ဂျော်ဂျီယာ | ၁၉၉၈-၂၀၀၆
‘အခြေအနေ ကောင်းတဲ့အချိန်မှာရော၊ မကောင်းတဲ့အချိန်’ မှာပါ ခံစားရတဲ့ ကောင်းချီးများ။—၂ တိ. ၄:၂။
ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲကို ၃၂,၄၀၉ ယောက်ထက်မနည်း တက်ရောက်ခဲ့တယ်။
ဂျော်ဂျီယာနိုင်ငံမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေ နှောင်းပိုင်းကစပြီး ကြေညာသူနဲ့ စိတ်ဝင်စားသူဦးရေ ထူးထူးခြားခြား တိုးတက်လာတယ်။ ၁၉၉၈ ခုနှစ်မှာဒါပေမဲ့ အကြီးအကဲတွေ အပါအဝင် ကြေညာသူများစွာဟာ အမှန်တရားမှာ နုနယ်ကြသေးတယ်၊ အတွေ့အကြုံ မရှိကြသေးဘူး။ သူတို့အများစုဟာ ဘုရားရေးရာ လုပ်ဆောင်မှု ကဏ္ဍအမျိုးမျိုးမှာ လေ့ကျင့်မှုခံယူဖို့ လိုအပ်နေတယ်။ ဘယ်လို လေ့ကျင့်ပေးမလဲ။
ယေဟောဝါရဲ့ အဖွဲ့အစည်း ထောက်မပေး
ဂျာမနီနိုင်ငံက ဂိလဒ်မွမ်းမံသင်တန်းဆင်း နှစ်ယောက်ဖြစ်တဲ့ အာနိုးနဲ့ စွန်ယာ တွန်ဂလာဟာ ၁၉၉၈ ခုနှစ်၊ မတ်လမှာ ဂျော်ဂျီယာနိုင်ငံမှာ တာဝန်ကျတယ်။ အဲဒီနှစ်မှာပဲ ရုရှားဌာနခွဲရဲ့ ကြီးကြပ်မှုအောက် ဂျော်ဂျီယာမှာ တိုင်းပြည်ရုံးခွဲ ဖွင့်ဖို့ အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုခဲ့တယ်။
မကြာခင်မှာပဲ တိုင်းပြည်ကော်မတီက ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို တရားဝင် မှတ်ပုံတင်ပြီးတာနဲ့ ကျမ်းစာစာပေတွေကို ဂျာမနီဌာနခွဲကနေ တိုက်ရိုက်တင်သွင်းတယ်။ တရားဝင် အသိအမှတ်ပြုခံရတဲ့အတွက် နိုင်ငံတော်ခန်းမနဲ့ ဌာနခွဲအဆောက်အအုံတွေအတွက် မြေနေရာ ဝယ်ယူဖို့လည်း လမ်းပွင့်သွားတယ်။
လေ့ကျင့်ပေးရမယ့်အချိန်
ဆိုဗီယက်အုပ်ချုပ်မှုရဲ့ နှစ်ပေါင်းများစွာ ပိတ်ပင်မှုအတွင်း ကြေညာသူများစွာဟာ လွတ်လွတ်လပ်လပ် တစ်အိမ်တက်ဆင်း မဟောခဲ့ရဘူး။ “ကြေညာသူအများစုက လမ်းပေါ် သက်သေခံတာလောက်ပဲ လုပ်ကြတယ်။
တစ်အိမ်တက်ဆင်း သွားပြီး စိတ်ဝင်စားသူတွေဆီ ပြန်သွားတာမျိုး လုပ်လေ့မရှိကြဘူး” လို့ အာနိုး တွန်ဂလာ ပြောတယ်။အသစ်ဖွဲ့စည်းလိုက်တဲ့ တိုင်းပြည်ရုံးခွဲမှာ ၁၉၉၉ ခုနှစ်၊ မေလကစပြီး အမှုဆောင်ခဲ့တဲ့ ဒါဝစ် ဒေဗစ်ဇီ ဒီလိုပြောတယ်– “လယ်ကွင်းနဲ့ ဗေသလမှာ လုပ်စရာများစွာ ရှိတယ်။ ကျွန်တော်တို့မှာ စာတွေ့ပဲ ရှိပြီး လက်တွေ့ မရှိဘူး။ ဒါကြောင့် အုပ်ချုပ်ရေးအဖွဲ့ စေလွှတ်လိုက်တဲ့ အတွေ့အကြုံရှိ ညီအစ်ကိုတွေဆီကနေ သင်ယူခဲ့ရတယ်။”
