ကပ်ရောဂါကာလ ပင်ပန်းနွမ်းလျမှုဒဏ်ကို ဘယ်လို ကုစားရပါ့မလဲ
ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ ပင်ပန်းနွမ်းလျနေပြီလား။ အခုလို ခံစားနေရတာ သင် တစ်ဦးတည်း မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းမှာ လူတွေဟာ ဒီကပ်ရောဂါကြောင့် လူမှုဘဝပုံစံ ကပြောင်းကပြန် ဖြစ်ကုန်တာ လနဲ့ချီ ကြာလာပါပြီ။ လူများစွာဟာ “ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် အကြီးအကျယ် ထိခိုက်နစ်နာနေကြတယ်။ ဒီအခြေအနေမျိုးမှာ ဘာကိုမှ စိတ်မဝင်စားတော့တာ၊ ထက်သန်မှု မရှိတာ၊ ခြေကုန်လက်ပန်းကျလာတာတွေ ဖြစ်လေ့ရှိတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဥရောပဆိုင်ရာ အကြီးအကဲ ဒေါက်တာ ဟန့်စ်ခလူး ပြောတယ်။
ကပ်ရောဂါကြောင့် ပင်ပန်းနွမ်းလျနေရင် စိတ်ဓာတ်မကျပါနဲ့။ ဒီလို စိတ်ဖိစီးစရာ အခြေအနေကို ရင်ဆိုင်နိုင်အောင် ကျမ်းစာက လူများစွာကို ကူညီပေးနေတယ်။ သင့်ကိုလည်း ကူညီပေးနိုင်ပါတယ်။
ကပ်ရောဂါကာလ ပင်ပန်းနွမ်းလျမှုဆိုတာ ဘာလဲ
ကပ်ရောဂါကာလ ပင်ပန်းနွမ်းလျမှုဆိုတာ ရောဂါတစ်ခု မဟုတ်ပါဘူး။ ကပ်ရောဂါကာလ ကြာရှည်လာတာနဲ့အမျှ လူမှုဘဝပုံစံ အပြောင်းအလဲ၊ အနာဂတ် မသေချာမရေရာမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ဆိုလိုပါတယ်။ တစ်ဦးနဲ့တစ်ဦး ခံစားတုံ့ပြန်ပုံချင်း မတူကြပေမဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့
စိတ်ထက်သန်မှု မရှိခြင်း
အစားအသောက်နဲ့ အအိပ်အနေ ပြောင်းလဲခြင်း
စိတ်ဆတ်ခြင်း
သာမန် လုပ်ရိုးလုပ်စဉ်တွေအတွက်တောင် စိတ်ဖိစီးမှု ဖြစ်လာခြင်း
အာရုံစိုက်ဖို့ ခက်ခဲခြင်း
မျှော်လင့်ချက် မဲ့နေပြီလို့ ခံစားရခြင်းတို့ ဖြစ်တယ်။
ဘာကြောင့် မပေါ့ဆသင့်သလဲ
ကပ်ရောဂါကာလ ပင်ပန်းနွမ်းလျမှုက ကိုယ်တိုင်ရော တခြားသူတွေကိုပါ ထိခိုက်စေနိုင်တယ်။ ဂရုမစိုက်ရင် ရောဂါမကူးစက်အောင် ကာကွယ်မယ်ဆိုတဲ့စိတ် အရင်လို မထက်သန်တော့ဘဲ ဖြစ်ချင်ရာ ဖြစ်ကွာဆိုပြီး တွေးလာနိုင်တယ်။ ကူးစက်နှုန်း၊ သေဆုံးနှုန်း မြင့်နေတာတောင် အန္တရာယ်ကို ခပ်ပေါ့ပေါ့ မြင်လာနိုင်တယ်။ ဘာလုပ်ပါ၊ ဘာမလုပ်နဲ့ဆိုတာတွေ ကြားဖန်များလာတော့ ကန့်သတ်ချက်တွေကြား ရုန်းထွက်ချင်လာတယ်။ ဒါဟာ ကိုယ်တိုင်ကော တခြားသူတွေကိုပါ အန္တရာယ်တွင်းထဲ တွန်းပို့ရာရောက်နိုင်တယ်။
အခုလို ဖိစီးမှုများနေချိန်မှာ “ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျနေရင် အားလျော့သွားလိမ့်မယ်” ဆိုတဲ့ ကျမ်းစကား မှန်ကန်မှုကို ကိုယ်တွေ့ ကြုံရသူတွေ ရှိတယ်။ (ပညာအလိမ္မာ ၂၄:၁၀) ဒီကပ်ရောဂါအပါအဝင် စိတ်ညစ်စရာတွေကို ကျော်ဖြတ်နိုင်ဖို့ ကူညီတဲ့ အခြေခံမူတွေ ကျမ်းစာမှာ ပါတယ်။
ကပ်ရောဂါကာလ ပင်ပန်းနွမ်းလျမှုဒဏ်ကို ကုစားနိုင်ဖို့ ဘယ်ကျမ်းစာမူတွေက ကူညီပေးနိုင်သလဲ
