ဂျော်ဂျီယာ | ၁၉၉၁-၁၉၉၇
ဂရုစိုက်တတ်တဲ့ သိုးထိန်းတွေက လေ့ကျင့်ပေး
၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်းတုန်းက ဂျော်ဂျီယာနိုင်ငံက အသင်းတော်အများစုမှာ အကြီးအကဲ၊ အသင်းတော်အမှုထမ်း တစ်ယောက်တည်းပဲ ရှိတယ်။ ကြေညာသူတွေဟာ မြို့တွေ၊ ရွာတွေမှာ ပြန့်ကျဲနေထိုင်ကြလို့ အသင်းတော်တွေဟာ အုပ်စုလေးတွေ ခွဲပြီး အစည်းအဝေး လုပ်ကြရတယ်။
ဝေးလံတဲ့ဒေသတွေမှာ အမှုဆောင်ခဲ့တဲ့ ဂျိုနီ ရှလမ်ဘေရီဇီနဲ့ ပါဗလေ အဘဒူရှေလီရှဗီလီတို့ဟာ ကာခေတီဒေသမှာ တည်ရှိတဲ့ တေလာဗီမြို့မှာ ကူညီပေးဖို့ တာဝန်ပေးခံရတယ်။ အဲဒီအသင်းတော်မှာ ကြေညာသူ ၃၀၀ ရှိပြီး အကြီးအကဲ တစ်ယောက်မှ မရှိဘူး။ အုပ်စု ၁၃ စုခွဲပြီး နေရာအသီးသီးမှာ တွေ့ဆုံကြတယ်။
ရိတ်သိမ်းချိန်မှာ သက်သေခံအချင်းချင်းကိုပဲ အကူအညီတောင်းဖို့ ဂျိုနီနဲ့ ပါဗလေတို့က အကြံပေးတယ်။ ဒါမှ ခြံအလုပ်လုပ်ရင်း အပေါင်းအသင်းကောင်းတွေဆီက အကျိုးရရှိနိုင်မယ်။ (ဒေ. ၄:၉၊ ၁၀) “အသင်းတော်မှာ ညီရင်းအစ်ကိုမေတ္တာ ပိုခိုင်မြဲလာတယ်” လို့ ဂျိုနီက ပြောတယ်။ နောက်သုံးနှစ်အကြာမှာ ဂျိုနီနဲ့ ပါဗလေတို့ ကာခေတီဒေသကနေ ထွက်လာချိန်မှာ အကြီးအကဲ ၅ ယောက်နဲ့ အသင်းတော်အမှုထမ်း ၁၂ ယောက် ရှိနေပြီ။
အစည်းအဝေးတွေက ဟောပြောခြင်းစွမ်းရည် တိုးတက်စေ
၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်းတွေအထိ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ကန့်သတ်ထားလို့ သက်သေခံတွေဟာ အုပ်စုငယ်လေးတွေ ဖွဲ့ပြီး အသင်းတော် စာအုပ်ကြီးသင်တန်း၊ ကင်းမျှော်စင်သင်တန်းအတွက်ပဲ စုဝေးကြတယ်။ ဒီအစည်းအဝေးတွေက အားပေးမှု ဖြစ်စေပေမဲ့ အမှုဆောင်လုပ်ငန်းအတွက် ကြေညာသူတွေကို လေ့ကျင့်ပေးတာမျိုး မရှိဘူး။
ကွန်မြူနစ်အုပ်ချုပ်မှု ကျဆုံးသွားတဲ့အခါ ပြောင်းလဲသွားတယ်။ ဟောပြောသွန်သင်ခြင်း သင်တန်းနဲ့ လုပ်ငန်းတော် အစည်းအဝေးတွေကို ပတ်စဉ် ကျင်းပဖို့ ယေဟောဝါအဖွဲ့အစည်းက ညွှန်ကြားလာတယ်။
နာအီလီ ခူဆီရှဗီလီနဲ့ လာလီ အလက်ပေရိုဗာတို့ ညီအစ်မနှစ်ယောက်ဟာ အစည်းအဝေးတွေ တက်ခဲ့တာကို သတိရနေတုန်းပဲ။ “တကယ် စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်ပဲ။ အစီအစဉ်မှာ ညီအစ်မတွေလည်း ပါဝင်နိုင်လို့ အားလုံး စိတ်လှုပ်ရှားကြတယ်” လို့ လာလီ ပြောပြတယ်။
