မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

JW ရုပ်သံအစီအစဉ်က ‘အားရှိစေပြီး လန်းဆန်းမှု ဖြစ်စေ’

JW ရုပ်သံအစီအစဉ်က ‘အားရှိစေပြီး လန်းဆန်းမှု ဖြစ်စေ’

JW ရုပ်သံ​လို့ခေါ်တဲ့ အင်တာနက်​တီဗီ အစီအစဉ်​ဟာ စတင်​ထုတ်လွှင့်​ချိန် ၂၀၁၄ ခုနှစ်​ကစပြီး ကမ္ဘာ​တစ်ဝန်း​မှာရှိတဲ့ ကြည့်ရှုသူ​များစွာကို အားပေးမှု၊ လန်းဆန်းမှု ရရှိ​စေခဲ့​ပါ​ပြီ။ ဒီ​အစီအစဉ်​ကို အခု ဘာသာစကား ၉၀ ကျော်​နဲ့ ရရှိနိုင်​ပါ​ပြီ။ ဥပမာ၊ အခု​ဆိုရင် အစီအစဉ်​ကို အွီ၊ ဂါ၊ တွီ (ပုံ​မှာ​ပြ​ထား) ဘာသာ​စကားတွေနဲ့ ဘာသာပြန်​နေလို့ ဘီနင်၊ ကု​တ်​ဒီ​ဗွား၊ ဂါနာ၊ တို​ဂို​မှာရှိတဲ့ ကြေညာ​သူ ၁၃​၀,၀၀၀ ကျော်​တို့ ဝမ်းသာပီတိ ဖြစ်နေ​ကြ​တယ်။ *

“အုပ်ချုပ်ရေး​အဖွဲ့ဝင်​တွေ၊ သူတို့ကို ကူညီပေး​သူတွေ​ရဲ့ ဟောပြောချက်​ကို နားထောင်​တဲ့အခါ ကျွန်မကို ယေဟောဝါ အိမ်တိုင်ရာရောက် လာ​စကားပြော​နေ​သလို ခံစားရ​တယ်။ ကမ္ဘာ့​ထောင့်​တစ်နေရာ​က ကျွန်မ​လို ဆင်းရဲသား​မိန်းကလေး​အတွက် ဒီ​အစီအစဉ်​သာ မရှိရင် ဒီလောက်​အခွင့်ထူး​ကြီး ဘယ်​ရနိုင်​ပါ့​မလဲ။ ကမ္ဘာ​တစ်ဝန်း​မှာရှိတဲ့ ညီအစ်ကို/မတွေ​နဲ့လည်း ပို​ရင်းနှီး​လာ​စေတယ်” ဆိုပြီး ဂါနာ​နိုင်ငံ​က တိုက်နယ်ကြီးကြပ်မှူး​တစ်ယောက်​ရဲ့ ဇနီး အ​ဂါ​သာ ပြောတယ်။

