နာ​ကြတယ်။ အောက်မေ့ရာပွဲ​မှာ လူ ၁,၀၃၆ ယော​က်​ထက်​မနည်း တက်ရောက်​လာ​လို့ အံ့ဩ​ဝမ်းသာ​ကြ​တယ်။ *

ထက်သန်တဲ့ ရှေ့ဆောင်​တွေ နယ်မြေသစ်​တွေဆီ ရောက်ရှိ

၁၉​၉၂ ခုနှစ်​တုန်းက ဂျော်ဂျီယာမှာ ကျမ်းစာ​သတင်းတရား မ​ရောက်​သေး​တဲ့ ဒေသ​တွေ တော်တော်​များ​သေးတယ်။ တိုင်းပြည် စီးပွားရေး ကျပ်တည်း​နေချိန်မှာ နယ်မြေသစ်​တွေဆီ ဘယ်လို​သွား​ကြ​မလဲ။

အဲဒီအချိန်​တုန်းက အနောက်​ဂျော်ဂျီယာမှာ​နေတဲ့ တမာဇီ ဘီဘ​လိုင်​အာ ခု​လို​ပြောပြတယ်– “လုပ်နိုင်​တာ​တွေ ဆွေးနွေး​ဖို့ တိုက်​န​ည်​ကြီးကြပ်မှူး​က ကျွန်တော်တို့​နဲ့ တွေ့ဆုံ​တယ်။ အထူးရှေ့ဆောင်​အစီအစဉ်​အကြောင်း ကျွန်တော်တို့ သိပ်​မသိ​ဘူး။ ဒါပေမဲ့ သတင်းကောင်းကို အရေးတကြီး ဟောပြော​ရ​မယ်​ဆိုတာ​တော့ သိတယ်။” (၂ တိ. ၄:၂) အဲဒါကြောင့် ရှေ့ဆောင် ၁၆ ယော​က် ရွေး​ပြီး နိုင်ငံတစ်ဝန်း​က နယ်မြေဒေသ​အသီးသီး​မှာ တာဝန်ခန့်အပ်​လိုက်တယ်။—ပူးတွဲ​ပါ​မြေပုံ​မှာ ကြည့်ပါ။

ရှေ့ဆောင်တွေ ငါးလကြာ တာဝန်ခန့်အပ်ခံရတဲ့ နယ်မြေများ

၁၉​၉၂၊ မေ​လ​မှာ အဲဒီ​နယ်မြေ​တွေမှာ ငါးလ တာဝန်ထမ်းဆောင်​မယ့် ရှေ့ဆောင်​တွေနဲ့ သုံးနာရီ​ကြာ အစည်းအဝေး​တစ်ခုကို တ​ဘီလီ​ဆီ​မြို့မှာ လုပ်တယ်။ အကြီးအကဲတွေ​က လတိုင်း သူတို့​ဆီ လည်ပတ်​ပြီး လိုအပ်တဲ့ ရုပ်ပိုင်း၊ ဝတ်ပြုရေး​ပိုင်း အကူအညီ​တွေ ပေး​ကြ​ရမယ်။

မာ​နေ​အာ အ​ဒူ​အာ ရှ​ဗီလီ​နဲ့ နာ​ဇီ ဇ​ဗာ​နီ​ယာ ရှေ့ဆောင် ညီအစ်မ​နှစ်ယောက်​က အို​ဇူ​ဂေ​တီ​မြို့မှာ တာဝန်ကျတယ်။ အဲဒီအချိန်​မှာ မာနေ​အာ​က အသက် ၆​၀ ရှိပြီ။ သူ ဒီလိုပြောတယ်– “အို​ဇူ​ဂေ​တီ​မြို့​နား​မှာ စိတ်ဝင်စားသူ​တစ်ယောက် ရှိတယ်​ဆိုတာ ကျွန်မတို့ သိတယ်။ အဲဒီ​ကို ရောက်တာနဲ့ သူနဲ့​တွေ့​ဖို့ စီစဉ်​တယ်။ သူ့အိမ်ကို ရောက်​တဲ့အခါ ဖိတ်​ထားသူ အ​ယော​က် ၃၀ က ကျွန်မတို့​ကို စောင့်နေ​ကြ​တယ်။ အဲဒီ​နေ့​မှာပဲ ကျမ်းစာသင်အံမှု အတော်များများ စ​နိုင်ခဲ့တယ်။”