နာအီလီ ခုလိုပြောပြတယ်– “သရုပ်ပြတစ်ခုမှာ အိမ်ရှင်က စင်မြင့်ပေါ်မှာ သတင်းစာ ဖတ်နေတုန်း တံခါးခေါက်သံ ကြားတယ်။ ဝင်လာပါလို့ ပြောတော့ ညီအစ်မနှစ်ယောက်က အစည်းအဝေးခန်းမ တံခါးပေါက်ကနေ ဝင်လာပြီး စင်မြင့်ပေါ် တက်သွားတယ်။” “ထူးခြားတဲ့ ဒီအစည်းအဝေးတွေက ကျွန်မတို့ရဲ့ ဟောပြောခြင်းစွမ်းရည်ကို တိုးတက်စေတယ်” လို့ လာလီ ဆက်ပြောတယ်။
ကျမ်းစာစာပေတွေ ပိုလိုအပ်လာ
ညီအစ်ကို အနည်းငယ်ဟာ လက်လှည့်မိတ္တူကူးစက်တွေ သုံးပြီး အိမ်မှာပဲ ကျမ်းစာစာပေတွေ ထုတ်ဝေလာတာ နှစ်အတော်ကြာနေပြီ။ စာပေတွေ ပိုလိုအပ်လာတာမို့ ညီအစ်ကိုတွေက ပုံနှိပ်တိုက်တွေမှာ သင့်တော်တဲ့ဈေးနဲ့ မဂ္ဂဇင်းတွေ ပုံနှိပ်နိုင်ခဲ့တယ်။
ပုံနှိပ်တိုက်တွေကို ပို့ဖို့ မူရင်းစာစောင်ကို ပြင်ဆင်ရာမှာ ညီအစ်ကိုတွေဟာ ကြံရည်ဖန်ရည် ရှိကြတယ်။ ဘာသာပြန်ထားတဲ့ ဂျော်ဂျီယာစာသားတွေကို မူရင်း အင်္ဂလိပ် မဂ္ဂဇင်းပုံစံအတိုင်း လက်နှိပ်စက်နဲ့ သပ်သပ်ရပ်ရပ် ရိုက်တယ်။ မူရင်းရုပ်ပုံတွေကို ညှပ်ပြီး လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ စာရွက်ပေါ်မှာ ကပ်လိုက်တယ်။ နောက်ဆုံးမှာ သတင်းစာတွေထဲက ပုံစံလှတဲ့ စာလုံးတွေကို ညှပ်ယူပြီး မျက်နှာဖုံးမှာ ကပ်လိုက်တယ်။ ပုံနှိပ်တိုက်ပို့ဖို့ အသင့်ဖြစ်သွားပါပြီ။
ကွန်ပျူတာတွေ ပေါ်လာတဲ့အခါ လေဗာနီ ကိုပါလီအာနီနဲ့ လေရီ မီဇာရှဗီလီတို့ ညီအစ်ကိုနှစ်ယောက်က ကွန်ပျူတာသင်တန်း တက်ကြတယ်။ “ကျွန်တော်တို့မှာ ဘာအတွေ့အကြုံမှ မရှိဘူး။ အမြဲတမ်းတော့ အဆင်မပြေဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီနဲ့ သိပ်မကြာခင်မှာပဲ မဂ္ဂဇင်းတွေကို စာစီ၊ စာရိုက် တတ်လာတယ်” လို့ လေရီက ပြောတယ်။
အတားအဆီးတွေကြားမှာ ဂျော်ဂျီယာနိုင်ငံတစ်ဝန်းက အသင်းတော်တွေဟာ ဒေသထုတ် လေးရောင်ခြယ် မဂ္ဂဇင်းတွေ စတင်ရရှိလာတယ်။ ဒါပေမဲ့
မဂ္ဂဇင်းတောင်းဆိုမှုတွေ တိုးများလာလို့ အခက်တွေ့ကြပြန်တယ်။ အခန့်သင့်ပါပဲ၊ ဂျော်ဂျီယာနိုင်ငံက ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ အဖွဲ့အစည်းရဲ့ မေတ္တာပါ လမ်းညွှန်မှု ရရှိခဲ့တယ်။အလှည့်အပြောင်း