ဇမ်ဘီယာ​နိုင်ငံ​ကလည်း ဒီလို​မှတ်တမ်း ရရှိတယ်– “အသင်းတော်များ​စွာ​က ကြေညာသူ​တွေဟာ ဆင်းရဲချို့တဲ့​ပေ​မဲ့ JW ရုပ်သံ​အစီအစဉ်​က​နေ အကျိုးရ​ရှိ​ဖို့ ကြိုးစားအားထုတ်​ကြ​တယ်။ ဥပမာ၊ မီ​စာ​ကို အသင်းတော်​ဟာ အနီးဆုံး​မြို့​နဲ့ မိုင် ၂၀ လောက် ဝေး​ပြီး မိုးရာသီ​မှာ​ဆို ရေ​စီး​သန်​တဲ့ ချောင်း​တွေ အတော်​များတဲ့ လယ်​မြေ​ဒေသ​မှာ တည်ရှိ​တယ်။” ပိုလိုအပ်​တဲ့​ဒေသ​မှာ အမှုဆောင်ဖို့ အသင်းတော်ကို ရောက်လာ​တဲ့ အသင်းတော်​အမှုထမ်း ဆိုင်​မွန် ပြောပြတယ်– “အသင်းတော်မှာရှိတဲ့ တစ်ယောက်ယောက်​က လတိုင်း လမ်းမကြီး​ကို ရောက်​ဖို့ နှစ်နာရီ လမ်းလျှောက်၊ အဲဒီကနေ မြို့​ကို​သွားဖို့ ဘတ်စကား​စီး၊ မြို့​ရောက်​တဲ့အခါ အစီအစဉ်​တွေကို ကူးယူ​ကြ​တယ်။ အသက် ၇၀ အရွယ် ဦးလေး​ကြီး​နဲ့ သား​နှစ်ယောက်​က ယေဟောဝါသက်သေ​တွေရဲ့ အစည်းအဝေးတွေကို တစ်ခါ​မှ မ​တက်​ဖူး​ဘူး။ ဒါပေမဲ့ ဒီလောက်​ခေါင်​တဲ့ တော​ရွာ အစည်းအဝေး​မှာ ဗီဒီယို​ပြ​မယ်ဆို​တော့ စိတ်ဝင်စား​သွားတယ်။ အဲဒီ​ဦးလေး​ကြီး လာ​တက်ပြီး​နောက် ‘ဘုရား​အကြောင်းကို ဒီလို​ပဲ သင်ယူ​ရမှာ’ ဆိုပြီး ပြော​သွားတယ်။

ရုရှားနိုင်ငံ​က ကျေးဇူးတင်စာ​တစ်စောင်​မှာ ဒီလို​ရေးထား​တယ်– “JW ရုပ်သံ​အစီအစဉ်​ကို ကြည့်​လာ​တာ တစ်နှစ်​လောက် ရှိပြီ။ ဒီလို​အခွင့်အရေး​ရရှိ​လို့ သိပ်​ကျေးဇူးတင်ပါတယ်။ ဦးဆုံး​ရုပ်သံ​အစီအစဉ်​ကို ကြည့်ပြီးနောက် ညီအစ်ကိုအသင်းအပင်း တစ်ရပ်လုံး​နဲ့ ပို​စည်းလုံး​လာတယ်​လို့ ချက်ချင်း ခံစား​လိုက်ရတယ်။ သိပ်​အံ့ဩစရာ​ပါပဲ။ မိသားစုကြီး​တစ်ခု​လို ခံစားရ​တယ်။ အုပ်ချုပ်ရေးအဖွဲ့ ညီအစ်ကိုတွေ​ကို တွေ့ရ​လို့လည်း ဝမ်းသာ​လိုက်တာ။ ကျွန်တော်တို့​ကို အချိန်တန်အစာ ကျွေး​ဖို့ သူတို့ အားကြိုးမာန်တက် ကြိုးစား​နေတာ။ အခုတော့ ကျွန်တော်တို့အားလုံး​ဆီ သူတို့ ရောက်​နိုင်ပြီ။ ရုပ်သံ​အစီအစဉ်​တိုင်း​ကို ကျွန်တော်တို့ မျှော်နေ​ရ​ပြီ။ ယေဟောဝါသက်သေ​ဆိုတဲ့ နာမည် ခံယူ​ရတာ​ကို ပိုပြီး​တော့​တောင် ဂုဏ်ယူမိ​တယ်။ ကျေးဇူးတင်ပါတယ်၊ ညီအစ်ကို​တို့။ အံ့ဖွယ်​လုပ်ဆောင်မှု​အားလုံး​အတွက် ယေဟောဝါနဲ့ ခရစ်တော်​ကို ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တော်တို့​ကို အားရှိ​စေပြီး လန်းဆန်းမှု ဖြစ်စေတယ်။”

