ဂျော်ဂျီယာ | ၁၉၂၄-၁၉၉၀
ယုံကြည်ခြင်း တိုးပွားဖို့ အစည်းအဝေးများက ကူညီပေး
လူသစ်တွေ ယုံကြည်ခြင်း တိုးပွားလာစေဖို့ ခရစ်ယာန်အစည်းအဝေးတွေက အရေးကြီးတယ်။ နှစ်ခြင်းခံပြီးစ လူသစ်တွေလည်း အမှန်တရား သက်တမ်းကြာတဲ့သူတွေလိုပဲ သူတို့ရဲ့ အိမ်ကို အစည်းအဝေးနေရာအဖြစ် သုံးစေချင်ကြတယ်။ တက်ရောက်လာသူအားလုံး လှိုက်လှိုက်လှဲလှဲ ကြိုဆိုခံရပြီး သူတို့ရဲ့ မေတ္တာနှောင်ကြိုးတွေ ပိုခိုင်မြဲလာတယ်။
နှစ်ခြင်းခံမယ့်သူ များလာပြီဆိုရင် အထူးအစည်းအဝေးတွေ ကျင်းပဖို့ လျှို့ဝှက်စီစဉ်ကြတယ်။ ၁၉၇၃၊ ဩဂုတ်လမှာ ပင်လယ်နက် ကမ်းခြေနားက ဆိုခူမီမြို့မှာ အဲဒီလိုအစည်းအဝေးမျိုး ကျင်းပခဲ့ကြတယ်။ ဒါပေမဲ့ နှစ်ခြင်းခံမယ့်သူ ၃၅ ယောက်က နှစ်ခြင်းမခံလိုက်ရဘူး။ အစည်းအဝေး
မပြီးခင်မှာ ရဲတွေ ရောက်လာပြီး ဗလာဒီမာအပါအဝင် ညီအစ်ကို/မတချို့ကို ဖမ်းသွားကြတယ်။ဗလာဒီမာနဲ့ တခြားညီအစ်ကိုတွေ လွတ်လာတာနဲ့ နှစ်ခြင်းခံမယ့်သူအားလုံးကို ပြန်ဆက်သွယ်တယ်။ နှစ်ရက်ပဲခြားပြီး အားလုံးနှစ်ခြင်း ခံလိုက်ရတယ်။ “ယေဟောဝါ ကျွန်တော်တို့ဘက်မှာ ရှိတယ်လို့ ခံစားရတယ်။ နှစ်ခြင်းခံပြီးနောက်မှာ ကျွန်တော်တို့အားလုံး အတူ ဆုတောင်းပြီး ယေဟောဝါကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြတယ်” လို့ ဗလာဒီမာ ပြောတယ်။
ဆန့်ကျင်မှုများက သတင်းကောင်း ပျံ့နှံ့ဖို့ ထောက်ကူပေး
နှစ်ခြင်းပေးပြီးလို့ နှစ်ရက်အကြာမှာ ဗလာဒီမာ အဖမ်းခံရပြန်တယ်။ နောက်ပိုင်း ဗလာဒီမာ၊ အီတာ၊ နာတီလာတို့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတယ်။ ဖမ်းဆီးခံရလို့ စိတ်မကောင်းဖြစ်ကြပေမဲ့ ညီအစ်ကိုတွေဟာ ပိုသတိရှိရှိနဲ့ ဟောပြောဖို့ စိတ်ပိုင်းဖြတ်ခဲ့ကြတယ်။
အာဏာပိုင်တွေ သတိမထားမိစေဖို့အတွက် ကြေညာသူတွေဟာ တခြားမြို့တွေ၊ ရွာတွေမှာ သွားဟောပြောကြတယ်။ ရလဒ်အနေနဲ့ ဆန့်ကျင်မှုတွေက သတင်းကောင်း ပိုပျံ့နှံ့စေဖို့ အကူအညီ ဖြစ်စေခဲ့တယ်။
ကွန်မြူနစ်အုပ်စိုးချိန်အတွင်း မြို့ကြီးတွေမှာနေတဲ့ သက်သေခံတွေဟာ အေးအေးဆေးဆေးရှိတဲ့ လမ်းတွေ၊ ပန်းခြံတွေမှာ သက်သေခံကြတယ်။ တခြားမြို့ရွာတွေကနေ ဆွေမျိုးတွေဆီ လာလည်ပတ်သူတွေ၊ စျေးဝယ်လာသူတွေနဲ့ တွေ့ဆုံလေ့ရှိတယ်။ တစ်ယောက်ယောက် စိတ်ဝင်စားတယ်ဆိုရင် လိပ်စာတောင်းပြီး ပြန်တွေ့နိုင်အောင် စီစဉ်ကြတယ်။