၁၉၉၂ ခုနှစ်၊ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးကို လာတဲ့ ဂျာမနီက ဌာနခွဲကိုယ်စားလှယ်နဲ့ ဂျော်ဂျီယာက ညီအစ်ကိုတွေ တွေ့ကြတယ်။ ဂေနာဒီ ဂုဒါဇီ ခုလို ပြောပြတယ်– “ဘာသာပြန်လုပ်ငန်းကို ဘယ်လို လုပ်ရတယ်ဆိုတာ သူတို့ပြောပြတယ်။ ဘာသာပြန်လုပ်ငန်းကို ကူညီပေးဖို့ ကျွန်တော်တို့ဆီ လာမယ်” လို့ပြောတယ်။
ဂျော်ဂျီယာနိုင်ငံမှာ ကျမ်းစာစာပေတွေ ပုံနှိပ်ရတာ မလွယ်ဘူး။ ဒီဘာသာစကားက ထူးခြားလို့ အဖွဲ့အစည်းရဲ့ ဘာသာစုံ အီလက်ထရောနစ် ထုတ်ဝေရေးစနစ် (MEPS) မှာ ဂျော်ဂျီယာအက္ခရာ မရှိသေးဘူး။ ဒါကြောင့် စာစီဖို့နဲ့ ပုံနှိပ်ဖို့ စာလုံးပုံစံသစ် တီထွင်ခဲ့ရတယ်။
၁၉၇၀ ပြည့်လွန်နှစ်အကုန်ပိုင်းမှာ ဂျော်ဂျီယာလူမျိုး ဒါတီကာရှဗီလီ မိသားစုဟာ အမေရိကန်ကို ပြောင်းရွှေ့သွားတယ်။ သူတို့ရဲ့ သမီး မာရီနာဟာ နောက်ပိုင်းမှာ အမှန်တရား သိလာတယ်။ ဘရွတ်ကလင်က ညီအစ်ကိုတွေ MEPS စနစ်ထဲကို ဂျော်ဂျီယာအက္ခရာတွေ ထည့်တဲ့အခါ သူအများကြီး ကူညီပေးခဲ့တယ်။ မကြာခင်မှာပဲ ဝေစာတချို့နဲ့ “ကြည့်ရှုလော့၊ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” ဆိုတဲ့ ဘရိုရှာကို ဂျာမနီမှာ ပုံနှိပ်ခဲ့တယ်။
ဘာသာပြန်လုပ်ငန်း ဖွဲ့စည်းဖို့ အကူအညီ
၁၉၉၃ ခုနှစ်မှာ ဘာသာပြန်ရုံး ဖွဲ့စည်းဖို့ ဂျာမနီဌာနခွဲကနေ မိုက်ကယ် ဖလက်စတိုင်းနဲ့ ဆီဗီယာတို့ ဇနီးမောင်နှံ တဘီလီဆီမြို့ကို ရောက်လာတယ်။ မိုက်ကယ် ခုလိုပြောပြတယ်– “စိန့်ပီတာစဘတ်မြို့မှာ လုပ်ခဲ့တဲ့
အစည်းအဝေးကို သတိရနေတုန်းပဲ။ ၁၈ လကြာပြီးနောက် တဘီလီဆီမြို့ကို ပြန်ရောက်တဲ့အခါ ကောင်းကောင်းလုပ်ဆောင်နေတဲ့ ဘာသာပြန်အဖွဲ့ကို တွေ့ရလို့ အံ့ဩခဲ့ရတယ်။”လအနည်းငယ်အကြာမှာပဲ အချိန်ပြည့် ဘာသာပြန် ၁၁ ယောက်အဖွဲ့ဟာ တိုက်ခန်းငယ်တစ်ခုမှာ တည်ရှိတဲ့ ရုံးခန်းမှာ အလုပ်လုပ်နေပြီ။ ယေဟောဝါရဲ့ အဖွဲ့အစည်းက ကောင်းကောင်းလေ့ကျင့်ပေးလို့ အသင်းတော်တွေကို စာပေတွေ ပုံမှန်ပို့ပေးနိုင်ပြီ။
မငြိမ်မသက် ဖြစ်နေချိန်မှာ စာပေများ ပို့ပေးခြင်း