လူချင်း ခပ်ခွာခွာ နေရပေမဲ့ စိတ်ချင်း နီးနေပါ
သမ္မာကျမ်းစာအဆို။ “မိတ်ဆွေစစ်ဆိုတာ . . . ဒုက္ခရောက်ချိန်မှာ အားကို ရတဲ့ ညီအစ်ကိုပဲ။”—ပညာအလိမ္မာ ၁၇:၁၇။
အရေးကြီးရတဲ့အကြောင်း။ မိတ်ဆွေစစ်တွေဟာ နှစ်သိမ့်ပေးနိုင်ကြတယ်။ (၁ သက်သာလောနိတ် ၅:၁၁) အချိန်အကြာကြီး တစ်သီးပုဂ္ဂလ ဖြစ်နေရင် ကျန်းမာရေး ထိခိုက်နိုင်တယ်။—ပညာအလိမ္မာ ၁၈:၁။
စမ်းကြည့်ပါ။ ဗီဒီယို ချိတ်ဆက်ပြီး စကားပြောတာ၊ ဖုန်းပြောတာ၊ အီးမေးလ် ပို့တာ၊ စာတို ပို့တာတွေက မိတ်ဆွေတွေနဲ့ စိတ်ချင်း နီးစေတယ်။ ကိုယ်အဆင်မပြေတဲ့နေ့တွေမှာ မိတ်ဆွေတွေဆီ ဆက်သွယ်ပါ။ သာကြောင်းမာကြောင်း မေးမြန်းပါ။ ကပ်ရောဂါကာလအတွင်း ကိုယ့်ကို အကူအညီ ဖြစ်စေတဲ့ အချက်တွေ မျှဝေပါ။ မိတ်ဆွေတွေအတွက် တစ်ခုခု လုပ်ပေးဖို့ ကြိုးစားတာက နှစ်ဦးနှစ်ဖက် အကျိုးရှိစေတယ်။
လက်ရှိ အခြေအနေကို အကျိုးရှိရှိ အသုံးချပါ
သမ္မာကျမ်းစာအဆို။ “အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။”—ဧဖက် ၅:၁၆။
အရေးကြီးရတဲ့အကြောင်း။ အချိန်ကို အကျိုးရှိရှိ အသုံးချတာက အစိုးရိမ်မလွန်ဘဲ အပြုသဘော ရှိဖို့ ကူညီပေးတယ်။—လုကာ ၁၂:၂၅။
စမ်းကြည့်ပါ။ မလုပ်နိုင်တော့တဲ့အရာကို မဟုတ်ဘဲ လုပ်နိုင်တဲ့အရာတွေကို အာရုံစိုက်ပါ။ အရင်က အချိန်မပေးနိုင်လို့ မလုပ်ဖြစ်ခဲ့တာတွေ၊ ဝါသနာပါရာတွေကို အခု လုပ်ကြည့်ပါ။ မိသားစုအတွက် အချိန်များများ ပေးလိုက်ပါ။
လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်ပါ
သမ္မာကျမ်းစာအဆို။ “အရာရာကို . . . စည်းစနစ်တကျ လုပ်ဆောင်ကြပါ။”—၁ ကောရိန္သု ၁၄:၄၀။
အရေးကြီးရတဲ့အကြောင်း။ ပုံမှန် လုပ်စရာလေးတွေ ရှိနေတာက လူများစွာအတွက် ပိုသက်သောင့်သက်သာ ဖြစ်စေတယ်။ ပျော်ရွှင်စေတယ်။
စမ်းကြည့်ပါ။ အခြေအနေနဲ့ ကိုက်ညီတဲ့ ဇယားတစ်ခု ဆွဲပါ။ ကျောင်းစာ၊ အလုပ်၊ အိမ်မှုကိစ္စအပြင် ဘုရားသခင်နဲ့ ရင်းနှီးစေမယ့် လုပ်ဆောင်မှုတွေအတွက် အချိန်ဖယ်ထားပါ။ မိသားစုကို အချိန်ပေးတာ၊ အိမ်အပြင် ထွက်တာ၊ လေ့ကျင့်ခန်း လုပ်တာတွေက အကျိုးရှိစေတယ်။ ဇယားကို မကြာမကြာ ပြန်စစ်ပြီး လိုသလို ပြုပြင်ချိန်ညှိပါ။
ရာသီဥတုနဲ့အညီ အလိုက်သင့် နေထိုင်ပါ
သမ္မာကျမ်းစာအဆို။ “အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။”—ပညာအလိမ္မာ ၂၂:၃။
အရေးကြီးရတဲ့အကြောင်း။ ကိုယ်စိတ် ကျန်းမာလန်းဆန်းစေတဲ့ လေကောင်းလေသန့်နဲ့ နေရောင်ခြည် ရချိန်ဟာ ဒေသရဲ့ ရာသီဥတုပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်တယ်။
စမ်းကြည့်ပါ။ ဆောင်းရာသီ ဝင်ရင် နေရောင် ပိုရနိုင်ဖို့ ဧည့်ခန်း၊ အလုပ်ခန်း အပြင်အဆင်ကို အပြောင်းအလဲ လုပ်ပါ။ ရာသီဥတု အေးပေမဲ့ အိမ်ပြင်မှာ လုပ်နိုင်တာတွေကို စီစဉ်ပါ။ အနွေးထည် ဝတ်ထားရင် အိမ်ပြင်အအေးဒဏ်ကို ကြာကြာ ခံနိုင်ပါလိမ့်မယ်။
