ဂျော်ဂျီယာ | ၁၉၂၄-၁၉၉၀
အစောပိုင်း အမှန်တရား ရှာဖွေသူများ
၁၉၂၀ ပြည့်လွန်နှစ်တွေ အစောပိုင်း ကျမ်းစာကျောင်းသားတွေဟာ ဂျော်ဂျီယာမှာရှိတဲ့ အမှန်တရား ရှာဖွေသူတွေဆီ ရောက်ဖို့ ကြိုးစားအားထုတ်ခဲ့ကြတယ်။ ဂျော်ဂျီယာ၊ ဆီးရီးယား၊ တူရကီ၊ အာမေးနီးယားနိုင်ငံတွေမှာ ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားဖို့ ၁၉၂၄ ခုနှစ်မှာ လက်ဘနွန်ရဲ့ မြို့တော် ဘေရွတ်မှာ ရုံးတစ်ခု ဖွင့်လှစ်ခဲ့တယ်။
အဲဒီအချိန်တုန်းက ဂျော်ဂျီယာနိုင်ငံမှာ အမှန်တရားမျိုးစေ့ ကြဲခဲ့ပေမဲ့ အစပိုင်းမှာတော့ ရလဒ်ကို ထင်ထင်ရှားရှား မတွေ့မြင်ရသေးဘူး။ (မ. ၁၃:၃၃) အချိန်ကြာလာတဲ့အခါ နိုင်ငံတော်သတင်းတရား ပျံ့နှံ့ခဲ့ပြီး လူများစွာရဲ့ အသက်တာကို သိသိသာသာ ပြောင်းလဲစေခဲ့တယ်။
တရားမျှတမှုကို သူတောင့်တခဲ့
ဒုတိယကမ္ဘာစစ် ဖြစ်တဲ့အချိန်မှာ ဗာဆို ကဗေနီယာရှဗီလီဟာ ဆယ်ကျော်သက်ပဲ ရှိသေးတယ်။ ဂျော်ဂျီယာက ဆိုဗီယက်ပြည်ထောင်စုမှာ
ပါဝင်နေလို့ သူ့အဖေဟာ မကြာခင်မှာပဲ ဆိုဗီယက်စစ်တပ်ထဲ ရောက်သွားတယ်။ အဲဒီအချိန်မှာ ဗာဆိုရဲ့ အမေ ဆုံးသွားပြီ။ ဗာဆိုဟာ သားကြီးမို့ အငယ်တွေကို ကျွေးမွေးဖို့ ခိုးခဲ့ရတယ်။ဗာဆိုဟာ ဂိုဏ်းတစ်ဂိုဏ်းနဲ့ ဆက်သွယ်မိပြီး စနစ်တကျ ရာဇဝတ်မှု ကျုးလွန်မှုမှာ ပါဝင်လာတယ်။ “အစိုးရ၊ အဖွဲ့အစည်းတွေထက် ဒုစရိုက်လောက,က ပိုတရားမျှတတယ်လို့ ကျွန်တော် ခံစားရတယ်” လို့ သူပြောပြတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းက မပေးနိုင်တဲ့အရာတစ်ခုကို ရှာဖွေနေမှန်း မကြာခင်မှာပဲ ဗာဆို သိလာတယ်။ “ကျွန်တော်တောင့်တနေတာ တရားမျှတမှုပဲ” လို့ပြောတယ်။
ဗာဆိုဟာ ရာဇဝတ်မှုတွေ ကျူးလွန်လို့ နောက်ဆုံးမှာ အဖမ်းခံရပြီး ဆိုက်ဘေးရီးယားမှာရှိတဲ့ အလုပ်ကြမ်းစခန်းကို ပြည်နှင်ဒဏ်ပေးခံရတယ်။ အဲဒီမှာ ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ ယေဟောဝါသက်သေ
