မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးသစ်

ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးသစ်

၂၀​၁၅၊ အောက်တိုဘာ ၃ ရက်၊ ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာ​နဲ့ ဝေစာ​အသင်း နှစ်ပတ်လည် အစည်းအဝေး​မှာ အုပ်ချုပ်ရေး​အဖွဲ့ဝင် ညီအစ်ကို အန်​တို​နီ မော​ရစ်​က ဟောပြော​သွန်သင်ခြင်း​သင်တန်း၊ လုပ်ငန်းတော် အစည်းအဝေး​နဲ့ အသင်းတော်​ကျမ်းစာလေ့လာမှု​ကို ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး​သစ်​နဲ့ အစားထိုး​လိုက်​ကြောင်း ကြေညာ​ခဲ့တယ်။ ကျွန်ုပ်တို့​၏ နိုင်ငံတော်​ဓမ္မအမှု ကိုလည်း ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် ဆိုတဲ့ ရောင်စုံ ရှစ်​မျက်နှာ လစဉ်​ထုတ် စာစောင်​နဲ့ အစားထိုး​မှာဖြစ်​ကြောင်း ရှင်းပြ​ခဲ့တယ်။ အဲဒီ​စာစောင်မှာ အပတ်​စဉ် အစည်းအဝေး အစီအစဉ် ပါ​ရှိပြီး ကိုယ်ပိုင်ကျမ်းစာ​ဖတ်ရှုခြင်း​ကို ပို​စိတ်ဝင်စားဖွယ်​ဖြစ်စေ​မယ့် သရုပ်ဖော်ပုံ​တွေ ပါဝင်တယ်။

အစည်းအဝေး​သစ်​ကို အပိုင်း​သုံး​ပိုင်း ခွဲထား​တယ်–

  1. ၁။ ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ။ ဒီ​အပိုင်း​ရဲ့ ပထမ​ကဏ္ဍ​က အပတ်​စဉ် ကျမ်းစာဖတ်​ရှု​မှုနဲ့ လေ့ကျင့်ခန်းစာစောင်​မှာ ပါဝင်တဲ့ သရုပ်ဖော်ပုံ​ကို အခြေခံ​ထားတဲ့ ဆယ်မိနစ် ဟောပြောချက် ဖြစ်တယ်။ “ရှာဖွေလေ့လာ ဘုရားရေးရာရတနာ” ဆိုတဲ့ ဒုတိယ​ကဏ္ဍ​က​တော့ အပတ်​စဉ် ကျမ်းစာဖတ်​ရှု​မှုအကြောင်း ရှစ်​မိနစ်​ကြာ မေးဖြေ​ဆွေးနွေးခန်း ဖြစ်တယ်။ ပြီးနောက်​ လေးမိနစ်​ကြာ ကျမ်းစာဖတ်​ရှု​မှုကို ဆက်​ပြုလုပ်​တယ်။

  2. ၂။ အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ။ အများ​အားဖြင့် ဒီ​အပိုင်းမှာ ကျောင်းသား​သုံးယောက်​က ဦးဆုံးတွေ့ဆုံချိန်၊ ပြန်လည်ပတ်မှု၊ ကျမ်းစာသင်အံမှု​မှာ ဘယ်လို သွန်သင်​တယ်ဆိုတာ သရုပ်ပြ​တင်ဆက်​ကြ​တယ်။

  3. ၃။ ခရစ်ယာန်အသက်တာလမ်းစဉ်။ ဒီ​အပိုင်းမှာ​တော့ ကျမ်းစာမူ​တွေကို နေ့စဉ်​ဘဝ​မှာ လက်တွေ့ကျင့်သုံး​နိုင်​ပုံ​အကြောင်း ဆွေးနွေး​တယ်။ ဒီ​အပိုင်း​ရဲ့ အဓိက​ဏ္ဍ​က​တော့ အသင်းတော် ကျမ်းစာလေ့လာမှု မေးဖြေ​ဆွေးနွေးခန်း​ပါပဲ။

