မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဂျော်ဂျီယာ

အစဉ်တည်တဲ့ ခရစ်ယာန်မေတ္တာစစ်

အစဉ်တည်တဲ့ ခရစ်ယာန်မေတ္တာစစ်

အီ​ဂေါ်– ကျွန်တော်တို့ နှစ်ယောက်စလုံး​က အဘခါဇီယာ​ဒေသ၊ တကာ​ဗာ​ချီ​လီ​မြို့မှာ​ရှိတဲ့ သက်သေခံ​အုပ်စု​ဝင်​တွေပါ။ ကျွန်တော်တို့​အုပ်စု ပူးပေါင်း​တဲ့ အသင်း​တော်​က မိုင် ၅၀ လောက်​ဝေး​တဲ့ တကာဗာချီလီ​မြို့မှာ ရှိလို့ လတိုင်း အုပ်စု​အတွက်​ ကျမ်းစာစာပေ​တွေကို အဲဒီ​အသင်းတော်​မှာ သွား​ယူရ​တယ်။ ၁၉​၉၂ ခုနှစ်​မှာ ဆိုဗီယက်​ပြည်ထောင်စု ပြိုကွဲ​သွား​တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရ အဘခါဇီယာ​ဒေသက ခွဲထွက်​ဖို့ ကြိုးစား​တယ်။ ခွဲထွက်ရေး​သမားတွေနဲ့ ဂျော်ဂျီယာ​စစ်တပ်​တို့ တိုက်ပွဲ​ဖြစ်ပြီး ပြည်သူ​တွေ တော်တော်​ဒုက္ခရောက်​ကြရတယ်။

ဂီဇို နာမာ​နီ​ယာ​နဲ့ အီ​ဂေါ် အို​ချီ​ဂါ​ဗာ

ဒီ​ညီအစ်ကို​နှစ်ယောက်​ဟာ အဘခါဇီယာ​ဒေသ​မှာ​ စစ်ကာလ​အတွင်း ယုံကြည်သူချင်း​တွေ​ကို ကူညီပေး​ခဲ့ကြတယ်။

ဂီဇို– စစ်​မဖြစ်ခင် တစ်နှစ်​အလို၊ အသက် ၂၁ နှစ်အရွယ်​မှာ ကျွန်တော် နှစ်ခြင်း​ခံ​ခဲ့တယ်။ စစ်​စ​ဖြစ်​တဲ့အခါ ညီအစ်ကိုတွေ ခဏ​တော့ ကြောက်ရွံ့​ပြီး ဘယ်လို ဆက်​ဟော​ရ​မှန်း မသိကြ​ဘူး။ သိုးထိန်း​ကောင်း​ဖြစ်တဲ့ အီ​ဂေါ်​က ကျွန်တော်​တို့​ကို အားပေး​ပြီး “ဒီ​အချိန်​ဟာ လူတွေ နှစ်သိမ့်မှု လို​တဲ့​အချိန်​ပဲ။ ယေဟောဝါနဲ့ ဆက်ဆံရေး ကောင်း​နေဖို့​ဆိုရင် အမှုဆောင်လုပ်ငန်း ဆက်လုပ်​နေ​မှ​ဖြစ်မယ်” လို့ပြောတယ်။ ဒါကြောင့် နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းစာ​သတင်းစကား​ကို သတိရှိရှိ ဟောပြော​ခဲ့ကြတယ်။