ဂျော်ဂျီယာမှာရှိတဲ့ ညီအစ်ကိုတွေကို အပြင်းအထန် လေ့ကျင့်ပေးတဲ့ကာလ စပါပြီ။ ဒါပေမဲ့ ပိုလိုအပ်တဲ့ဒေသမှာ ပြောင်းရွှေ့အမှုဆောင်သူတွေ ကြုံရလေ့ရှိတဲ့အတိုင်း လေ့ကျင့်ပေးမှုကနေ နှစ်ဦးနှစ်ဖက် အကျိုးရရှိကြတယ်။ (ပညာ. ၂၇:၁၇) ကူညီပေးဖို့ လာတဲ့သူတွေဟာ ဒေသခံ ညီအစ်ကို/မတွေဆီကနေ အများကြီး သင်ယူခဲ့ကြရတယ်။
ချစ်စရာ အရည်အသွေးများကို ဒေသခံသက်သေခံတွေ တင်ပြ
အာနိုးနဲ့ စွန်ယာတို့ ဂျော်ဂျီယာကို ရောက်တော့ ဒေသခံ ညီအစ်ကို/မတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။ တာဝန်သစ်နဲ့ နေသားကျအောင် အတတ်နိုင်ဆုံး ကူညီပေးခဲ့ကြတယ်။
သူတို့ရဲ့ ရက်ရောမှုကို စွန်ယာ အမှတ်ရနေတုန်းပဲ။ “အနီးအနားမှာ နေတဲ့ ဇနီးမောင်နှံက အရသာရှိတဲ့ အစားအစာတွေ အမြဲလာပို့ပေးတယ်။ ညီအစ်မတစ်ယောက်က ကျွန်မတို့ကို အမှုဆောင် ခေါ်သွားပေးပြီး အသင်းတော်သစ်နဲ့ မိတ်ဆက်ပေးတယ်။ ဂျော်ဂျီယာ ယဉ်ကျေးမှု အတော်များများအကြောင်း ပြောပြတယ်။ ညီအစ်မနောက်တစ်ယောက်က စိတ်ရှည်ရှည်နဲ့ ဂျော်ဂျီယာစကား သင်ပေးတယ်” လို့ စွန်ယာ ပြောပြတယ်။
၁၉၉၉ ခုနှစ်မှာ ဂျော်ဂျီယာမှာ တာဝန်ကျတဲ့ ကနေဒါနိုင်ငံက ဝါရင်နဲ့ လက်စလီ ရှူးဖက် ဒီလိုပြောတယ်– “ဂျော်ဂျီယာ ညီအစ်ကို/မတွေပြတဲ့ မေတ္တာကြောင့် တော်တော်စိတ်ထိမိသွားတယ်။ လူငယ်တွေအပါအဝင် အားလုံးက အချင်းချင်းကို လှိုက်လှိုက်လှဲလှဲ မေတ္တာပြကြတယ်။”
နိုင်ငံခြားတိုင်းပြည်တွေကနေ ဂျော်ဂျီယာမှာ တာဝန်ကျသူတွေဟာ အခက်အခဲတွေကို ကျော်မြင်ပြီး ဒေသခံတွေရဲ့ အရည်အသွေးကောင်းတွေကို အာရုံစိုက်တယ်။ သာသနာပြုတွေရဲ့ နှိမ့်ချမှုနဲ့ မေတ္တာကြောင့် ဂျော်ဂျီယာမှာရှိတဲ့ ညီအစ်ကို/မတွေ သူတို့ကို ချက်ချင်း ချစ်ခင်သွားတယ်။
ဘုရားသခင်ကို ကြောက်ရွံ့သူတွေ အမှန်တရားကို တုံ့ပြန်
၁၉၉၀ ပြည့်လွန်နှစ်တွေတစ်လျှောက် စိတ်ရင်းမှန်သူများစွာက အမှန်တရားကို တုံ့ပြန်ခဲ့ကြတယ်။ ၁၉၉၈ တစ်နှစ်တည်းမှာပဲ လူ ၁,၇၂၄ ယောက် နှစ်ခြင်းခံခဲ့တယ်။ အမှန်တရားကို စိတ်ဝင်စားလာဖို့ ဂျော်ဂျီယာလူမျိုးများစွာကို ဘာက လှုံ့ဆော်ပေးခဲ့သလဲ။