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်မှာ ဂျော်ဂျီယာအပါအဝင် ခွဲထွက်သွားတဲ့နိုင်ငံတွေမှာ ပြည်တွင်း မငြိမ်သက်မှုနဲ့ လူစုမျိုး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တယ်။ အဲဒါကြောင့် ခရီးသွားရတာ၊ အထူးသဖြင့် နယ်စပ်တွေကို ဖြတ်ကျော်ရတာ အန္တရာယ်များတယ်။
၁၉၉၄၊ နိုဝင်ဘာလရဲ့ နေ့တစ်နေ့မှာ အလေကို ဂါဗရီတီရှဗီလီက တခြားညီအစ်ကို နှစ်ယောက်နဲ့ နယ်စပ်ကို ဖြတ်တဲ့အခါ လက်နက်ကိုင်အုပ်စုတစ်စုက တားလိုက်ပြီး ကားပေါ်က ဆင်းခိုင်းတယ်။ အလေကို ခုလို ပြောပြတယ်– “ကျမ်းစာစာပေတွေ တွေ့သွားတော့ သူတို့ ဒေါသထွက်လာတယ်။
ကျွန်တော်တို့ကို သတ်တော့မယ့်ပုံစံနဲ့ တန်းစီခိုင်းတယ်။ ကျွန်တော်တို့ ယေဟောဝါဆီ စိုးရိမ်တကြီး ဆုတောင်းကြတယ်။ နှစ်နာရီလောက်ကြာတဲ့အခါ သူတို့ထဲက တစ်ယောက်က ‘မင်းတို့ရဲ့စာအုပ်တွေ ယူပြီး သွားကြတော့။ နောက်တစ်ခါ ပြန်လာရင် ကားကို မီးရှို့ပြီး မင်းတို့ကို သတ်ပစ်မယ်’ လို့ပြောတယ်။”ဒီလိုခြိမ်းခြောက်မှုကြားမှာ ညီအစ်ကိုတွေဆီ စာပေတွေ ဆက်ပို့ပေးကြတယ်။ ဂျော်ဂျီယာနိုင်ငံထဲ စာပေတွေ သွင်းရာမှာ အကြီးအကျယ် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့တဲ့ ညီအစ်ကို ဇာဇာ ဂျီကူရာရှဗီလီ ခုလိုပြောတယ်– “ညီအစ်ကိုတွေ စာပေတွေ လိုအပ်နေမှန်း ကျွန်တော်တို့ သိတယ်။ ကျွန်တော်တို့ရဲ့ အိမ်သူဇနီးတွေကလည်း အများကြီး ထောက်မပေးကြတယ်။”
အလေကို ပြောပြတယ်– “စာပေတွေ သယ်ယူပို့ဆောင်ရာမှာ ပါဝင်ကူညီကြတဲ့ ညီအစ်ကိုအများစုမှာ မိသားစုရှိတယ်။” အန္တရာယ်ကြားမှာ လုပ်ဆောင်ဖို့ သူတို့ကို ဘာက လှုံ့ဆော်ခဲ့သလဲ။ “အဓိကကတော့ ယေဟောဝါကို ကျေးဇူးတင်လို့၊ ချစ်လို့ပါပဲ။ ညီအစ်ကို/မတွေကို ဂရုစိုက်တဲ့ ယေဟောဝါကိုလည်း တုပချင်တယ်။”
မတည်ငြိမ်တဲ့ခေတ်ကာလမှာ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိတဲ့ အဲဒီညီအစ်ကိုတွေကြောင့် စာပေတွေ ပို့ဆောင်တာ တစ်ခါမှ မပြတ်ခဲ့ဘူး။ နောက်ပိုင်းမှာ ဂျာမနီနဲ့ ဂျော်ဂျီယာအကြား လုံခြုံတဲ့လမ်းကြောင်းတစ်ခု ရှာတွေ့ခဲ့တယ်။
အခန့်သင့် အားပေးမှု
၁၉၉၅ ခုနှစ်မှာ နိုင်ငံရေးအခြေအနေ တည်ငြိမ်သွားတဲ့အခါ သက်သေခံတွေက ပထမဆုံး ခရိုင်အစည်းအဝေး ကျင်းပဖို့ စီစဉ်ကြတယ်။ ၁၉၉၆ ခုနှစ်၊ နွေရာသီမှာ ဂိုရီ၊ မာနူလီ၊ တဆနိုရီမြို့တွေမှာ ကျင်းပတဲ့ ခရိုင်အစည်းအဝေးတွေမှာ ဂျော်ဂျီယာ နိုင်ငံတစ်ဝန်းက ကိုယ်စားလှယ် ၆,၀၀၀ လောက် တက်ခဲ့တယ်။