တစ်ယောက်နဲ့ တွေ့တယ်။ “ကျွန်တော် ရှာနေတာကို တွေ့ပြီ။ ကျွန်တော်တို့မှာ ဘာစာပေမှ မရှိပေမဲ့ ညီအစ်ကို ပြောပြတာတွေကနေ ကျွန်တော် သေသေချာချာ သင်ယူတယ်” လို့ ဗာဆို ပြောတယ်။၁၉၆၄ ခုနှစ်မှာ ဗာဆို လွတ်လာတော့ ယေဟောဝါသက်သေတွေကို ရှာဖို့ ဂျော်ဂျီယာကို ပြန်သွားတယ်။ အဲဒီအချိန်အတွင်းမှာ ထောင်ထဲမှာရှိတဲ့ သက်သေခံနဲ့ စာအဆက်အသွယ် ရှိတယ်။ စိတ်မကောင်းစရာက သူ့ရဲ့ သစ္စာရှိ မိတ်ဆွေ သေဆုံးသွားချိန်မှာ ဘုရားလူမျိုးနဲ့ လုံးဝ အဆက်အသွယ် ပြတ်သွားတယ်။ သက်သေခံတွေကို ပြန်တွေ့ဖို့ အနှစ်နှစ်ဆယ်လောက် စောင့်လိုက်ရတယ်။ သူ့အကြောင်း နောက်ပိုင်းမှာ ပိုသိရပါလိမ့်မယ်။
အခက်အခဲတွေက ကောင်းချီးဖြစ်သွား
ဂျော်ဂျီယာအမျိုးသမီးလေး ဗလန်တီနာ မီမီနိုရှဗီလီဟာ နာဇီချွေးတပ်စခန်းမှာ အကျဉ်းကျလို့ ကောင်းချီးခံစားခဲ့ရတယ်။ အဲဒီမှာ ယေဟောဝါသက်သေတွေနဲ့ ဦးဆုံးအကြိမ် တွေ့ဆုံခဲ့တယ်။ သူတို့ရဲ့ မယိမ်းယိုင်တဲ့
ယုံကြည်ခြင်းကို သူအထင်ကြီးခဲ့တယ်။ ကျမ်းစာသွန်သင်ချက်တွေက သူ့နှလုံးကို ထိမိခဲ့တယ်။စစ်ပြီးလို့ အိမ်ပြန်သွားတဲ့အခါ ဗလန်တီနာဟာ သိရှိလာတဲ့ ယုံကြည်ခြင်းအသစ်အကြောင်း တခြားသူတွေကို ပြောပြခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူ့ရဲ့လုပ်ရပ်ကို ဒေသခံအာဏာပိုင်တွေ သတိပြုမိပြီး ရုရှား အလုပ်ကြမ်းစခန်းမှာ ထောင်ဒဏ်ဆယ်နှစ် ချလိုက်တယ်။ အဲဒီမှာ ယေဟောဝါသက်သေတွေနဲ့ ထပ်တွေ့ပြီး နောက်ပိုင်းမှာ နှစ်ခြင်းခံလိုက်တယ်။
၁၉၆၇ ခုနှစ်မှာ အလုပ်ကြမ်းစခန်းကနေ လွတ်တော့ ဗလန်တီနာဟာ အနောက်ဂျော်ဂျီယာကို ပြောင်းရွှေ့သွားတယ်။ အဲဒီမှာ သိုသိုသိပ်သိပ် ဆက်ဟောပြောတယ်။ မကြာခင်မှာ ဆုတောင်းချက်တစ်ခု ကိုယ်တိုင်ဖြည့်ဆည်းပေးရတော့မယ်ဆိုတာ မရိပ်မိဘူး။
သူ့ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြား
၁၉၆၂ ခုနှစ်မှာ ညီအစ်မ အန်တိုနီနာ ဂူဒါဇီဟာ မယုံကြည်သူ ခင်ပွန်းရဲ့ ဆုံးဖြတ်ချက်ကြောင့် ဆိုက်ဘေးရီးယားကနေ ခင်ပွန်းရဲ့ ဇာတိတိုင်းပြည် ဂျော်ဂျီယာကို ပြောင်းရွှေ့ခဲ့တယ်။ ဆိုက်ဘေးရီးယားသူ အန်တိုနီနာဟာ ပြည်နှင်ဒဏ်ပေးခံရတဲ့ သက်သေခံတွေဆီကနေ အမှန်တရား သိခဲ့ရတယ်။ အခု အရှေ့ဂျော်ဂျီယာမှာရှိတဲ့ ခါရှုရီမြို့မှာ နေထိုင်ပြီး ယုံကြည်သူချင်းတွေနဲ့ အဆက်အသွယ် ပြတ်နေတယ်။
သူ့ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးတဲ့အကြောင်း အန်တိုနီနာ ပြောပြတယ်– “တစ်နေ့ ဆိုက်ဘေးရီးယားကနေ အမေပို့လိုက်တဲ့ အထုပ်တစ်ထုပ် ရတယ်။ အထဲမှာ သေသေချာချာ ဝှက်ထားတဲ့ ကျမ်းစာစာပေတချို့ တွေ့လိုက်ရတယ်။ နောက်ထပ် ခြောက်နှစ်အထိ ကျမ်းစာစာပေတွေကို အဲဒီနည်းနဲ့ ရရှိခဲ့တယ်။ ရတဲ့အခါတိုင်း ယေဟောဝါရဲ့ လမ်းပြမှု၊ အားပေးမှု၊ ဂရုစိုက်မှုအတွက် ကျေးဇူးတင်တယ်။”
ဒါပေမဲ့ အန်တိုနီနာ တစ်ယောက်တည်း ဖြစ်နေတယ်။ “ညီအစ်ကို/မတွေနဲ့ တွေ့ဖို့ ကျွန်မ မပြတ် ဆုတောင်းတယ်။ တစ်နေ့ အရောင်းစာရေးအဖြစ်
ကျွန်မ အလုပ်လုပ်တဲ့ စတိုးဆိုင်ထဲကို အမျိုးသမီးနှစ်ယောက် ဝင်လာတယ်။ သူတို့က ကျွန်မကို ‘ရှင်က အန်တိုနီနာလား’ လို့မေးတယ်။ သူတို့ရဲ့ ချစ်ခင်ကြင်နာတဲ့ မျက်နှာထားကြောင့် သက်သေခံညီအစ်မတွေမှန်း သိလိုက်တယ်။ ကျွန်မတို့ အပြန်အလှန် ပွေ့ဖက်ရင်း မျက်ရည်ကျခဲ့ကြတယ်” လို့ သူပြောတယ်။အဲဒီထဲက တစ်ယောက်က ဗလန်တီနာပါပဲ။ အနောက်ဂျော်ဂျီယာမှာရှိတဲ့ အစည်းအဝေးနေရာကို အန်တိုနီနာ သိသွားလို့ သိပ်ဝမ်းသာခဲ့တယ်။ သူ့အိမ်နဲ့ မိုင် ၂၀၀ ကျော်ဝေးတဲ့ အစည်းအဝေးနေရာကို တစ်လတစ်ခါ သွားတယ်။
အနောက်ဂျော်ဂျီယာမှာ အမှန်တရား အမြစ်တွယ်လာပုံ
၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ဆိုဗီယက်ပြည်ထောင်စုရဲ့ တခြားဒေသတွေမှာ နှိပ်စက်ညှဉ်းပန်းခံရတဲ့ သက်သေခံတွေဟာ အခြေအနေ ပိုကောင်းတဲ့ ဒေသတွေဆီ ပြောင်းရွှေ့သွားကြတယ်။ အဲဒီထဲမှာ စိတ်ထက်သန်ပြီး လုံ့လရှိတဲ့ ဗလာဒီမာ ဂလာဒျုလည်း ပါတယ်။ ၁၉၆၉ ခုနှစ်မှာ သူဟာ ယူကရိန်းကနေ အနောက်ဂျော်ဂျီယာမှာရှိတဲ့ ဇုဒီဒီမြို့ကို ပြောင်းရွှေ့သွားတယ်။