နွေရာသီဆိုရင်တော့ လူတိုင်းလိုလို အိမ်အပြင် ထွက်ကြမှာ ဖြစ်လို့ ပိုဂရုစိုက်ပါ။ သွားမယ့်နေရာ ကြိုစီစဉ်ပါ။ လူပါးတဲ့အချိန်ကို ရွေးပါ။
ကိုဗစ် ကာကွယ်တားဆီးရေး အမူအကျင့်ကို ဆက်လုပ်ဆောင်ပါ
သမ္မာကျမ်းစာအဆို။ “လူမိုက်ကတော့ တဇောက်ကန်း လုပ်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းတယ်။”—ပညာအလိမ္မာ ၁၄:၁၆။
အရေးကြီးရတဲ့အကြောင်း။ ကိုဗစ်-၁၉ က သေစေနိုင်တယ်။ ခပ်ပေါ့ပေါ့နေရင် ကူးစက်ခံရဖို့ များတယ်။
စမ်းကြည့်ပါ။ ကိုယ့်ဒေသမှာ တရားဝင် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မှန်မှန် စစ်ဆေးပြီး လိုက်နာပါ။ ကိုယ့်ကြောင့် ကိုယ်တိုင်နဲ့ မိသားစုအပြင် တခြားသူတွေကိုပါ ဘယ်လို ထိခိုက်မလဲဆိုတာ စဉ်းစားပါ။
ဘုရားသခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ခိုင်မာစေပါ
သမ္မာကျမ်းစာအဆို။ “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ၊ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်။”—ယာကုပ် ၄:၈။
အရေးကြီးရတဲ့အကြောင်း။ ဘယ်အခက်အခဲကိုမဆို ရင်ဆိုင်နိုင်အောင် ဘုရားသခင် ကူညီပေးနိုင်တယ်။—ဟေရှာယ ၄၁:၁၃။
စမ်းကြည့်ပါ။ ဘုရားစကားတော် သမ္မာကျမ်းစာကို နေ့တိုင်း ဖတ်ပါ။ ဇယား ရှိရင် စပြီး ဖတ်ဖို့ အကူအညီ ဖြစ်စေနိုင်တယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ အစည်းအဝေး အစီအစဉ်တွေကနေ အကျိုးရနိုင်ဖို့ ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်ကြည့်ပါ။ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ အသင်းတော် အစည်းအဝေး၊ ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲ၊ အစည်းအဝေးကြီးတွေကို ဗီဒီယိုချိတ်ဆက်မှုနဲ့ ဆက်ကျင်းပနေကြတယ်။
ကပ်ရောဂါကာလ ပင်ပန်းနွမ်းလျမှုဒဏ်ကို သက်သာစေတဲ့ ကျမ်းချက်များ
ဟေရှာယ ၃၀:၁၅။ “တည်ငြိမ်စွာ ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်။”
ဆိုလိုရင်း။ ဘုရားသခင့်အကြံဉာဏ်ကို ယုံကြည်စိတ်ချခြင်းက ခက်ခဲတဲ့အချိန်တွေမှာ စိတ်တည်ငြိမ်စေနိုင်တယ်။
ပညာအလိမ္မာ ၁၅:၁၅။ “ဒုက္ခရောက်နေသူအတွက် နေ့ရက်တိုင်းဟာ ဆိုးရွားလှတယ်။ စိတ်ရွှင်လန်းသူအတွက်တော့ အချိန်တိုင်းဟာ စားသောက်ပွဲ ဖြစ်နေတယ်။”
ဆိုလိုရင်း။ ကောင်းတာတွေကို အာရုံစိုက်တာက ခက်ခဲတဲ့ကာလမှာတောင် ပျော်ရွှင်ဖို့ ကူညီပေးတယ်။
ပညာအလိမ္မာ ၁၄:၁၅။ “ရိုးအတဲ့သူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။”
ဆိုလိုရင်း။ ကျန်းမာရေး သတိပေးနှိုးဆော်ချက်တွေကို လိုက်နာပါ။ မလိုပါဘူးဆိုပြီး ခပ်ပေါ့ပေါ့ မတွေးပါနဲ့။
ဟေရှာယ ၃၃:၂၄။ “ပြည်သူပြည်သားတွေက ‘နေမကောင်းဘူး’ လို့ မညည်းရတော့ဘူး။”
ဆိုလိုရင်း။ ဖျားနာမှုမှန်သမျှကို အဆုံးတိုင်စေမယ်လို့ ဘုရားသခင် ကတိပြုထားတယ်။