နောက်ပိုင်း​လ​တွေမှာ တိုးတက်မှုတွေ တွေ့ရတယ်။ ငါးလ​ကြာပြီး​နောက်မှာ ၁၂ ယော​က်​က နှစ်ခြင်းခံ​ဖို့ အသင့်​ဖြစ်နေ​ပြီ။

ကိုယ်ကျိုးစွန့်​ရ​ကျိူး​နပ်​ခဲ့

ညီအစ်ကို ပါ​ဗ​လေ အဘ​ဒူ​ရှေ​လီ​ရှ​ဗီလီ​နဲ့ ပ​အာ​တာ မို​ဘီ​ဒါ​ဇီ ရှေ့ဆောင်​နှစ်ယောက်​ဟာ တ​စာ​ဂေ​ရီ​မြို့မှာ တာဝန်ကျတယ်။ အဲဒီမြို့​ဟာ ရှေး​ရိုး​ထုံးစံ​တွေနဲ့ အမည်ခံ ခရစ်ယာန် သွန်သင်ချက်​တွေ ရောနှော​နေတဲ့ ဒေသ​မှာ တည်ရှိ​တယ်။

တဆာဂေရီ ရှုခင်း

အအေးဓာတ်​လွန်ကဲ​တဲ့ ဆောင်းရာသီ နီး​လာ​တော့ ရှေ့ဆောင်​တွေရဲ့ ငါးလ​ကြာ တာဝန်​လည်း ပြီး​ခါနီး​ပြီ။ ပ​အာ​တာ​ကလည်း ဘာသာပြန်​လုပ်ငန်းမှာ ကူညီဖို့ ဖိတ်ခေါ်​ခံရ​တယ်။ ဒါကြောင့် ပါ​ဗ​လေ ဆုံးဖြတ်ချက် ချရ​တော့မယ်။ သူ ဒီလို​ပြောပြတယ်– “တ​စာ​ဂေ​ရီ​မြို့မှာ ဆောင်းတွင်း​ဆို သိပ်​ခက်ခဲ​တယ်။ ဒါပေမဲ့ ကျမ်းစာသင်သား​တွေ​က အကူအညီ လို​နေလို့ ဆက်နေ​ဖို့ ဆုံးဖြတ်​လိုက်တယ်။”

“ဒေသခံ​မိသားစု​တစ်စု​နဲ့ ကျွန်တော် အတူနေ​တယ်။ တစ်နေ့​လုံး​နီးပါး အပြင်ထွက် ဟောပြော​တယ်။ ညနေခင်း​မှာတော့ အဲဒီ​မိသားစုနဲ့​အတူ ပထမ​ထပ် ဧည့်​ခန်း​ထဲက မီးဖို​ဘေး​မှာ ထိုင်​တယ်။ အိပ်ခန်း​ထဲ သွား​ရတော့​မယ်ဆိုရင် ဦးထုပ်​ဆောင်း၊ စောင်​ထူထူ​ခြုံ​ပြီး အိပ်​တယ်။”

အဲဒီ​ဆောင်းတွင်း​မှာ အကြီးအကဲတွေ ပါ​ဗ​လေ​ဆီ လာတဲ့အခါ ၁၁​ယောက်​က နှစ်ခြင်း​မခံ​တဲ့ ကြေညာသူ​ဖြစ်ဖို့ အသင့်​ဖြစ်နေ​ပြီ။ မကြာခင်​မှာပဲ အားလုံး နှစ်ခြင်းခံ​လိုက်​ကြ​တယ်။

^ စာပိုဒ်၊ 20 ၁၉​၉၂ ခုနှစ်​တုန်းက ဂျော်ဂျီယာမှာ ထက်သန်တဲ့ ကြေညာသူ ၁,၈၆၉ ယော​က်​ရှိပြီး အောက်မေ့ရာပွဲ တက်ရောက်သူ ၁၀,၃၃၂ ယော​က် ရှိခဲ့တယ်။