နယ်လှည့်ကြီးကြပ်မှူးအဖြစ် နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့တဲ့ တမာဇီ ဘီဘလိုင်အာ ဒီလိုပြောတယ်– “ဘုရားသခင်ကို ချစ်ဖို့ လူတွေ ရိုက်သွင်းခံရတာဟာ ရိုးရာဓလေ့တစ်ခုပဲ။ ဒါကြောင့် သူတို့ကို ကျမ်းစာသတင်း ဝေမျှတဲ့အခါ အလိုလို တုံ့ပြန်ကြတယ်။”
သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းနည်းပြအဖြစ် အမှုဆောင်နေတဲ့ ဒေးဗစ် ဆမ်ခါရဒ်ဇီ ဒီလိုပြောတယ်– “လူတစ်ယောက် ကျမ်းစာစလေ့လာတဲ့အခါ ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေ နှောင့်ယှက်လေ့ရှိတယ်။ ဒါပေမဲ့ ကျမ်းစာ ဆက်မလေ့လာဖြစ်အောင် သူ့ကို ဖျောင်းဖျရင်း နောက်ဆုံးတော့ သူတို့ထဲကများစွာဟာ ကျမ်းစာလေ့လာလေ့ရှိတယ်။”
နိုင်ငံတော်သတင်း ပျံ့နှံ့သွားတာနဲ့အမျှ လူများစွာရဲ့ အသက်တာကို ပြောင်းလဲပေးခဲ့ပါပြီ။ ၁၉၉၉ ခုနှစ်၊ ဧပြီလမှာ အောက်မေ့ရာပွဲကို ၃၆,၆၆၉ ယောက် တက်ရောက်ခဲ့ပြီး အများဆုံးနှုန်းသစ် ရရှိခဲ့တယ်။
“ဆန့်ကျင်သူတွေလည်း အများသားပဲ”
ရှေးခေတ်ဧဖက်မြို့မှာ ဟောပြောခြင်းနဲ့ပတ်သက်ပြီး တမန်တော်ပေါလုက ‘အမှုဆောင်ဖို့ အခွင့်အရေးတံခါးကြီး ကျွန်တော့်အတွက် ပွင့်နေတယ်။ ဒါပေမဲ့ ဆန့်ကျင်သူတွေလည်း အများသားပဲ’ လို့ ပြောခဲ့တယ်။ (၁ ကော. ၁၆:၉) ပေါလုရဲ့ စကားတွေက ၁၉၉၉ ခုနှစ်၊ သတိရအောက်မေ့ပွဲ ပြီးနောက် လအနည်းငယ်မှာ ဂျော်ဂျီယာနိုင်ငံက သက်သေခံတွေ ကြုံခဲ့ရတဲ့ အခြေအနေကို ကောင်းစွာ ဖော်ပြတယ်။
သိက္ခာချခံထားရတဲ့ ဘုန်းတော်ကြီး ဗာစီလီ မာကာလာဗီရှဗီလီ ခေါင်းဆောင်တဲ့ အစွန်းရောက် ဩသဒေါ့အဖွဲ့ဝင်တွေ အဲဒီနှစ်၊ ဩဂုတ်လတုန်းက တဘီလီဆီမြို့မှာ စုရုံးပြီး ကျွန်တော်တို့ရဲ့ စာပေတွေကို လူထုရှေ့ မီးရှို့ပစ်ခဲ့တယ်။ အဲဒီဖြစ်ရပ်က နောက်လေးနှစ်ကြာ နှိပ်စက်ညှဉ်းပန်းမှုရဲ့ အစပဲ။
၁၉၉၉ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်မှာ ဘာသာရေးအစွန်းရောက်သူ ၂၀၀ လောက် အုပ်စုဖွဲ့ပြီး တဘီလီဆီမြို့၊ ဂလာဒါနီအသင်းတော် အစည်းအဝေးကို နှောင့်ယှက်ခဲ့ကြတယ်။ သံတုတ်၊ သစ်တုတ်တွေနဲ့ ရိုက်နှက်လို့ သက်သေခံအတော်များများ ဆေးရုံရောက်ခဲ့ရတယ်။
