ဂျော်ဂျီယာ
လမ်းညွှန်မှုရဖို့ ယေဟောဝါကို မျှော်ကိုးခဲ့
တမာဇီ ဘီဘလိုင်အာ
-
မွေးဖွားတဲ့နှစ် ၁၉၅၄
-
နှစ်ခြင်းခံတဲ့နှစ် ၁၉၈၂
-
ကိုယ်ရေးမှတ်တမ်းအကျဉ်း သားသမီးလေးယောက်ကို ကျွေးမွေးပြုစုရင်း မြေအောက် ပုံနှိပ်လုပ်ငန်းမှာ ကူညီပေးခဲ့ပြီး ဂျော်ဂျီယာမှာ ပထမဆုံး နယ်လှည့် ကြီးကြပ်မှူးတစ်ယောက် ဖြစ်တယ်။
ကျွန်တော်နဲ့ ကျွန်တော့်ဇနီး တီဆို ယေဟောဝါသက်သေ ဖြစ်လာတဲ့အခါ ကျွန်တော့်အမေ တော်တော်စိတ်ပျက်သွားတယ်။ တစ်နေ့ကျတော့ ကျွန်တော် ယေဟောဝါသက်သေတွေနဲ့ မပူးပေါင်းဖို့ ဖျောင်းဖျလို့ရလိုရငြား ဆွေမျိုးတွေကို အမေ ခေါ်လိုက်တယ်။ ကျွန်တော် စိတ်ပြောင်းမလား၊ မိသားစုနဲ့အဆက်ဖြတ်မလားဆိုတာ ရွေးချယ်ခဲ့ရတယ်။
မြို့ကနေ ထွက်သွားဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ သတ္တုလုပ်သားတစ်ယောက်ဖြစ်လို့ အလုပ်ရှာဖို့လွယ်တဲ့ ဂျော်ဂျီယာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ကူတိုင်ဆီကို ပြောင်းရွှေ့ဖို့ စဉ်းစားတယ်။ အဲဒီမြို့မှာ ကြေညာသူတွေ လိုနေမှန်း ကျွန်တော်သိတယ်။ ယေဟောဝါ လမ်းညွှန်ပေးဖို့ မျှော်လင့်တယ်။
သိပ်မကြာခင်မှာပဲ ဂျဗာရီမြို့ငယ်လေးက ကျမ်းစာသင်သားတစ်ယောက်နဲ့ တွေ့တယ်။ ကူတိုင်ဆီမြို့ကို ပြောင်းရွှေ့ဖို့ ကျွန်တော်တို့ စဉ်းစားနေမှန်းသိလို့ သူနေတဲ့မြို့ကို ပြောင်းလာဖို့ ပြောတယ်။ သူက “ကျွန်တော်တို့မှာ တိုက်ခန်း ရှိတယ်။ ကျွန်တော်တို့မိသားစုက တစ်ခန်း နေမယ်။ ခင်ဗျားတို့ လင်မယားက တစ်ခန်း နေပေါ့” လို့ပြောတယ်။
ယေဟောဝါရဲ့ လမ်းညွှန်မှုကို ကျွန်တော်တောင်းထားလို့ ဂျဗာရီမြို့မှာ အလုပ်နဲ့ နေစရာပဲ လက်ခံမယ်လို့ ပြောလိုက်တယ်။ အံ့ဩစရာက အဲဒီညနေမှာပဲ အလုပ်စာရင်းတစ်ခုနဲ့ သူရောက်လာတယ်။
ရက်အနည်းငယ်အကြာမှာပဲ ဂျဗာရီမြို့မှာ ကျွန်တော်တို့ မိသားစု အခြေချလိုက်တယ်။ ပထမဆုံးနေ့မှာပဲ လစာကောင်းတဲ့ အလုပ်တစ်ခု ရတယ်။ သူဌေးက ကုမ္ပဏီပိုင် တိုက်ခန်းကျယ်မှာ နေခွင့်ပေးတယ်။ သိပ်မကြာပါဘူး၊ ကျမ်းစာစာပေတွေကို လျှို့ဝှက်ပုံနှိပ်ရာမှာ ကူညီပေးဖို့ တောင်းဆိုခံရတယ်။ ကျွန်တော်တို့အိမ်က ကျယ်လို့ ကျွန်တော့်ဇနီးနဲ့ ကျွန်တော် အဲဒီအလုပ်ကို အိမ်မှာပဲလုပ်ဖို့ လက်ခံလိုက်တယ်။
သတိရအောက်မေ့ပွဲနဲ့ တခြား အထူးအစီအစဉ်တွေကို ကျွန်တော်တို့ရဲ့ အိမ်ကြီးမှာပဲ နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တယ်။ ဒီမှာပဲ လူ ၅၀၀ ကျော် နှစ်ခြင်းခံခဲ့တယ်။ ယေဟောဝါရဲ့ လမ်းညွှန်မှုကို မြင်တွေ့ပြီး အဲဒီအတိုင်း လုပ်ဆောင်ခဲ့လို့ ကျွန်တော် သိပ်ပျော်ပါတယ်။