ဘာဘူဆာဟာ အနောက်ဂျော်ဂျီယာတစ်ခွင် လှည့်လည်ဟောပြောသူတွေထဲက တစ်ယောက်ဖြစ်တယ်။ “နေရာတိုင်းမှာ ဆွေမျိုးတွေရှိလို့ ကျွန်မ ခရီး ခဏခဏသွားတာကို ဘယ်သူမှ သံသယမဖြစ်ဘူး။ နှစ်နှစ်လောက်
ကြာပြီးနောက် ဇုဒီဒီမှာ လူ ၂၀၊ ချခိုရို့စကူမှာ ၅ ယောက်ကို ကျမ်းစာသင်ပေးခဲ့တယ်။ သူတို့အားလုံး နှစ်ခြင်းခံခဲ့ကြတယ်။”ဂျော်ဂျီယာစာပေ အပူတပြင်း လိုအပ်လာ
ဂျော်ဂျီယာဘာသာစကားနဲ့ စာပေတွေ အပူတပြင်း လိုအပ်လာမှန်း မကြာခင်မှာ ထင်ရှားလာတယ်။ ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှုတွေ လုပ်တဲ့အခါ ကျမ်းစာသင်သားတွေ ကောင်းကောင်း နားလည်နိုင်ဖို့ သူတို့ရဲ့ ဘာသာစကားနဲ့ ကျမ်းစာ၊ ကျမ်းစာစာပေတွေ လိုအပ်တယ်လို့ ကြေညာသူတွေ ခံစားရတယ်။ *
ဂျော်ဂျီယာဘာသာစကားနဲ့ စာပေတွေ မရှိဘဲ ကျမ်းစာသင်ရတာ ဘယ်လောက်ခက်မှန်း ဘာဘူဆာ ပြောပြတယ်။ “ကျွန်မမှာ ကျမ်းစာတစ်အုပ်၊ တခြားစာပေတွေ ရုရှားဘာသာစကားနဲ့ပဲ ရှိတယ်။ ဒါကြောင့် လေ့လာတဲ့အကြောင်းအရာကို ကျမ်းစာသင်သားတွေအတွက် ဘာသာပြန်ပေးရလေ့ရှိတယ်” လို့ပြောတယ်။ အဘိဓာန်တစ်အုပ်ကလွဲလို့ ဘာမှမရှိဘဲ မဂ္ဂဇင်းတွေထဲက ဆောင်းပါးတွေကို ဂျော်ဂျီယာဘာသာစကားနဲ့ ဘာသာပြန်ပေးခဲ့တယ်။ မဿဲခရစ်ဝင်ကျမ်းတစ်ကျမ်းလုံးကိုလည်း ဘာသာပြန်ခဲ့တယ်။
စိတ်ဝင်စားသူတွေဟာ သူတို့ရဲ့ ဘာသာစကားနဲ့ ဘာသာပြန်ထားတဲ့ ဆောင်းပါးတွေအတွက် သိပ်ကျေးဇူးတင်ကြတယ်။ ကိုယ်ပိုင်အတွက် လက်ရေးနဲ့ ကူးရေးကြတယ်။ ဂျော်ဂျီယာကျမ်းစာ ရဖို့ ခက်လွန်းလို့ တချို့ကျမ်းစာသင်သားတွေဟာ ခေတ်သစ် “ကျမ်းကူးသူတွေ” ဖြစ်လာကြတယ်။
“ကျွန်တော် တစ်နေကုန် ထိုင်ကူးတယ်”
ညီအစ်ကို/မတွေနဲ့ စိတ်ဝင်စားသူတွေဟာ ဂျော်ဂျီယာစကားနဲ့ ဘာသာပြန်ထားတဲ့ စာပေတွေကို အချင်းချင်း လက်ဆင့်ကမ်းကြလို့ အားလုံး အလှည့်ကျဖတ်ရတယ်။ တစ်အုပ်လုံးကို ဖတ်ဖို့ တစ်ယောက်ကို ရက်အနည်းငယ်၊ အပတ်အနည်းငယ်ပဲ အချိန်ရတယ်။ ခေတ်သစ် ဂျော်ဂျီယာ ဂရိကျမ်းစောင်တွေကို ညီအစ်ကိုတွေ အလှည့်ကျဖတ်ရတဲ့အချိန်မှာ မိသားစုတစ်စုက ကူးရေးဖို့ အခွင့်အရေး ယူလိုက်တယ်။
ဂရိကျမ်းစောင်ကို ကူးရေးဖို့ ရာအူ ကာချာဗာကို အဖေပြောတဲ့အချိန်မှာ သူအသက် ၁၃ နှစ်ပဲ ရှိသေးတယ်။ ရာအူ ဒီလိုပြောတယ်– “ကျွန်တော် အားရှိအောင်လို့ အဖေက မှတ်စုစာအုပ်တစ်ပုံးနဲ့ ဘောပင်တွေ၊ ခဲတံတွေ ဝယ်လာတယ်။ ကျွန်တော် စိတ်ပူပေမဲ့ လုပ်မယ်လို့ ပြော