ကမ္ဘာ​တစ်ဝန်း​မှာရှိတဲ့ ကြေညာသူ​တွေဟာ အစည်းအဝေး​သစ်​မှာ ရရှိတဲ့ လက်တွေ့​လေ့ကျင့်မှု​အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြ​ကြ​တယ်။ ဩစတြေး​လျ​နိုင်ငံ​က ညီအစ်ကို​တစ်ယောက် ရေး​တယ်– “အသက်တာ​နဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေး​က သိပ်ကောင်း​တယ်။ အကြောင်းအရာ​က ကျွန်တော်တို့ရဲ့ လက်ရှိအသက်​တာနဲ့ ပို​ကို​က်​ပြီး တင်ဆက်မှု​တွေ​က ရိုးရှင်း​တယ်။ အပိုင်း​တွေ​က လိုရင်းတိုရှင်း​ဖြစ်ပြီး အထူးသဖြင့် ဗီဒီယို​တွေ၊ ကလေးတွေရဲ့ ပါဝင်မှု​တွေကြောင့် စိတ်ဝင်စား​စရာ သိပ်ကောင်း​လို့ အစည်းအဝေး ပြီးသွား​တာ သိပ်​မြန်​သလိုပဲ။”

အီတလီ​နိုင်ငံ​က အကြီးအကဲအဖွဲ့​တစ်ဖွဲ့ ရေး​တယ်– “ဒီ​အစည်းအဝေး​သစ်​က အသေအချာ ပြင်ဆင်​ဖို့ ယောက်တိုင်း​ကို လှုံ့ဆော်ပေး​လို့ သွန်သင်ခြင်း​စွမ်းရည် တိုးတက်​လာ​တာ ကျွန်တော်တို့ သတိထား​မိတယ်။ ဒီ​ကြားရက် အစည်းအဝေး​သစ်​က မိမိလူ​မျိုး​ကို ယေဟောဝါရဲ့ သွန်သင်နည်း တိုးတက်​ပြောင်းလဲ​လာ​တာ ထင်ရှားစေ​တယ်။ ၁၅ နှစ်အရွယ် ကြေညာသူ​တစ်ယောက်​က ‘အရင်က​ဆိုရင် အစည်းအဝေး​တစ်ခုလုံး​ကို အာရုံစိုက်​ဖို့ သိပ်​ခက်တယ်။ ဒီ​အစည်းအဝေး​သစ်​က အာရုံစိုက်​နိုင်​ဖို့၊ အိမ်​မှာ​ကတည်းက ပြင်ဆင်​လာဖို့ ကူညီ​ပေးတယ်’ လို့ ရေးခဲ့တယ်။”

ဩ​စ​တြီး​ယား​နိုင်ငံ​က မိသားစု​တစ်စု ဒီလို​ရေး​တယ်– “ဆယ်နှစ်​အရွယ်​သမီး​နဲ့အတူ အပတ်​စဉ် ကျမ်းစာဖတ်​ရတာ သိပ်​ခက်တယ်။ ဒါပေမဲ့ ‘ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ’ ဆိုတဲ့​အပိုင်း​က လွတ်လွတ်လပ်လပ် မှတ်ချက်ပေး​ဖို့ လှုံ့ဆော်ပေး​တယ်။ အခုတော့ သုံးယောက်​စလုံး အပတ်​စဉ် ကျမ်းစာဖတ်ရှုခြင်း​အတွက် ပြင်ဆင်​ရတာ ပျော်​နေ​ပြီ။ ပို​ကောင်းတာ​က သမီး​နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး တိုးတက်​လာ​တာပါ​ပဲ။”

ဂျာမနီ​နိုင်ငံ​က အဲ​နက်စ်​လည်း ဒီလိုပြောတယ်– “အကြောင်းအရာကို ပြင်ဆင်​ဖို့၊ ပို​နက်နက်နဲနဲ တွေးတော​ဖို့ အားတက်​လာတယ်။ တစ်ခါ​မှ ဒီလောက်​ရှာဖွေလေ့လာ​မှု မလုပ်ဖူး​ဘူး။ အခု ယေဟောဝါနဲ့ ဆက်ဆံရေး ပိုကောင်း​လာတယ်။ စာတန့်​လောက​ကြောင့် ပင်ပန်းနွမ်းနယ်​ရပေမဲ့ အစည်းအဝေး​တွေကြောင့် အားပြည့်​လာပြီး ဆက်ခံ​ရပ်​ဖို့ အကူအညီ ရတယ်။”