အီ​ဂေါ်– စာပေ​တွေ ယူဖို့ သွားလာ​နေ​ကျ ဂျ​ဗာ​ရီ​လမ်း​ကို စစ်ပွဲ​ကြောင့် မသွား​နိုင်​တော့ဘူး။ ကျွန်တော်က ဒီ​ဒေသ​မှာ ကြီးပြင်းလာ​သူ​ဆိုတော့ ပို​ဘေးကင်း​တဲ့ လက်​ဖက်​ခင်း​လမ်း​တွေနဲ့ တောင်ပေါ်လမ်း​တွေကို သိတယ်။ ဒါပေမဲ့ လက်နက်ကိုင်​အုပ်စု​တွေနဲ့ တိုး​တာမျိုး၊ မြေမြှုပ်​မိုင်း နင်း​မိ​တာ​လိုမျိုး အန္တရာယ်​တွေ​တော့ ရှိတာ​ပေါ့။ ညီအစ်ကိုတွေ​ကို အသက်အန္တရာယ် မဖြစ်​စေချင်​လို့ ကျွန်တော်​တစ်ယောက်တည်း တစ်လ​တစ်ခါ သွားတယ်။ ယုံကြည်ခြင်း ခိုင်မာ​အောင် ကူညီပေး​တဲ့ စာပေတွေကို ယေဟောဝါရဲ့ အကူအညီ​နဲ့ အမြဲ​ရရှိ​ခဲ့တယ်။

တကာ​ဗာ​ချီ​လီ​မြို့မှာ စစ်​မဖြစ်​ပေ​မဲ့ မကြာခင်​မှာပဲ ဝိုင်းရံပိတ်ဆို့​ခံရတဲ့​အတွက် စစ်​ဘေး​စစ်ဒဏ် ခံစား​ခဲ့ရတယ်။ ဆောင်းတွင်း ရောက်လာ​ပြီ။ စားစရာ​လည်း ကုန်​တော့မယ်​ဆိုတော့ အသက်ဆက်​ရှင်​ရေး​အတွက် ကျွန်တော်တို့အားလုံး စိုးရိမ်​ခဲ့ကြတယ်။ ကျွန်တော်တို့​ကို ကူညီဖို့ ဂျ​ဗာ​ရီ​မြို့မှာ​ရှိတဲ့ ညီအစ်ကိုတွေ ကယ်ဆယ်ရေး​အဖွဲ့ ဖွဲ့​နေတယ်​ဆိုတာ ကြား​ရလို့ ပျော်​လိုက်​ကြတာ။

ဂီဇို– တစ်နေ့၊ အီ​ဂေါ်​က ညီအစ်ကိုတွေ ပြင်ဆင်ပေး​တဲ့ စားနပ်ရိက္ခာ​တွေကို ကျွန်တော်တို့​အိမ်​မှာ သိုလှောင်​ပြီး ဝေပေး​လို့​ရ​မလား​ဆိုပြီး မေးတယ်။ ဂျဗာ​ရီ​မြို့​က ရိက္ခာ​တွေ​ရဖို့ သူ​စီစဉ်​နေတာ။ လမ်းတစ်လျှောက် စစ်ဆေးရေး​ဂိတ် အတော်များများကို ဖြတ်​ရမယ်၊ လက်နက်ကိုင်​အဖွဲ့​တွေ၊ သူခိုး​တွေနဲ့​လည်း​တိုး​နိုင်တယ်​ဆိုတာ သိ​လို့ သူ့​လုံခြုံရေး​အတွက် စိုးရိမ်​မိတယ်။—ယော. ၁၅:၁၃

ရက်​အနည်းငယ်​ကြာ​တော့ လာမယ့် ဆောင်း​ကာလ​အတွင်း စားနပ်ရိက္ခာ အလုံအလောက် တင်ထားတဲ့ ကား​ကို မောင်း​ပြီး အီ​ဂေါ် ဘေးမ​သီ​ရန်​မ​ခ ပြန်ရောက်​လာ​လို့ ဝမ်းသာ​လိုက်​ကြတာ။ အဲဒီ​ခက်ခဲတဲ့​အချိန်တွေ​အတွင်း အစဉ်​တည်​တဲ့ ခရစ်ယာန်​မေတ္တာစစ်​ကို ကိုယ်တွေ့ခံစား​ခဲ့ရတယ်။—၁ ကော. ၁၃:၈