ဂျာမနီ​နိုင်ငံ​က ဟို့စ်​နဲ့ ဟဲ​ဂါ လို့ခေါ်တဲ့ အိုမင်းမစွမ်း ဇနီးမောင်နှံ​လည်း အခုလို​ရေး​တယ်– “JW ရုပ်သံ​အစီအစဉ်​က ကောင်း​လိုက်တာ။ အထူးသဖြင့် မသန်စွမ်း ညီအစ်ကို/မတွေ​ရဲ့ တွေ့ကြုံမှု​တွေကြောင့် သိပ်​အားရှိ​တယ်။ ကျန်းမာ​ရေး မကောင်း​ပေ​မဲ့ အကောင်းဆုံး ပေးဆက်​ဖို့ သူတို့ရဲ့ ပုံသက်သေ​က လှုံ့ဆော်ပေး​တယ်။ အောက်ပိုင်း​သေနေ​တဲ့ ညီအစ်ကို အကြီးအကဲ​အဖြစ် အမှုဆောင်​နေတာ မြင်ရ​တော့ လူတိုင်း တန်ဖိုးရှိ​တာ​တစ်ခုခု ယေဟောဝါကို ပေးနိုင်​မှန်း သိလာ​ရတယ်။ အဲဒီလို စံပြ​ညီအစ်ကို/မတွေကို မြင်ရ​လို့ ယေဟောဝါကို သိပ်​ကျေးဇူးတင်ပါတယ်။ သူတို့ကို ကောင်းချီးပေး​ဖို့ အသနားခံ​ဆုတောင်း​ပါတယ်။”

အင်္ဂလန်​နိုင်ငံ​က ကို​ဒီ ပြောပြတယ်– “jw.org ဝက်ဘ်ဆိုက်၊ JW ရုပ်သံ၊ အောင်အောင်​နဲ့ ရွှေ​စင် ဗီဒီယို​တွေ ပြင်ဆင်​ရာမှာ အသုံးပြု​တဲ့ အချိန်နဲ့ ကြိုးပမ်းမှု​အားလုံး​အတွက် ကျေးဇူးတင်ပါတယ်။ ကျမ်းစာကို နားလည်​ရ ပိုလွယ်​စေတဲ့​အတွက်​လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် အသက်​ရှစ်နှစ်​မှာ နှစ်ခြင်းခံ​ခဲ့တာပါ။ နည်းနည်း​ကြီးလာ​ရင် နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေး​မှာ စေတနာ့ဝန်ထမ်း လုပ်ပါ​မယ်။ ဗေသလ​မှာလည်း လုပ်ချင်​တယ်။ အခု ကျွန်တော်​ အသက် ကိုးနှစ်​ဆိုတော့ သိပ်​စောင့်​ဖို့ မလို​တော့​ပါဘူး။”

အင်္ဂလန်​နိုင်ငံ​က အသက်​ရှစ်နှစ်​အရွယ် အာ​ရာ​ဘဲ​လာ ဒီလို​ရေး​တယ်– “ဗီဒီ​ယို​တွေ၊ လက်တွေ့​လုပ်​ကြည့်​နိုင်တဲ့ ကဏ္ဍ​တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါတွေ​က ယေဟောဝါကို ပို​သိလာ​အောင် ကူညီပေးတယ်။ jw.org ဝက်ဘ်ဆိုက်​မှာပါတဲ့ လက်တွေ့​လုပ်​ကြည့်​နိုင်တဲ့ ကဏ္ဍ​တွေ​က ယေဟောဝါ​အကြောင်း ပျော်ရွှင်​စွာ သင်ယူနိုင်​ဖို့ ကူညီပေးတယ်။ မှတ်မိ​ရလွယ်​တဲ့ သီချင်း​တွေ စပ်​ထားတာ​လည်း တော်​လိုက်တာ။ အောင်အောင်​နဲ့ ရွှေ​စင် ဗီဒီယို​ကလည်း ကူညီပေးတယ်။ သင်တို့​ရဲ့ ကြိုးစားအားထုတ်မှု​အားလုံး​အတွက် ကျေးဇူးတင်ပါတယ်။”

^ စာပိုဒ်၊ 3 tv.pr418.com မှာ ဝင်​ပြီး JW ရုပ်သံ​အစီအစဉ်​ကို ကြည့်ရှု​နိုင်တယ်။