ဂျော်ဂျီယာ
“ဒါဟာ ယေဟောဝါရဲ့ ကျွန်တွေ ရမယ့် အမွေပဲ” —ဟေရှာ. ၅၄:၁၇။
ဂျော်ဂျီယာမှာရှိတဲ့ ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ သတင်းကောင်းကို မနားမနေ ဟောခဲ့ကြတယ်။ သူတို့ရဲ့ အလုပ်ကြိုးစားမှုကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။ ရလဒ်အနေနဲ့ နိုင်ငံတစ်ဝန်းလုံးနီးပါးကို သတင်းကောင်း ရောက်ရှိခဲ့တယ်။
ဒါပေမဲ့ မကြာသေးခင်နှစ်တွေအတွင်း ထက်သန်တဲ့ ကြေညာသူနဲ့ ရှေ့ဆောင်တွေဟာ ရံဖန်ရံခါသာ အမှုဆောင်တဲ့ရပ်ကွက်မှာ နေထိုင်သူ
တွေကို ပိုအာရုံစိုက်ခဲ့တယ်။ တောင်ပေါ်ဒေသ၊ ဝေးလံတဲ့ရွာတွေကို လေးဘီးယက်ကားတွေ၊ သံကြိုးဆွဲယာဉ်တွေနဲ့ပဲ ရောက်ရှိနိုင်တယ်။၂၀၀၉ ခုနှစ်ကစပြီး ဂျော်ဂျီယာဌာနခွဲက နှစ်တိုင်း အသင်းတော်အားလုံးဆီ မခန့်အပ်ရသေးတဲ့ ရပ်ကွက်စာရင်း ပို့ပေးပြီး အဲဒီနေရာတွေမှာ ဟောပြောခြင်းလုပ်ငန်းကို ကူညီပေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒီလုပ်ငန်းမှာ ပါဝင်ဖို့ ညီအစ်ကို/မများစွာ အကြီးအကျယ် ကိုယ်ကျိုးစွန့်ခဲ့ကြတယ်။
အဇာရီယာ တောင်ပေါ်ဒေသမှာ ကြေညာသူတွေ ပိုလိုအပ်နေတယ်လို့ တဲမူရီနဲ့ အယ်နာ ဘလီအာဇီတို့ စကြားတုန်းက သူတို့ အိမ်ထောင်ကျခါစပဲ ရှိသေးတယ်။ အိမ်သစ်ဆောက်ဖို့ ခြံတစ်ခြံ ဝယ်ထားတယ်။ အခုတော့ အမှုဆောင်လုပ်ငန်းကို တိုးချဲ့ဖို့ အခွင့်အရေး ရပြီ။
ဦးဆုံး၊ အဇာရီယာဒေသကို တစ်ပတ်လောက် သွားလည်ကြည့်တယ်။ ပထဆုံး အတွေ့အကြုံကို တဲမူရီ ဒီလိုပြောတယ်– “ဒေသခံ ကြေညာသူတွေက ရွာငယ်လေးတွေကို ရောက်ဖို့ တော်တော်လမ်းလျှောက်ကြရတယ်။ ကျွန်တော်တို့မှာ လေးဘီးယက်ကားတစ်စီး ရှိတော့ တော်တော် အသုံးဝင်မှာပဲလို့ ချက်ချင်း စဉ်းစားမိတယ်။”
အယ်နာလည်း ဒီလိုပြောတယ်– “ကိုယ့်အသင်းတော်နဲ့ မိသားစုကို တော်တော် သံယောဇဉ်တွယ်နေလို့ ပြောင်းရွှေ့ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ ကောင်းချီးကို ကျွန်မတို့ ခံစားခဲ့ရတယ်။” အခု၊ အဇာရီယာဒေသ၊ ကေဒါမြို့လေးက အုပ်စုကို တဲမူရီနဲ့ အယ်နာတို့ ကူညီပေးနေတာ သုံးနှစ်ကျော် ရှိနေပြီ။
