မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုလံဘီယာ

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းကို ဦးစားပေးခြင်း

ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းကို ဦးစားပေးခြင်း

၂၀၁၅၊ စက်တင်ဘာ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့​မှာ အုပ်ချုပ်ရေးအဖွဲ့​က လှူဒါန်း​ထားတဲ့ ရန်ပုံငွေ​ကို အကောင်းဆုံး အသုံးပြုနိုင်​ဖို့ အဖွဲ့အစည်း​ဆိုင်ရာ ပြောင်းလဲမှု အတော်များများ​အကြောင်း ကမ္ဘာ​တစ်ဝန်း​မှာရှိတဲ့ ဗေသလမိသားစု​ကို အသိပေး​ခဲ့တယ်။ အဲဒီနောက် ၂၀​၁၅၊ အောက်တိုဘာ ၃ ရက်၊ စနေနေ့၊ အုပ်ချုပ်​ရေးအဖွဲ့ရဲ့ ကြေညာချက်​မှာ ဒီလို​ရှင်းပြထားတယ်– “ဖိလိပ္ပိ ၁:၁၀ မှာ ‘ပို​အရေးကြီးတဲ့​အရာတွေ​ကို ပိုင်းခြား​သိ’ ဖို့ အားပေးထားတယ်။ အဲဒီ​ပညာရှိ အကြံပြုချက်​နဲ့အညီ ကျွန်တော်တို့ [အုပ်ချုပ်ရေးအဖွဲ့] က ဘုရားသခင့်​လူမျိုးရဲ့ ဝတ်ပြုရေး ကောင်းကျိုး၊ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်း တိုးတက်မှု​ကို အကောင်းဆုံး ထောက်မ​ပေး​မယ့် လုပ်ငန်း​တွေကို ဦးစားပေး​လို​ပါတယ်။”

JW ရုပ်သံ​အစီအစဉ်​မှာ အုပ်ချုပ်ရေး​အဖွဲ့ဝင် ညီအစ်ကို စတီဗင်​လ​တ် ဆက်​ရှင်းပြ​တယ်– “အုပ်ချုပ်ရေးအဖွဲ့​က လယ်ကွင်း​မှာ နိုင်ငံတော်​အကျိုးစီးပွား တိုးတက်ရေး​ကို အင်မတန် စိတ်ဝင်စား​နေတယ်။ ဌာနခွဲ​အားလုံး​မှာ အသုံးစရိတ် လျှော့ချ​နိုင်မယ့်​နည်းတွေ​ကို ပြန်​ဆန်းစစ်​ထားတယ်။ ဒါမှ ရန်ပုံ​ငွေ​တွေကို လယ်ကွင်း​မှာ ပို​သုံးနိုင်​မယ်။ ဒါကြောင့် ကြာမြင့်စွာ​ကတည်းက ရှိလာ​တဲ့ ဗေသလ​လုပ်ရိုးလုပ်စ​ဉ်၊ လုပ်ငန်းများ​စွာကို လျှော့ချ၊ ပယ်ဖျက်​လိုက်ပါ​ပြီ။ ရလဒ်အနေနဲ့ ဗေသလ​မိသားစုဝင် နည်းနည်း​ပဲ လိုအပ်​ပါ​တော့မယ်။”

ဒါကြောင့် ၂၀​၁၅၊ စက်တင်ဘာ​လ​ကစပြီး ကမ္ဘာ​တစ်ဝန်း​က ဗေသလ​မိသား​စုဝင် ၅,၅၀၀ လောက် လယ်ကွင်း​ကို ပြန်သွား​ကြရတယ်။ ဒီ​ပြောင်းလဲမှု​တွေကြောင့် အကြီးအကျယ် ပြုပြင်ချိန်ညှိ​ကြ​ရပေမဲ့ ယေဟောဝါ ကောင်းချီးပေး​တာ ထင်ရှားတယ်။ ဟောပြော​သွန်သင်ခြင်း​လုပ်ငန်း​လည်း ပို​ခိုင်မာတောင့်တင်း​လာတယ်။