ဆော်​လ်​မွန်​ကျွန်းစု​မှာရှိတဲ့ အသင်းတော်တွေ​လည်း ကြားရက်​အစည်းအဝေး​သစ်​ကို ပျော်မွေ့​နေကြ​ပြီး အကျိုးရ​ရှိ​ဖို့ ကြိုးစားအားထုတ်​နေကြတယ်။ အသင်းတော်များ​စွာ​ဟာ လျှပ်စစ်မီး၊ အင်တာနက် မရှိတဲ့ ဝေးလံတဲ့​ဒေသ​တွေမှာ တည်ရှိ​ပြီး ညီအစ်ကို/မတွေ​ဟာ တော်တော်​ရိုးရိုးရှင်းရှင်း နေထိုင်​ကြ​တယ်။ အစည်းအဝေး​မှာ ဗီဒီယို​ပြဖို့ လိုအပ်တဲ့​စက်ပစ္စည်း​တွေနဲ့ လစဉ် ဗီဒီယိုကို ဘယ်လို ရနိုင်မလဲ။ မာ​လိုင်​တာ​ကျွန်း အသင်းတော်​တစ်ခုမှာ​ရှိတဲ့ ကြေညာသူ​တွေ​က အုန်း​သီး​ခြောက် အတူ​ရောင်းဖို့၊ ရလာ​တဲ့ ရန်ပုံငွေ​ကို အသင်းတော်ကို ပေးဖို့ ဆုံးဖြတ်​လိုက်​ကြ​တယ်။ ဒါမှ ဆို​လာ​အား​နဲ့ လည်ပတ်​နိုင်မယ့် ဗီဒီယို​ပြ​စက်​လေး​တစ်လုံး ဝယ်​နိုင်မယ်။ လတိုင်း ဗီဒီယို​တွေ ရနိုင်ဖို့ ညီအစ်ကိုတွေ​က အင်တာနက်​လိုင်း​ရှိတဲ့ အနီးဆုံး နေရာ​ကို သွားပြီး ဖိုင်​တွေ ကူးယူ​ကြ​တယ်။ ပြီးနောက် အသင်းတော်မှာရှိတဲ့ တခြား​ညီအစ်ကို/မတွေကို ဝေမျှပေး​ကြ​တယ်။

“ကျွန်တော်က အမြင်အာရုံ​နဲ့​ဆို ပို​သင်ယူနိုင်​သလိုပဲ။ ဒီလို​ပဲ ယက်​ကန်​ယက်ကန်​နဲ့ ကြိုးစား​လာ​တာ နှစ် ၄၀ ကျော်​ပြီ။ တခြားတစ်​ယောက်ကို ပြန်ရှင်း​ပြ​နိုင်​လောက်တဲ့​အထိ နားလည်​လာအောင် အကြိမ်ပေါင်း​များစွာ ဖတ်​ရတယ်။ ဒါကြောင့် ရုပ်မြင်​သင်​ထောက်ကူ​ပစ္စည်း​နဲ့ သွန်သင်ပေး​တာ​အားလုံး​အတွက် အုပ်ချုပ်ရေးအဖွဲ့​ကို သိပ်ကျေးဇူးတင်တယ်။ ကျမ်း​နိဒါန်း ဗီဒီယို​တွေ​က အံ့မ​ခန်း​ပဲ။ လေ့ကျင့်ခန်းစာစောင်​မှာပါတဲ့ သရုပ်ဖော်ပုံ​တွေ​ကလည်း ကျွန်တော်​ တကယ်​လိုအပ်​နေတာ​တွေပါ။ လူမျိုးတော်​အတွက် သင်တို့​ရဲ့ ကြိုးစားအားထုတ်မှု​ကို ယေဟောဝါ ကောင်းချီးပေး​နေတာ ထင်ရှား​တယ်။ ကျေးဇူး​အများကြီး​တင်​ပါတယ်” ဆိုပြီး အမေရိကန်​ပြည်ထောင်စု​က ညီအစ်ကို​တစ်ယောက် ရေးခဲ့တယ်။

မာလာဝီ