အစပိုင်းမှာတော့ ဂျော်ဂျီယာကို ပြောင်းလာတဲ့သူတွေဟာ အစည်းအဝေးကို ရုရှားဘာသာစကားနဲ့ ကျင်းပကြတယ်။ ဒါပေမဲ့ အစည်းအဝေး
ပုံမှန်တက်တဲ့ ဂျော်ဂျီယာလူမျိုးတွေ များလာလို့ ဂျော်ဂျီယာစကားနဲ့ ကျင်းပတယ်။ တပည့်ဖြစ်စေခြင်းလုပ်ငန်း အောင်မြင်လွန်းလို့ ၁၉၇၀၊ ဩဂုတ်လမှာ ဒေသခံ ၁၂ ယောက် နှစ်ခြင်းခံခဲ့တယ်။၁၉၇၂၊ နွေဦးမှာ ဗလာဒီမာနဲ့ မိသားစုဟာ အနောက်ဘက်ပိုကျတဲ့ ဆိုခူမီမြို့၊ ပင်လယ်နက် ကမ်းရိုးတန်းမြို့ကို ပြောင်းရွှေ့ခဲ့ကြတယ်။ “ကျွန်တော်တို့ ကောင်းချီးအများကြီး ခံစားကြရလို့ ယေဟောဝါကို ကျေးဇူးတင်တယ်။ အသင်းတော်ဟာ မြန်မြန်ဆန်ဆန် တိုးတက်လာတယ်” လို့ ဗလာဒီမာ ပြောတယ်။ အဲဒီနွေဦး၊ ဆိုခူမီမှာ ကျင်းပတဲ့ ပထမဆုံး သတိရအောက်မေ့ပွဲကို ၄၅ ယောက် တက်ရောက်ခဲ့တယ်။
“စိတ်ရောကိုယ်ပါ နှစ်ပြီး နားထောင်ခဲ့”
အခု အသက် ၉၀ ကျော်ရှိနေပြီဖြစ်တဲ့ ဘာဘူဆာ ဂျီဂျီလာဗာဟာ ၁၉၇၃ ခုနှစ် အစောပိုင်းက ဆိုခူမီမြို့မှာ အမှန်တရားကို ချက်ချင်း လက်ခံခဲ့တယ်။ “တစ်နေ့မှာ အမျိုးသမီးလေးယောက် အားတက်သရော ပြောဆို
ဆွေးနွေးနေတာကို သတိထားမိတယ်။ နှစ်ယောက်က သီလရှင်တွေဖြစ်ပြီး နောက်နှစ်ယောက်က ယေဟောဝါသက်သေခံတွေမှန်း နောက်ပိုင်းမှ သိရတယ်” လို့ သူပြောတယ်။ သက်သေခံထဲက တစ်ယောက်ကတော့ ဗလာဒီမာရဲ့ ဇနီး လျူဘာဖြစ်ပြီး နောက်တစ်ယောက်ကတော့ ယူကရိန်းနိုင်ငံက အလွန်ထက်သန်တဲ့ ရှေ့ဆောင် အီတာ ဆူဒါရန်ကို ဖြစ်တယ်။သူတို့ပြောဆိုနေတာတွေကို “ကျွန်မ စိတ်ရောကိုယ်ပါနှစ်ပြီး နားထောင်ခဲ့တယ်” လို့ ဘာဘူဆာ ပြောတယ်။ ဘုရားမှာ နာမည်ရှိတယ်ဆိုတာ ကြားတော့ ချက်ချင်းပဲ အဲဒီနာမည်ကို ကျမ်းစာထဲကနေ ပြပေးမလားလို့ ဝင်ပြောလိုက်တယ်။ မေးခွန်းတွေ အများကြီး ဆက်မေးပြီး ဆွေးနွေးခန်းက နောက်ထပ် သုံးနာရီ ကြာသွားတယ်။
သက်သေခံတွေနဲ့ ထပ်မတွေ့တော့မှာ စိုးရိမ်လို့ “ကျွန်မကို ဒီအတိုင်း ထားခဲ့ပြီး ထွက်သွားတော့မလို့လား” လို့ ဘာဘူဆာ မေးလိုက်တယ်။
“မထားခဲ့ပါဘူး။ နောက်တစ်ပတ် စနေနေ့မှာ ကျွန်မတို့ ပြန်လာမယ်” လို့ ညီအစ်မတွေ ဖြေတယ်။