ဗေသလ​က​နေ လယ်ကွင်း​ကို ပြန်တာ​ဝန်​ပေး​ခံရတဲ့ သီ​ရိ​လင်္ကာ​နိုင်ငံ​က ဇနီးမောင်နှံ​က ဒီအပြောင်းအလဲ​ဟာ ယေဟောဝါနဲ့ အဖွဲ့အစည်း​အပေါ် ယုံကြည်​စိတ်ချမှု တင်ပြ​ဖို့ အခွင့်အရေး​ဖြစ်တယ်လို့ ရှုမြင်​ခဲ့ကြတယ်။ “ရှေ့​ဆက် ဘယ်လို​ဖြစ်မယ်​ဆိုတာ မသေချာ​ပေ​မဲ့ ယေဟောဝါ ပစ်မထား​ဘူးဆို​တာ​တော့ သေချာ​ပါတယ်။ ဒါကြောင့် ‘ယေဟောဝါ၊ ဘယ်​အခြေအနေ​ပဲ ကြုံရ​ပါစေ ကျွန်တော်တို့ နှစ်ယောက်စလုံး မှန်မှန်ရှေ့ဆောင်​အဖြစ် ဆက်​အမှုဆောင်​နိုင်​ဖို့ ပြုပြင်ချိန်ညှိ​နိုင်အောင် ကူညီပေး​ပါ’ လို့ ဆုတောင်း​ခဲ့ကြတယ်။ ပထမ​လ​မှာ ငွေ​မရှိ​သ​လောက်​ပဲ။ ဒါပေမဲ့ ယေဟောဝါရဲ့ မေတ္တာနဲ့ စောင့်ရှောက်မှု ခံစား​ခဲ့ရတယ်။ အခု ကုန်ကျစရိတ်​တွေ ကာမိ​စေမယ့် ပုံမှန်​ဝင်ငွေ ရှိနေ​ပြီ။ အိမ်အလုပ်၊ အပြင်​အလုပ်၊ ရှေ့ဆောင်​အလုပ်​ကြောင့် အလုပ်​သိပ်​များ​ပေ​မဲ့ ဗေသလ​မှာ ရရှိတဲ့ လေ့ကျင့်မှု​ကြောင့် အချိန်ကို ကောင်းကောင်း စီမံ​နိုင်တယ်။ လူတွေ အမှန်တရား သိလာ​အောင် ကူညီပေး​ရတာ​ထက် ပို​ကျေနပ်စရာ​ကောင်းတာ မရှိတော့​ဘူး။ ရှေ့ဆောင်​အနေနဲ့ အဲဒီလို​ကူညီပေး​ခွင့်​ရလို့ သိပ်ပျော်​တယ်။”

ကိုလံဘီယာနိုင်ငံ​က တာဝန်​ပြောင်းလဲ​ခံရတဲ့ ဗေသလအိမ်သား​တချို့ဟာ ဘာသာစကား​အသစ် သင်ယူ​ကြပြီး နိုင်ငံတော်သတင်း​ကောင်း ဝေမျှ​ဖို့ ဝေးလံတဲ့​ဒေသ​တွေကို ပြောင်းရွှေ့​ခဲ့ကြတယ်။ အဲဒီ​ညီအစ်ကို/မတွေ​ဟာ အသင်းတော်သစ်​တွေအတွက် ကောင်းချီး​ပါပဲ။ မိမိရဲ့ တိုက်နယ်​မှာ တာဝန်ခန့်အပ်​ခံရတဲ့ ဇနီးမောင်နှံ​နဲ့ပတ်သက်ပြီး တိုက်နယ်ကြီးကြပ်မှူး​တစ်ယောက် ပြောတယ်– “အသင်းတော်မှာရှိတဲ့ ညီအစ်ကို/မတွေ​က သူတို့ရဲ့ အကူအညီ​ကို သိပ်​လေးမြတ်​ကြ​တယ်။ လယ်ကွင်းလုပ်ငန်း​မှာ အသင်းတော်ရဲ့ ပါဝင်မှု တိုးတက်​လာတယ်။ အသင်းတော်​တာဝန် အမျိုးမျိုးကို ထမ်းဆောင်​နိုင်​ဖို့​လည်း ဒေသခံ​ညီအစ်ကိုတွေ လေ့ကျင့်​ခံ​နေရတယ်။” ဗေသလအိမ်သား​ဟောင်း​တွေဟာ ဗေသလ​ကို တစ်ပတ်​မှာ တစ်ရက် ဒါမှမဟုတ် ဒီ့​ထက်မက လာပြီး​တော့​လည်း အချိန်ပိုင်း အမှုဆောင်​ကြ​တယ်။

