မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂျော်ဂျီယာ

ခုချိန်ထိ ဘယ်ရောက်နေတာလဲ

အာ​တာ ဂေ​ရေ​ခေ​လီ​ယာ

ခုချိန်ထိ ဘယ်ရောက်နေတာလဲ
  • မွေးဖွား​တဲ့​နှစ် ၁၉​၅၆

  • နှစ်ခြင်းခံ​တဲ့​နှစ် ၁၉​၉၁

  • ကိုယ်ရေးမှတ်တမ်း​အကျဉ်း နှစ်ခြင်းခံ​ပြီး ရှစ်​လ​အကြာ​မှာပဲ အိမ်နဲ့ အောင်မြင်နေ​တဲ့ စီးပွားရေး​လုပ်ငန်းကို စွန့်ပြီး ပိုလိုအပ်​တဲ့နေရာမှာ အမှုဆောင်​ခဲ့တယ်။

ကျွန်တော် နှစ်ခြင်းခံ​ပြီး​တာနဲ့ အကြီးအကဲတွေ​က အမှုဆောင်လုပ်ငန်း မ​တိုးချဲ့​ချင်ဘူး​လား​လို့ မေး​ကြ​တယ်။ ၁၉​၉၂၊ မေ​လ ၄ ရက်​နေ့​မှာ ပိုလိုအပ်​တဲ့​နေရာတွေ​မှာ အမှုဆောင်​မယ့်​သူတွေ​အတွက် အထူးအစည်းအဝေး​တစ်ခုကို ကျွန်တော် တက်​ခဲ့တယ်။ နောက်​တစ်နေ့​မှာ ကျွန်တော်နဲ့ ကျွန်တော့်​အမှုဆောင်​တွဲဖက်​တို့ဟာ အဇာရီယာ​ဒေသ၊ ဘာ​တူ​မီ​ကို ပြောင်းရွှေ့​ခဲ့ကြတယ်။

ပထမဆုံးအကြိမ် ဘာ​တူ​မီ​မှာ ဟော​ရတာ ကျွန်တော် သိပ်ကြောက်​တယ်။ ‘လူတွေကို ဘယ်လို ချဉ်းကပ်​မလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးတယ်။ ကျွန်တော် ပထမဆုံး​တွေ့​တဲ့ အမျိုးသမီး​က “ခု​ချိန်​ထိ ဘယ်​ရောက်နေ​တာလဲ” လို့ပြော​တော့ ကျွန်တော် အံ့ဩ​သွားတယ်။ သူက သက်သေခံ​တွေအကြောင်း သိပ်သိချင်​နေလို့ နောင်​တစ်နေ့​မှာပဲ သူနဲ့ ကျမ်းစာ​စလေ့လာ​ခဲ့တယ်။

ဘာ​တူ​မီ​မြို့​ကို မသွား​ခင်မှာ စိတ်ဝင်စားသူ​တွေရဲ့ လိပ်စာ​စာရင်း​ကို ရခဲ့တယ်။ မြို့​ကို မ​ကျွမ်း​လို့ လမ်းမှာ လူတွေကို မေး​ရတယ်။ သိပ်​မကြာသေးခင်က​မှ လမ်း​နာမည်​တွေ ပြောင်း​လိုက်လို့ အတော်များများ​က ကျွန်တော်တို့ မေးတဲ့​လမ်း​တွေကို မသိကြ​ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဟော​တဲ့​သတင်း​ကို စိတ်ဝင်စား​ကြ​တယ်။ သိပ်​မကြာခင်​မှာပဲ တစ်အုပ်​စု​မှာ ၁၀ ယော​က်​က​နေ ၁၅ ယော​က်​အထိ​ရှိတဲ့ အုပ်စု​တွေကို ကျမ်းစာသင်ပေး​ခဲ့ကြတယ်။

ကျွန်တော်တို့ ရောက်​ပြီး လေးလ​လောက်​အကြာ​မှာပဲ အစည်းအဝေးတွေကို ပုံမှန်တက်ရောက်​သူ ၄၀ ကျော် ရှိလာ​တယ်။ “ဒီ​လူသစ်​တွေကို ဘယ်သူ ကူညီပေး​မလဲ” လို့ အချင်းချင်း မေးခဲ့တယ်။ အဲဒီနောက် အဘခါဇီယာ​ဒေသ​မှာ ဂျော်ဂျီယာ​စစ်တပ်​နဲ့ ခွဲထွက်ရေး​ဝါဒီ​တွေ တိုက်ခိုက်​ကြ​လို့ ကျွန်တော်တို့ရဲ့ အရင်​အသင်းတော်တစ်ခုလုံး ဘာ​တူ​မီ​ကို ပြောင်းရွှေ့​ခဲ့ရတယ်။ တစ်ရက်​တည်းမှာ​ပဲ အကြီးအကဲတွေ၊ အတွေ့အကြုံ​ရှိတဲ့ ရှေ့ဆောင်​တွေနဲ့ အသင်းတော်သစ်​ကို ဖွဲ့စည်း​လိုက်​ကြ​တယ်။