ဆန်းသစ်တီထွင်တဲ့ ရှေ့ဆောင်များ
ဝေးလံတဲ့ဒေသတွေရဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ယာယီအထူးရှေ့ဆောင်တွေရဲ့ အကူအညီကို တန်ဖိုးမဖြတ်နိုင်ဘူး။ ရှေ့ဆောင်များစွာဟာ တာဝန်ပြီးဆုံးသွားပေမဲ့ ကျမ်းစာသင်အံမှုတွေကို ဆက်ဂရုစိုက်ပေးနိုင်အောင် တာဝန်ကျဒေသမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ကြတယ်။
ခါတူနာဆိုတဲ့ နာမည်ဆင်တူတဲ့ ရှေ့ဆောင်ညီအစ်မနှစ်ယောက်ဟာ သိပ်လှတဲ့ မန်ဂလီဆီမြို့မှာ တာဝန်ကျတယ်။ အဲဒီမြို့မှာ သက်သေခံတစ်ယောက်မှ မရှိပေမဲ့ သူတို့ရဲ့ အမှုဆောင်လုပ်ငန်း တော်တော်ဖြစ်ထွန်းတယ်။ ဦးဆုံးလမှာ ကျမ်းစာသင်အံမှု ၉ ခု၊ နောက်လမှာ ၁၂ ခု၊ နောက်လမှာ ၁၅ ခု၊ နောက်လမှာ ၁၈ ခု ကျင်းပခဲ့ကြတယ်။ ကျမ်းစာသင်အံမှုတွေကို ဆက်ဂရုစိုက်ပေးနိုင်အောင် မန်ဂလီဆီမြို့မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်အောင် ဝင်ငွေရဖို့ ဒီညီအစ်မတွေ ဆန်းသစ်တီထွင်တတ်ဖို့ လိုတယ်။ မန်ဂလီဆီမြို့ကို လည်ပတ်သူများစွာဟာ ကျန်းမာရေးအတွက် ကောင်းတယ်လို့ လူသိများတဲ့ ဒေသထွက် ထင်းရှူးသီးတွေကို နှစ်သက်ကြတယ်။ ဒါကြောင့် ညီအစ်မတွေက ထင်းရှူးသီးအစိမ်းတွေကို ကောက်၊ တာရှည်ခံအောင် လုပ်ပြီး ဈေးမှာ ရောင်းကြတယ်။ သူတို့ မယုံနိုင်လောက်အောင် ဝင်ငွေကောင်းကြတယ်။
တစ်နေ့၊ ကျမ်းစာသင်အံမှုတစ်ယောက်က သူတို့ကို ကြက်ကလေး အတော်များများ ယူလာပေးတယ်။ အဲဒီသင်အံမှုရဲ့ ကြက်မက တစ်နေရာမှာ လူမသိအောင် ဥဥပြီး အိမ်ကို ကြက်ပေါက်ကလေးတွေ ခေါ်လာတယ်လို့ သူရှင်းပြတယ်။ မမျှော်လင့်ဘဲ ပွားလာတဲ့ ကြက်တွေကို ပေးချင်လို့ပါလို့ ပြောတယ်။ ညီအစ်မတစ်ယောက်က ကြက်မွေးဖူးတော့ ကြက်မွေးပြီး ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်တယ်။
“ယေဟောဝါရဲ့ အကူအညီ၊ ညီအစ်ကို/မတွေနဲ့ ကျမ်းစာသင်အံမှုတွေရဲ့ အကူအညီကြောင့် မန်ဂလီဆီမြို့မှာ ငါးနှစ် ဆက်နေနိုင်ခဲ့တယ်” လို့ ညီအစ်မတစ်ယောက် ပြောတယ်။ အခု၊ အဲဒီမှာ တက်ကြွတဲ့အုပ်စုတစ်ခု ရှိနေပြီ။
ဘာသာခြားစကားဖြင့် ရှေ့ဆောင်လုပ်ခြင်း