ဂျပန်​ဗေသလ​မှာ ၃၁ နှစ်လောက် အမှုဆောင်​ခဲ့တဲ့ ညီအစ်ကို​ဟာ အကြီးအကဲ​နှစ်ယောက်​ပဲ​ရှိတဲ့ အသင်းတော်​မှာ တာဝန်ခန့်အပ်​ခံရ​တယ်။ နိုင်ငံတော်ခန်းမ​ကို ပြုပြင်မွမ်းမံ​ဖို့ အစီအစဉ်​ရှိတာ​မို့ နှစ်ပတ်​လုံးလုံး လောက​အလုပ် မလုပ်​ခဲ့ဘူး။ ပြုပြင်မွမ်းမံ​မှု မစ​ခင်​လေးမှာ​ပဲ အသင်းတော်​ရှိတဲ့ ကူမာ​မို​တို​ဒေသ​မှာ ၇.၀ ပြင်းအား​ရှိ ငလျင် လှုပ်ခတ်​ခဲ့တယ်။ လောကအလုပ်​လုပ်ဖို့ မ​စီစဉ်​ထားတဲ့အတွက် ကယ်ဆယ်ရေး​လုပ်ငန်း​နဲ့ နောက်ပိုင်း သိုးထိန်း​လုပ်ငန်းမှာ ဦးဆောင်​ပါဝင်​နိုင်ခဲ့တယ်။ “ပြန်တွေး​ကြည့်​လိုက်​တဲ့အခါ ယေဟောဝါက ကျွန်တော်တို့​ကို အလိုအပ်ဆုံး​နေရာမှာ နေရာချ​ပေးတယ်​လို့ ပြောနိုင်​တယ်” ဆိုပြီး သူပြောတယ်။

ဩစတြေးလျ​ဌာနခွဲ​မှာ အမှုဆောင်​ခဲ့တဲ့ ဖီလ်​နဲ့ ရှူ​ဂါ ဒီလိုပြောတယ်– “တာဝန်ပြောင်းလဲသွား​တော့ ဘဝကို ရိုးရိုးရှင်းရှင်း​ထား​ဖို့ ဆုံးဖြတ်​ခဲ့တယ်။ ဆုံးဖြတ်ချက်ကောင်း ချ​နိုင်အောင် လမ်းပြ​ပေးဖို့၊ ဆုံးဖြတ်ချက်​တွေကို ကောင်းချီးပေး​ဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ခဲ့တယ်။ ကျွန်တော်တို့ အဖြစ်ချင်ဆုံး​က​တော့ တိုင်းတစ်ပါး​အသင်းတော်​တစ်ခုမှာ အမှုဆောင်ဖို့​ပဲ။ ကျွန်တော်​တို့ရဲ့ ဆုံးဖြတ်ချက်​ကို ယေဟောဝါ ကောင်းချီးပေး​ခဲ့တယ်။ စိတ်နှလုံးအကြွင်းမဲ့ အမှုဆောင်​နိုင်အောင် လမ်းရှင်း​ပေးခဲ့တယ်။” အခု​ ဖိလစ်​ပိုင်​နိုင်ငံ၊ ဒါ​ဗောင်​ပြည်နယ်​က ကြေညာသူ ၃၄ ယော​က်၊ မှန်မှန်ရှေ့ဆောင် ၉ ယော​က်​ရှိတဲ့ ဆာ​မယ်​ကျွန်း အင်္ဂလိပ်​အုပ်စု​မှာ အမှုဆောင်​နေတယ်။ ဆက်​လိုက်ရ​မယ့် စိတ်ဝင်စားသူ​တွေရဲ့ လိပ်စာ ၁၂၀ လောက် ရရှိ​ထားတယ်။ “လုပ်စရာ အများကြီး​ရှိနေ​တာ သေချာ​တယ်။ ယေဟောဝါကို အကြွင်းမဲ့ အားကိုး​ခဲ့လို့ ပျော်​လိုက်တာ။ ဒါက ယုံကြည်ခြင်း၊ ယေဟော​ဝါကို ချစ်တဲ့​မေတ္တာ တိုးများ​စေတယ်။”