လိုက်တယ်။ တစ်နေကုန် ထိုင်ကူးတာ လက်အညောင်းဆန့်တဲ့အချိန် ခဏပဲနားတယ်။”ရာအူ ကူးလို့ပြီးအောင် ညီအစ်ကိုတွေက နောက်ထပ် သီတင်းပတ်အနည်းငယ် ထပ်ငှားပေးမယ်ဆိုလို့ ဆွေမျိုးတွေ ပျော်သွားကြတယ်။ နှစ်လအတွင်းမှာပဲ ခရစ်ယာန်ဂရိကျမ်းစောင် ၂၇ စောင်ကို ကူးရေးပြီးသွားတယ်။
ဒီလိုအားကြိုးမာန်တက် ကူးရေးပေမဲ့ တိုးများလာတဲ့ ကျမ်းစာကျောင်းသားတွေရဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ဘူး။ ဒီအရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ညီအစ်ကို/မတွေဟာ အိမ်တွေမှာ ကျမ်းစာစာပေတွေကို ထုတ်ဝေဖြန့်ချိဖို့ သတ္တိရှိရှိ၊ စွန့်စွန့်စားစား လုပ်ဆောင်ခဲ့ကြတယ်။
ဟောပြောခြင်းလုပ်ငန်းဟာ အနောက်ဂျော်ဂျီယာမှာ အရှိန်အဟုန်နဲ့ တိုးတက်လာတယ်။ နိုင်ငံရဲ့ အရှေ့ပိုင်းမှာကော။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဗာဆိုလို အမှန်တရား ရှာဖွေနေသူတွေကို ကူညီပေးမယ့်သူတွေ တဘီလီဆီမြို့တော်မှာ ရှိခဲ့သလား။
မြို့တော်ကို အမှန်တရား ရောက်လာ
၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဆိုဗီယက် အာဏာပိုင်တွေက သက်သေခံတွေ စိတ်ဓာတ်ကျအောင် တစ်နေရာပြီး တစ်နေရာမှာ အိမ်တွေကနေ မောင်းထုတ်တယ်။ မြို့တော်ကို ပြောင်းလာတဲ့ အိုလက်ဆီနဲ့ လီဒီယာ ကူဒတ်တို့ ဇနီးမောင်နှံ အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ သူတို့ရဲ့ ယုံကြည်ခြင်းကြောင့် ဆိုဗီယက် အကျဉ်းထောင်မှာ နှစ်ပေါင်းများစွာ နေခဲ့ရတယ်။
ကူဒတ်တို့ဇနီးမောင်နှံဟာ ဘာသာတရား ကိုင်းရှိုင်းတဲ့ ဇာအူနဲ့ အယ်တီရီ ကီဆာအဲဗာတို့ကို အမှန်တရားအကြောင်း ဟောပြောခဲ့တယ်။ အဲဒီအချိန်တုန်းက ၁၅ နှစ်ပဲ ရှိသေးတဲ့ သူတို့ရဲ့ သမီး လာရီဆာက ကူဒတ်တို့နဲ့ ဦးဆုံးတွေ့ဆုံချိန်အကြောင်း ပြောပြတယ်– “ဩသဒေါ့ချာ့ခ်ျက တစ်ခုတည်းသော သာသာမှန်ဆိုတာ သက်သေပြဖို့ ကျွန်မတို့ ကြိုးစားခဲ့တယ်။ အကြိမ်အတော်များများ ဆွေးနွေးပြီးနောက်မှာ ဆက်ဆွေးနွေးစရာ မရှိတော့ဘူး။ ဒါပေမဲ့ သူတို့ကတော့ ကျမ်းစာနဲ့ ဆက်ပြီး ကျိုးကြောင်းဆင်ခြင်ပြတယ်။”