မကြာသေးခင်နှစ်တွေအတွင်း ဂျော်ဂျီယာကို နိုင်ငံခြားသားတွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လာတယ်။ လယ်ကွင်းသစ် ပွင့်လာပြီဆိုတာ ရှေ့ဆောင်တွေ သဘောပေါက်ကြတယ်။ ဒါကြောင့် အာရဘီ၊ အဇာဘိုင်ဂျန်၊ တရုတ်၊ အင်္ဂလိပ်၊ ပါးရှန်း၊ တူရကီ စတဲ့ ဘာသာစကားတွေကို စတင်သင်ယူခဲ့ကြတယ်။
ရှေ့ဆောင်များစွာက နိုင်ငံခြား ဘာသာစကား အုပ်စု၊ အသင်းတော်တွေနဲ့ ပူးပေါင်းကြပြီး တချို့ကျတော့ ပိုလိုအပ်တဲ့နေရာကို ပြောင်းရွှေ့သွားကြတယ်။ ဂီအိုဂီနဲ့ ဂေလာတို့ဟာ အိမ်နီးချင်းနိုင်ငံကို ပြောင်းရွှေ့သွားတုန်းက အသက် ၂၀ ဝန်းကျင်ပဲ ရှိသေးတယ်။ “ယေဟောဝါကို ကျွန်တော်တို့ အကောင်းဆုံး ပေးဆပ်ချင်တယ်။ အဲဒီကို ပြောင်းရွှေ့သွားလို့ ပေးဆပ်ဖို့ အကောင်းဆုံး အခွင့်အရေး ရခဲ့တယ်” လို့ ဂီအိုဂီ ပြောတယ်။
ပြောင်းရွှေ့သွားတဲ့အချိန်နဲ့ပတ်သက်ပြီး ဂေလာက “အဲဒီလိုရပ်ကွက်မှာ အကြီးအကဲအဖြစ် အမှုဆောင်တဲ့အတွက် အများကြီး တတ်သိလာတယ်။ ယေဟောဝါရဲ့ ‘သိုးကလေးတွေ’ ကို ကူညီပေးဖို့ အသုံးတော်ခံရတာ တကယ့်ကို ပျော်ရွှင်စရာပါပဲ” လို့ပြောတယ်။—ယော. ၂၁:၁၇။
ဂီအိုဂီ ဒီလိုဆက်ပြောတယ်– “အခက်အခဲတွေ ရှိပေမဲ့ အမှုဆောင်လုပ်ငန်းကိုပဲ ကျွန်တော်တို့ အာရုံစိုက်တယ်။ ဘယ်တော့မှ ဇဝေဇဝါ မဖြစ်ဘူး။ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတယ်လို့ပဲ ခံစားရတယ်။”
ဂေလာဆိုတဲ့ နာမည်တူ နောက်ညီအစ်ကိုဟာ တူရကီမှာ နှစ်အနည်းငယ် အမှုဆောင်ခဲ့တယ်။ သူ ဒီလိုပြောတယ်– “အစမှာတော့ ဒေသခံဘာသာစကားနဲ့ နပန်းလုံးခဲ့ရတယ်။ ဆက်ပျော်နေဖို့ သိပ်ခက်တယ်။ ဒါပေမဲ့ ညီအစ်ကို/မတွေ၊ ရပ်ကွက်ကလူတွေနဲ့ ကောင်းကောင်း ဆက်သွယ်လာနိုင်တဲ့အခါမှာတော့ ပျော်မဆုံးနိုင်အောင် ဖြစ်ခဲ့ရတယ်။”
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ဆယ်နှစ်ကျော် ရှေ့ဆောင်လုပ်ခဲ့တဲ့ နီနို ဒီလိုပြောတယ်– “ပြောင်းရွှေ့တဲ့ ဦးဆုံးနေ့ကတည်းက ယေဟောဝါရဲ့ ထောက်မမှုကို ခံစားခဲ့ရတယ်။ နိုင်ငံခြားလယ်ကွင်းမှာ ရှေ့ဆောင်လုပ်လို့ နေ့တိုင်းလိုလို ‘နှစ်ချုပ်စာအုပ်ထဲကလို တွေ့ကြုံမှုတွေ’ ရရှိခဲ့တယ်။”