အထူးရှေ့ဆောင်​အဖြစ် တာဝန်​ပြောင်းလဲ​ခန့်အပ်ခံ​ရတဲ့ ရုရှားနိုင်ငံ​က ညီအစ်မ​တစ်ယောက် ဒီလိုပြောတယ်– “ရှေ့ဆောင်လုပ်ငန်း​က အရေးကြီးဆုံး​လုပ်ငန်း၊ ဘယ်တော့မှ ပြန်​မလုပ်​တော့​မယ့် ဟောပြောခြင်းလုပ်ငန်း​မှာ အပြည့်အဝ ပါဝင်ဖို့ အခွင့်အရေး ရရှိ​စေတယ်။ ယေဟောဝါရဲ့ အသုံးတော်ခံ​ခွင့်​ရလို့ သိပ်ပျော်​တယ်။” အခု ကျမ်းစာသင်အံမှု ခြောက်ခု ရှိနေ​တယ်။ အီရတ်၊ နိုင်ဂျီးရီးယား၊ သီ​ရိ​လင်္ကာ၊ ဆီးရီးယား၊ ဇမ်ဘီယာ​နိုင်ငံ​တို့​က လူတွေ ပါဝင်တယ်။

ဇမ်ဘီယာ– ဗေသလအိမ်သားဟောင်းတွေကို အသင်းတော်သစ်က လှိုက်လှဲစွာ ကြိုဆိုနေစဉ်

ဇမ်ဘီယာ ဗေသလ​မိသားစုဝင်​များစွာ​ဟာ မှန်မှန်ရှေ့ဆောင်​အဖြစ် တာဝန်ခန့်အပ်​ခံရ​တယ်။ လယ်ကွင်းလုပ်ငန်း​မှာ ပို​ပါဝင်ခွင့်​ရလို့ ပျော်ရွှင်​နေကြတယ်။ “ဗေသလ​က ထွက်​ပြီး မကြာခင်​မှာပဲ စာ​မတတ်​သူ​နှစ်ယောက်​ကို ရေး​တတ်၊ ဖတ်​တတ်လာ​အောင် ကူညီပေး​နိုင်ခဲ့တယ်။ ကျမ်းစာသင်သား​တစ်ယောက်ဖြစ်တဲ့ ၁၀ နှစ်အရွယ် ကောင်လေး​ဟာ မကြာခင်​မှာပဲ ကြားရက်​အစည်းအဝေးမှာ​ ပထမဆုံး​တာဝန် ရခဲ့တယ်။ ကျွန်တော်တို့ သက်သေခံ​လိုက်တဲ့ ဇနီးမောင်နှံ​တစ်စုံ​က သတိရအောက်မေ့ပွဲ​လာ​တက်တယ်။ အဲဒီအချိန်ကစပြီး အသင်းတော် အစည်းအဝေးတွေကို မပျက်​မ​ကွက် တက်ရောက်​နေ​ပြီ။ ကျမ်းစာသင်အံမှု​မှာလည်း တော်တော် တိုးတက်​လာတယ်။ ယေဟောဝါရဲ့ လမ်းညွှန်မှု​ကိုသာ မ​လိုက်ခဲ့​ရင်၊ ကိုယ်တော့် ထောက်မ​မှု​ကိုသာ အသိအမှတ် မပြု​ရင်၊ ကောင်းချီး​ကိုသာ မ​စောင့်ဆိုင်း​ခဲ့ရင် ဒါတွေ​အားလုံး ဖြစ်လာ​မှာ မဟုတ်ဘူး” လို့ ဇနီး​နဲ့အတူ ရှေ့ဆောင်​လုပ်​နေတဲ့ အန်ဒရူး ပြောတယ်။

ဇမ်ဘီယာ​မှာ နေထိုင်တဲ့ အက်​စန်​နဲ့ အာ​နက်​တို့ လယ်ကွင်း​ကို ပြန်တာ​ဝန်​ကျ​ချိန်မှာ အိမ်ထောင်ကျ​ခါ​စ​ပဲ ရှိသေးတယ်။ အာ​နက် ဒီလိုပြောတယ်– “ခြိုးခြံချွေတာ​တတ်အောင်၊ အကြွေး​မရှိအောင်၊ ပျော်​နေနိုင်​အောင် ဗေသလ​လေ့ကျင့်မှု​က ကူညီပေးတယ်။ ဗေသလလုပ်ငန်း​မှာ ပါဝင်​ခဲ့တာ​ကို နောင်တမရ​ပါဘူး။ ဘုရားရေးရာ​ပန်းတိုင်တွေကို ဘယ်လို ချိန်ညှိ​ရမယ်၊ ဘယ်လို အရောက်​လှမ်း​ရ​မယ်​ဆိုတာ​တွေ တတ်သိ​လာတယ်။ ယေဟောဝါကို ပို​ယုံကြည်​လာပြီး ဆက်​သစ္စာရှိ​ဖို့ အသင့်ပြင်​ခံရ​တယ်။”