လာရီဆာ ဆက်ပြောတယ်– “ချာ့ခ်ျသွားတိုင်း ရုပ်တုနှစ်ခုကြားက နံရံမှာ ရေးထားတဲ့ ပညတ်တော်ဆယ်ပါးကို ကျွန်မ အမြဲဖတ်တယ်။ ဒါပေမဲ့ အဲဒီညနေမှာ အိုလက်ဆီက ကျွန်မတို့ကို ထွက်မြောက်ရာ ၂၀:၄၊ ၅ ဖတ်ပြလို့ ကျွန်မ ကြောင်အမ်းအမ်း ဖြစ်သွားတယ်။ ‘ရုပ်တု ရှိခိုးတာ ဘုရားပညတ်ကို ချိုးဖောက်တယ်ဆိုတာ အမှန်ပဲလား’ လို့ စဉ်းစားနေတာနဲ့ အဲဒီညမှာ အိပ်မပျော်ဘူး။
အဲဒီမေးခွန်းကို ဖြေရှင်းဖို့ နောက်မနက်စောစောမှာ ချာ့ခ်ျကို သွားပြီး “ရုပ်တုဆင်းတုကို ကိုယ်အဖို့ မလုပ်နှင့်။ ဦးမချ ဝတ်မပြုနှင့်” ဆိုတဲ့ ပညတ်ကို ပြန်ဖတ်တယ်။ လာရီဆာရဲ့ ဘဝမှာ ပထမဆုံးအနေနဲ့ ဒီဘုရားပညတ်ရဲ့ အဓိပ္ပာယ်ကို နားလည်ခဲ့တယ်။ နောက်ဆုံး လာရီဆာနဲ့ မိဘတွေ နှစ်ခြင်းခံလိုက်ပြီး တဘီလီဆီမြို့မှာ ဦးဆုံးသက်သေခံတွေ ဖြစ်လာကြတယ်။
သူ တောင့်တနေတဲ့ တရားမျှတမှုကို တွေ့ရှိခဲ့
အမှန်တရားနဲ့ ဦးဆုံး ထိတွေ့ပြီးနောက် အနှစ် ၂၀ နီးပါးအကြာမှာ ဗာဆိုဟာ တဘီလီဆီမြို့မှာ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေး တက်နေသူတစ်ယောက်နဲ့ တွေ့ဆုံမိတယ်။ သက်သေခံတွေနဲ့ ပြန်တွေ့ရလို့ ဗာဆို ဝမ်းသာသွားတယ်။ သူ စောင့်နေတာ အတော်ကြာပြီ။
ဗာဆိုဟာ ရာဇဝတ်မှုနဲ့ နာမည်ကြီးလို့ သက်သေခံတွေက အစပိုင်းမှာ အင်တင်တင် ဖြစ်ခဲ့တယ်။ ဆိုဗီယက်အစိုးရအတွက် သတင်းထောက်လှမ်း
တာဖြစ်မယ်လို့ တချို့ ယူဆပြီး ကြောက်ကြတယ်။ ဒါကြောင့် ဗာဆိုဟာ လေးနှစ်လောက် ခရစ်ယာန်အစည်းအဝေးတွေ တက်ခွင့်မရခဲ့ဘူး။ဗာဆိုရဲ့ စိတ်ရင်းမှန် ထင်ရှားလာတဲ့အခါ ဒေသခံအသင်းတော်နဲ့ ပူးပေါင်းခွင့် ရပြီး နှစ်ခြင်းခံခဲ့တယ်။ ဗာဆို ငယ်ငယ်ကတည်းက ရှာနေတဲ့ ‘တရားမျှတတဲ့ ဘုရားသခင်’ ဆီ ချဉ်းကပ်ခွင့် ရခဲ့ပါပြီ။ (ဟေရှာ. ၃၀:၁၈) သူ သေဆုံးချိန် ၂၀၁၄ ခုနှစ်အထိ ယေဟောဝါကို နောက်မဆုတ်တမ်း အမှုဆောင်ခဲ့တယ်။
၁၉၉၀ ပြည့်နှစ် ရောက်တော့ အရှေ့နဲ့ အနောက် ဂျော်ဂျီယာ နှစ်နေရာစလုံးမှာ ဟောပြောခြင်းလုပ်ငန်း အခိုင်အမာ အမြစ်စွဲနေပြီ။ ကြေညာသူ အယောက် ၉၀၀ က ကျမ်းစာသင်အံမှု ၉၄၂ ခု ကျင်းပနေတယ်။ မယုံနိုင်စရာ တိုးတက်မှုအတွက် အုတ်မြစ်ကောင်း ချခဲ့ပါပြီ။
^ စာပိုဒ်၊ 12 အေဒီ ငါးရာစုအစောပိုင်းမှာ ဂျော်ဂျီယာဘာသာစကားနဲ့ ကျမ်းစာရဲ့ အပိုင်းတချို့ကို ဘာသာပြန်ခဲ့ပေမဲ့ ကွန်မြူနစ်အုပ်စိုးချိန်အတွင်းမှာ ကျမ်းစာအုပ် သိပ်ရှားတယ်။—“ဂျော်ဂျီယာဘာသာစကားနဲ့ ကျမ်းစာ” လေးထောင့်ကွက်ကို ကြည့်ပါ။