နောက်တစ်ပတ် စနေနေ့မှာ ညီအစ်မနှစ်ယောက် ရောက်လာလို့ ဘာဘူဆာ သိပ်ပျော်သွားတယ်။ ချက်ချင်း ကျမ်းစာ စသင်ကြတယ်။ ကျမ်းစာ သင်လို့ ပြီးခါနီးမှာ ဘုရားလူမျိုးနဲ့ အဆက်ပြတ်မသွားအောင် လုပ်ဖို့ လိုတယ်လို့ စဉ်းစားမိပြီး “ဒီလူတွေကို ငါတွေ့ပြီ။ နောက်ထပ် ပျောက်မသွားအောင် သေသေချာချာ လုပ်ရမယ်” လို့ တစ်ယောက်တည်း ပြောခဲ့တယ်။
ဒါနဲ့ အစီအစဉ်တစ်ခု ဆွဲလိုက်တယ်။ “လျူဘာ အိမ်ထောင်သည်မှန်း ကျွန်မသိတယ်။ ဒါနဲ့ အီတာကို အိမ်ထောင်သည်လားလို့ မေးလိုက်တယ်။ အီတာက သူ့မှာ ယောက်ျားမရှိဘူးလို့ ပြန်ဖြေတယ်။ ‘ဒါဆို ကျွန်မတိုက်ခန်းကို ပြောင်းလာခဲ့။ အဲဒီမှာ ခုတင်နှစ်လုံး ရှိတယ်။ အလယ်မှာ မီးအိမ်တစ်လုံး ရှိတယ်။ အဲဒီအောက်မှာ ကျမ်းစာထားပြီး ညမှာလည်း ကျမ်းစာအကြောင်း ပြောလို့ရတာပေါ့’” လို့ ပြောတယ်။ အီတာက ဖိတ်ခေါ်မှုကို လက်ခံပြီး ဘာဘူဆာရဲ့ တိုက်ခန်းကို ပြောင်းလာတယ်။
အဲဒီအချိန်အကြောင်း ဘာဘူဆာ ပြောပြတယ်– “တစ်ခါတလေ ညဘက် အိပ်လို့မပျော်တဲ့အခါ သင်ယူခဲ့တာတွေကို ပြန်တွေးတောဆင်ခြင်တယ်။ ရုတ်တရက် အတွေးထဲမှာ မေးခွန်းတစ်ခု ပေါ်လာရင် အီတာကို နိုးပြီး ‘ကျမ်းစာ ယူလိုက်ဦး။ ကျွန်မမှာ မေးခွန်းတစ်ခု ရှိတယ်’ လို့ ပြောလေ့ရှိတယ်။ အီတာက မျက်လုံးကို ပွတ်ပြီး ‘ကောင်းပါပြီ’ ဆိုပြီး ကျမ်းစာကို ဖွင့်၊ မေးခွန်းရဲ့ အဖြေကို ပြောပြတယ်။” အီတာ ပြောင်းလာပြီး သုံးရက်အကြာမှာ ဘာဘူဆာ သတင်းကောင်း စဟောတော့တယ်။
ဘာဘူဆာမှာ နာတီလာ ချာဂေအီရှဗီလီ လို့ခေါ်တဲ့ မိတ်ဆွေရင်း ရှိတယ်။ “ပစ္စည်းဥစ္စာကြောင့် အမှန်တရားကို လက်မခံလောက်ဘူးလို့ ထင်ခဲ့ပေမဲ့ ဝမ်းသာစရာက ကျွန်မထင်တာ မှားသွားတယ်။ အမှန်တရားအကြောင်း ပထမဆုံး စပြောချိန်မှာပဲ အားတက်သရော လက်ခံခဲ့တယ်” လို့ ဘာဘူဆာ ပြောတယ်။ မကြာခင်မှာ သူတို့နှစ်ယောက်စလုံးဟာ မိတ်ဆွေ၊ အလုပ်ဖော်၊ အိမ်နီးချင်းတွေကို မျှော်လင့်ချက်အကြောင်း ပြောပြတော့တယ်။