ဝမ်းနည်းစရာကတော့ တိုက်ခိုက်သူတွေ ဖမ်းဆီးမခံရဘဲ သက်သေခံတွေကို ဆက်ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတယ်။ သမ္မတ ရှီဗာနာဇီ အပါအဝင် အစိုးရအရာရှိ အတော်များများက အဲဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပေမဲ့ ထိထိရောက်ရောက် အရေးယူမှု မရှိခဲ့ဘူး။ တကယ်တော့ တိုက်ခိုက်မှုဖြစ်ပြီး နာရီပေါင်းများစွာ ကြာမှသာ ရဲတွေ ရောက်လာလေ့ရှိတယ်။
တစ်ချိန်တည်းမှာပဲ ဂျော်ဂျီယာ ပါလီမန် အဖွဲ့ဝင် ဂူရမ် ရှရာဇီက သက်သေခံတွေကို ဆန့်ကျင်တဲ့ ကင်ပိန်းတစ်ခု အစပြုခဲ့တယ်။ သက်သေခံတွေဟာ အန္တရာယ်ရှိသူတွေ ဖြစ်တယ်လို့ စွပ်စွဲခဲ့တယ်။ သတင်းကောင်း ဟောဖို့ ‘အခြေအနေ ကောင်းတဲ့အချိန်’ ဆိုတာ အတိတ်မှာ ကျန်ခဲ့ပုံပဲ။
ဆန့်ကျင်မှုကို ယေဟောဝါရဲ့ အဖွဲ့အစည်း တုံ့ပြန်
ဂျော်ဂျီယာမှာရှိတဲ့ သက်သေခံတွေရဲ့ လိုအပ်ရာကို ယေဟောဝါရဲ့ အဖွဲ့အစည်းက ချက်ချင်း တုံ့ပြန်ခဲ့တယ်။ တိုက်ခိုက်ခံရတဲ့အခါ ဘယ်လို တုံ့ပြန်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး မေတ္တာပါ လမ်းညွှန်ချက်ကို ညီအစ်ကိုတွေ ရရှိခဲ့တယ်။ နှိပ်စက်ညှဉ်းပန်းမှုတွေကို ခရစ်ယာန်စစ်တွေ တစ်ခါတလေ ခံရပ်ရတဲ့ အကြောင်းရင်းတွေလည်း သတိပေးခံခဲ့ရတယ်။—၂ တိ. ၃:၁၂။
အဲဒီအပြင် ယေဟောဝါရဲ့ အဖွဲ့အစည်းဟာ ညီအစ်ကိုတွေကို ကာကွယ်ဖို့ တရားရုံးမှာ ဥပဒေအရ ဆောင်ရွက်ခဲ့တယ်။ ဂျော်ဂျီယာ ဌာနခွဲ၊ တရားရေးဌာနမှာ အမှုဆောင်နေတဲ့ ညီအစ်ကိုတစ်ယောက် ဒီလိုပြောတယ်– “အဲဒီလေးနှစ်အတွင်း ဗာစီလီ မာကာလာဗီရှဗီလီ အုပ်စုရဲ့ လုပ်ရပ်တွေကို တုံ့ပြန်တဲ့အနေနဲ့ အမှုပေါင်း ၈၀၀ ကျော်ကို အမှုဖွင့်ခဲ့တယ်။ အရာရှိတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေဆီ အကူအညီ တောင်းတယ်။ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်က လူသိရှင်ကြား သတင်းဖြန့်ခဲ့ပေမဲ့ တိုက်ခိုက်မှုကိုတော့ ဘာကမှ မရပ်တန့်နိုင်ခဲ့ဘူး။”^ စာပိုဒ်၊ 30 ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ အသိအမှတ်ပြုခံရဖို့ ကြိုးစားခဲ့တဲ့ တရားရေး တိုက်ပွဲတွေအကြောင်း ထပ်သိချင်ရင် နိုးလော့! ၂၀၀၂၊ ဇန်နဝါရီ ၂၂၊ စာမျက်နှာ ၁၈-၂၄ မှာ ကြည့်ပါ။