အထူးသဖြင့် ဂိုရီမြို့အနီးမှာ ကျင်းပတဲ့ အစည်းအဝေး တက်သူတွေအတွက် အမှတ်တရ ဖြစ်ခဲ့တယ်။ အောက်မေ့ရာပွဲအတွက် ငှားထားတဲ့ခန်းမ လူမှပြည့်ပါ့မလားလို့ ညီအစ်ကိုတွေ စိုးရိမ်ခဲ့ရတဲ့အချိန်နဲ့ ပြောင်းပြန်ဖြစ်သွားပြီ။ အခု လူ ၂,၀၀၀ ကျော်တက်မယ်လို့ မျှော်မှန်းထားပြီး လိုအပ်တဲ့နေရာ အကျယ်အဝန်းကို ရှာမတွေ့ဘူး။ မြို့နဲ့ မနီးမဝေး သာယာတဲ့ကွင်းပြင်မှာ အစည်းအဝေး လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ခရိုင်အစည်းအဝေး ကော်မတီမှာ ပါဝင်ခဲ့တဲ့ ညီအစ်ကို ကာကို လိုမီဇီ ခုလိုပြောတယ်– “အစည်းအဝေး အစီအစဉ် ပြီးနောက်မှာ ညီအစ်ကို/မတွေဟာ သီချင်းတွေ ဆိုပြီး စုဆုံပေါင်းသင်းကြတယ်။ ဘုရားသခင့် ကျေးကျွန်တွေဟာ ခိုင်မြဲတဲ့ မေတ္တာနှောင်ကြိုးကြောင့် စည်းလုံးကြတယ်ဆိုတဲ့ သက်သေပါပဲ။”—ယော. ၁၃:၂၅။
မေတ္တာပါ ပြင်ဆင်ပေးမှုတွေက တိုးတက်စေ
၁၉၉၆ ခုနှစ်ကစပြီး နိုင်ငံတစ်ဝန်းက အသင်းတော်တွေကို နယ်လှည့်ကြီးကြပ်မှူးတွေ တစ်ပတ်တာ လည်ပတ်တဲ့အစီအစဉ် ပြုလုပ်ခဲ့တယ်။ အဲဒီအတွက် အရှေ့နဲ့ အနောက် ဂျော်ဂျီယာမှာ အမှုဆောင်နေတဲ့ ညီအစ်ကိုတွေနဲ့ ပူးပေါင်းဖို့ နယ်လှည့်ကြီးကြပ်မှူးသစ်တွေ ထပ်ခန့်ရတယ်။
အဲဒီနယ်လှည့်ကြီးကြပ်မှူးတွေရဲ့ “မေတ္တာပါပါ ကြိုးစားအားထုတ်မှု” နဲ့ သစ္စာရှိရှိလုပ်ဆောင်မှုက အသင်းတော်တွေ ကြီးထွားတိုးတက်ဖို့၊ အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်တွေကို ပိုအနီးကပ်လိုက်လျှောက်ဖို့ အကူအညီဖြစ်စေမှာ အသေအချာပါပဲ။ (၁ သက်. ၁:၃) ၁၉၉၀ ကနေ ၁၉၉၇ ခုနှစ်အတွင်း တိုးတက်မှုကတော့ အံ့မခန်းပါပဲ။ ၁၉၉၀ ပြည့်နှစ်မှာ ကြေညာသူ ၉၀၄ ယောက် မှတ်တမ်းသွင်းခဲ့ပေမဲ့ နောက်ခုနစ်နှစ်အကြာမှာ သတင်းကောင်းကြေညာသူ ၁၁,၀၈၂ ယောက် ရှိခဲ့တယ်။
လွန်ခဲ့တဲ့ဆယ်စုနှစ်တွေက စတင်ခဲ့တဲ့ တိုးတက်မှုဟာ အခု တစ်နိုင်ငံလုံးအနှံ့ ဖြစ်နေပြီဆိုတဲ့ အထောက်အထားပါပဲ။ ဒါပေမဲ့ ယေဟောဝါက ဂျော်ဂျီယာနိုင်ငံမှာရှိတဲ့ မိမိရဲ့လူတွေကို ထပ်ဆင့်ကောင်းချီးတွေ ပေးဦးမယ်။